ခရီးသည် အလောင်းတွေ သူပုန် နယ်မြေက ထွက်လာ

လေယာဉ်ပျက်ကျတဲ့ နေရာမှာ ဆေးမှုခင်းဆိုင်ရာ အထောက်အထားတွေ ကျန်ခဲ့ဖို့ များနေ

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, လေယာဉ်ပျက်ကျတဲ့ နေရာမှာ ဆေးမှုခင်းဆိုင်ရာ အထောက်အထားတွေ ကျန်ခဲ့ဖို့ များနေ

မလေးရှား လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူ ခရီးသည်တွေရဲ့ အလောင်း တွေကို သယ်ဆောင်လာတဲ့ ရထားဟာ ယူကရိန်း သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေ ကနေ ထွက်လာပြီး အစိုးရတပ်တွေ ထိန်းချုပ်ရာ ခါကိဗ် မြို့ကို ရောက်ရှိ လာပါတယ်။

ဒီအတောအတွင်း လေယာဉ် ပျက်ကျရာ နယ်မြေတဝိုက်မှာတော့ ခွဲထွက်ရေး သူပုန်တွေနဲ့ ယူကရိန်း အစိုးရ တပ်တွေ အကြား အပစ်အခတ် ဆက်လက် ရပ်စဲထားပါတယ်။

နိုင်ငံတကာ စစ်ဆေးရေး အဖွဲ့တွေကတော့ လေယာဉ် ပျက်ကျတဲ့ နယ်မြေကို အကြွင်းမဲ့ ဝင်ရောက် စစ်ဆေးခွင့်ရဖို့ တောင်းဆိုနေပါတယ်။

တချိန်တည်းမှာ လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေကို စစ်ဆေးလို့ မရအောင် အပိုင်းပိုင်း ဖြတ်ထားတာ တွေ့ရတယ်လို့လည်း နိုင်ငံတကာ စောင့်ကြည့် လေလာရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

လေယာဉ်ရဲ့ Black box ၂ခုကိုတော့ ခွဲထွက်ရေး သူပုန်တွေက လွှဲပေးခဲ့ပေမယ့် ပစ်ချတဲ့ လက်သည် တရားခံကို သိဖို့ အတွက်တော့ ပျက်ကျရာ နယ်မြေကို ပိုက်စိပ်တိုက် ရှာဖွေဖို့ လိုနေပါတယ်။

အနောက် နိုင်ငံတွေကတော့ လေယာဉ်ကို ပစ်ချခဲ့သူဟာ ခွဲထွက်ရေး သူပုန်တွေ ဖြစ်တယ်လို့ ယူဆနိုင်တဲ့ အထောက်အထားတွေ တိုးလာနေတယ်လို့ ပြောပါတယ်။

မလေးရှား လေကြောင်းပိုင် MH17 ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူပုန်တွေရဲ့ နယ်မြေမှာ ပစ်ချခံခဲ့ရပြီး လေယာဉ်ပေါ် လိုက်ပါသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။