အိန္ဒိယ လုပ်သား ၄၀ အီရတ်မှာ ပြန်ပေးဆွဲခံရ

ဓာတ်ပုံ ရင်းမြစ်, AP
အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ် မြို့မှာ အလုပ်လုပ်နေတဲ့ အိန္ဒိယ ဆောက်လုပ်ရေး အလုပ်သမား ၄၀ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
သူတို့ကို အိုက်ဇစ် ISIS ဆွန်နီ စစ်သွေးကြွတွေ ထိန်းချုပ်ရာ ဒေသကို ခေါ်သွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့ကို ဖမ်းသွားတာ ဖြစ်ပေမယ့် ဘယ်မှာ ရှိတယ် ဆိုတာတော့ အတိအကျ မသိရဘူးလို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။
ဒါ့အပြင် ငွေပေးပြီး ရွေးရမယ်လို့ သူတို့ကို အကျပ်ကိုင် တောင်းဆိုတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။
အိန္ဒိယ သူနာပြု ၅၀ နီးပါးဟာလည်း အခု ဆွန်နီ စစ်သွေးကြွတွေ သိမ်းပိုက်လိုက်ပြီ ဖြစ်တဲ့ အာဏာရှင်ဟောင်း ဆာဒမ်ဟူစိန်ရဲ့ မွေးရပ်မြေ တိကရစ် Tikrit မြို့မှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။




