သတင်းသမားတွေ ရုံးတင်ခဲ့မှု အီဂျစ်သမ္မတ နောင်တရ

အယ်လ်ဂျာဇီးယား သတင်းသမား ၃ ဦးကို ကိုင်ရိုမြို့မှာ ရုံးထုတ်ခဲ့စဉ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အယ်လ်ဂျာဇီးယား သတင်းသမား ၃ ဦးကို ကိုင်ရိုမြို့မှာ ရုံးထုတ်ခဲ့စဉ်။

အီဂျစ်နိုင်ငံမှာ အယ်လ် ဂျာဇီးရား သတင်းထောက် ၃ ဦးကို ရုံးတင် စစ်ဆေးမယ့်အစား ဌာနေ ပြန်ပို့ခဲ့ဖို့ ကောင်းတယ်လို့ အီဂျစ် သမ္မတ အက်ဘ်ဒဲလ် ဖာတာ အယ်လ် ဆီဆီ Abdel Fattah al-Sisi က အီဂျစ် သတင်းစာ တစောင်ကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ထောင်ဒဏ်ချမှတ်ခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အီဂျစ်နိုင်ငံ အပေါ် ဆိုးကျိုးတွေ သက်ရောက်စေတယ်လို့ တနင်္ဂနွေနေ့တုန်းက ဒေသခံ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ အယ်လ် ဆီဆီက ပြောသွားတာပါ။

သူ့ရဲ့ ဒီလို ပြောဆိုချက်ကြောင့် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အဲဒီ အယ်လ် ဂျာဇီးရား သတင်းထောက်တွေ ပြန်လွတ်လာမလား ဆိုတဲ့ မျှော်လင့်ချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။

သူတို့ဟာ အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ခံထားရတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို အကူအညီပေးခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။

သမ္မတ အက်ဘ်ဒဲလ် အယ်လ် ဆီဆီ က သူ့အနေနဲ့ တရားရေး စီရင်မှုကို ဝင်မစွက်နိုင်ကြောင်း ပြောခဲ့ပေမယ့် အယူခံဝင်ခဲ့မယ် ဆိုရင်တော့ သတင်းထောက်တွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ဖို့ စဉ်းစားဖွယ် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။