စစ်သွေးကြွတွေကို တိုက်ဖို့ ရှီးယားခေါင်းဆောင် ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်နေတဲ့ ဆွန်နီ ဂျီဟတ် ဝါဒီတွေကို လက်နက် စွဲကိုင် တိုက်ခိုက်ကြဖို့ ရှီးယား ဝါရင့် ဘာသာရေး ခေါင်းဆောင်ကြီးက အီရတ် နိုင်ငံသားတွေကို တိုက်တွန်းလိုက် ပါတယ်။
ရှီးယား မွတ်ဆလင်တို့ရဲ့ အထွတ်အမြတ် နေရာတွေ ရှိတဲ့ ကာဗလာ Kerbala မြို့မှာ သောကြာနေ့ ဝတ်ပြုလာကြသူတွေကို ဘာသာရေး ခေါင်းဆောင်ကြီး Ayatollah Ali al-Sistani ရဲ့ ကိုယ်စားလှယ်က ခုလို တောင်းဆိုခဲ့တာပါ။
ဒီယာလာ Diyala ပြည်နယ်မှာ ဆူနီ စစ်သွေးကြွတွေနဲ့ ရှီးယား တိုက်ခိုက်ရေး သမားတွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ညကတော့ ISIS ဂျီဟတ် အဖွဲ့နဲ့ တခြား ဆွန်နီ စစ်သွေးကြွ အဖွဲ့တို့ဟာ အဲဒီ ဒေသက မြို့ ၂ မြို့ကို သိမ်းခဲ့ပါတယ်။
တခြား ဆွန်နီ သူပုန်တွေက ရှီးယား မွတ်ဆလင် တွေရဲ့ အဓိက နေရာကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိဘူးလို့ ဆိုနေပေမယ့် ISIS အဖွဲ့ကတော့ ဘဂ္ဂဒက်ကို ကျော်ပြီး ကာဗလာမြို့ အထိ သူတို့ ဆက်လက် ချီတက် သွားလိုတယ်လို့ ပြောနေပါတယ်။




