ဆွန်နီ လက်နက်ကိုင် ထိုးစစ် ဘဂ္ဂဒက်ကို နီးကပ်လာ

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ကို ဝန်းရံ ပိတ်ဆို့ဖို့ ကြိုးစားလာကြတဲ့ အစ္စလာမ်မစ် သူပုန်တွေ အပါအ၀င် လက်ရှိ ရှီးယား အစိုးရ အပေါ် ဆန့်ကျင်နေကြတဲ့ တခြား ဆွန်နီ လက်နက်ကိုင်တွေကို အစိုးရ တပ်တွေက ပြန်လည် တိုက်ခိုက်နေကြပါတယ်။
မြို့တော် ဘဂ္ဂဒက်ဆီ ဦးတည်နေတဲ့ အဝေးပြေး လမ်းမကြီးပေါ် နောက်ဆုံး တည်ရှိနေတဲ့ ဘားကူဘာ မြို့ရဲ့ အစိတ်အပိုင်း တချို့ကို အိုင်းဇစ် အစ္စလာမ်မစ်တွေနဲ့ တခြား လက်နက်ကိုင်တွေက မနေ့ညတုန်းက ခေတ္တ သိမ်းယူနိုင်ခဲ့ပါသေးတယ်။
အခုတော့ အဲဒီ့ ဘာကူဘား မြို့ဟာ အစိုးရတပ်တွေရဲ့ ချူပ်ထိန်းမှုအောက် ပြန်လည် ရောက်ရှိနေပြီလို့ အီရတ် အာဏာပိုင်တွေက ပြောပါတယ်။
အီရတ်နိုင်ငံ အနောက်ပိုင်း နေရာ အတော်များများ၊ အထူးသဖြင့် ဆွန်နီ အများစုရှိတဲ့ အန်ဘာ Anbar ဒေသမှာ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီး၊ အဓိကကျတဲ့ နေရာတွေကို သူပုန်တွေက သိမ်းပိုက်ထားတယ် ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။
နိုင်ငံရဲ့ မြောက်ပိုင်းမှာတော့ မနေ့က သူပုန်တွေ သိမ်းယူခဲ့တဲ့ တယ်လ်အဖာ Tal Afar မြို့ကို အစိုးရတပ်တွေက ပြန်လည် သိမ်းယူဖို့ ကြိုးစားနေကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက အီရတ် နိုင်ငံအတွင်း ဂိုဏ်းဂန ခွဲခြားလိုတဲ့ စိတ်တွေ လျှော့ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အားလုံး ပါဝင်နိုင်တဲ့ စကားပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အဖြေရှာကြဖို့အတွက် ၀န်ကြီးချူပ် အယ်လ် မယ်လိကီ al-Maliki အပါအဝင် အီရတ် အစိုးရ ခေါင်းဆောင်တွေကို သူက တိုက်တွန်းနေပါတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။




