တာလတ်ပစ် ဒုံးကျည်တွေ မြောက်ကိုရီးယား ပစ်လွှတ်

ဓာတ်ပုံ ရင်းမြစ်, Getty
မြောက်ကိုရီးယား နိုင်ငံက တာလတ်ပစ် ပဲ့ထိန်း ဒုံးလက်နက်တွေကို စမ်းသပ် ပစ်လွှတ်လိုက် ပါတယ်။
ဒီလုပ်ဆောင်မှုကို ရန်စတဲ့ လုပ်ရပ် အဖြစ် အမေရိကန် နိုင်ငံခြားရေး ဌာနက ချက်ချင်း ပြောဆို ရှုတ်ချ လိုက်ပြီး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ဘယ်လို တုံ့ပြန်သွားမယ် ဆိုတာကို သူ့ မဟာမိတ်တွေနဲ့ ညှိနှိုင်း တိုင်ပင် သွားမယ်လို့လည်း အမေရိကန်က ပြောပါတယ်။
တောင်ကိုရီးယား ဘက်ကတော့ အခု ပစ်လွှတ်လိုက်တဲ့ Rodong ဒုံးလက်နက်တွေဟာ ဂျပန်နိုင်ငံ အထိ ရောက်နိုင်တယ်လို့ ပြောပါတယ်။ ဒါဟာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီယား လက်နက် အန္တရာယ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား သမ္မတနဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ နယ်သာလန် နိုင်ငံမှာ ဆွေးနွေးခဲ့ကြအပြီး နာရီပိုင်းလောက် အကြာမှာပဲ ကီလိုမီတာ ၆၅၀ လောက် အထိ ရောက်နိုင်တဲ့ ဒီ ဒုံးလက်နက်တွေကို မြောက်ကိုရီးယား ဘက်က ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။




