ဘေဂျင်းက မြောက်ကိုရီးယားသံရုံး သတင်း ရှင်းလင်း

ဓာတ်ပုံ ရင်းမြစ်, AP
တရုတ်နိုင်ငံ ဘေဂျင်းမှာ ရှိတဲ့ မြောက် ကိုရီးယား သံရုံးက သတင်းထောက်တွေကို ဆင့်ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲမှာ ပြုံယမ်း သံအမတ်ကြီး ဂျီ ဂျေ ယောင်က ကိုရီးယား ကျွန်းစွယ်မှာ စစ်ရေးအရ ရန်စောင်မှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ ကြေညာချက်ကို ဖတ်ကြားသွားပါတယ်။
ဒါဟာ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို သံတမန် နည်းလမ်း အရ တိုက်ခိုက်လိုက်တဲ့ ပုံမျိုးဖြစ်ပါတယ်။
တောင်ကိုရီးယား ဘက်က နှစ်စဉ် ပြုလုပ်နေကျ ကြီးမားတဲ့ စစ်ရေး လေ့ကျင်မှု မစခင် သီတင်းပတ် အနည်းငယ် အလိုမှာ ပြုံယမ်းဘက်က အခုလို လုပ်ပြလိုက်တာ ဖြစ်ပါတယ်။
အခုလ အစောပိုင်းတုန်းကလည်း လန်ဒန်မှာ ရှိတဲ့ မြောက်ကိုရီးယား သံရုံးကနေ သံတမန်တွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေးသမားတွေ ဆီကို အီမေးလ် တစ်စောင်ပို့ပြီး ရာနှုန်းပြည့် စစ်ဖြစ်မယ့် အခြေအနေက ရှောင်းရှားနိုင်ဖို့ ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါသေးတယ်။
ဆိုးလ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ကတော့ မြောက်ကိုရီးယား တို့ရဲ့ ဝါဒဖြန့်ချိမှု ယန္တရားဟာ မကြာသေးခင် နှစ်တွေက စလို့ ပိုပြီးတော့ ကမ္ဘာဆန်လာနေတယ်လို့ ပြောပါတယ်။




