အာဖဂန်မှာ စစ်သွေးကြွ တစ်ထောင်ကျော် တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း ဟယ်လ်မန် ပြည်နယ်မှာ စစ်ဆေးရေး စခန်း ၄ ခုကို လက်နက်တွေ အကြီးအကျယ် တပ်ဆင်ထားတဲ့ ရာနဲ့ ချီတဲ့ တာလီဘန် စစ်သွေးကြွတွေက တိုက်ခိုက်နေကြရာမှာ ၅ ရက် ရှိပြီ ဖြစ်ပါတယ်။
ဒီ တိုက်ခိုက်မှုတွေ အတွင်း စစ်သွေးကြွ တစ်ထောင်ကျော် ပါဝင် တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး စစ်သွေးကြွ ၁၀၀ သေဆုံးတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
လုံခြုံရေး အဖွဲ့ဝင် အနည်းဆုံး ၄၀ နဲ့ အရပ်သား ၃၅ ယောက် သေဆုံးခဲ့တယ်လို့လည်း သိရပြီး အာဖဂန် အစိုးရကတော့ တပ်ကူတွေ စေလွှတ်ထားတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်နဲ့ နယ်စပ်ဖြစ်တဲ့ Sangeen မှာ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နောက်ထပ် ခရိုင် ၃ ခုကိုပါ ပြန့်နှံ့သွားခဲ့ပါတယ်။
ရက်အနည်းငယ် ဆက်ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိသားစု အတော်များများ အိုးပစ် အိမ်ပစ် ထွက်ပြေးခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဟယ်လ်မန် ပြည်နယ်မှာ ပေါက်ကွဲမှု တစ်ခုအတွင်း အမေရိကန် စစ်သား ၃ ဦး ကျဆုံးခဲ့ပါသေးတယ်။




