ထိုင်း ဘုရင် ဆေးရုံက ဆင်း

Thai King
ဓာတ်ပုံ ပုံစာ, ထိုင်း ဘုရင်ကြီးက အဆုတ်ရောဂါကြောင့် ဆေးရုံ တက်ခဲ့ရတာပါ

ထိုင်းနိုင်ငံမှာ လေးနှစ် နီးပါးကြာဆေးရုံတက် ကုသမှု ခံယူနေတဲ့ ထိုင်း ဘုရင်ကြီး ဆေးရုံက ဆင်းသွားခဲ့ပါပြီ။

သက်တော် ၈၅ နှစ် အရွယ် ဘုရင်ကြီး ဘူမိဘော အဒူယာဒက် က ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ ဟွာဟင်းပင်လယ် ကမ်းခြေက ဘုရင့် နန်းတော် ကို အသွား လမ်းတလှောက်မှာ ထောင်နဲ့ ချီတဲ့ ဆုတောင်း မေတ္တာ ပို့သ ကြသူ တွေက ဘုရင်ကြီး သွားမယ့် လမ်းတလျှောက်မှာ စောင့်ဆိုင်း နေခဲ့ကြ ပါတယ်။

ဘုရင်ကြီး Bhumibol Adulyadej ဘူမီဘော အဒူယာဒက် ဟာ အဆုတ် မှာ ပိုးဝင်တဲ့ ရောဂါကြောင့် ဆေးရုံတက်ခဲ့ရတာ ဖြစ်ပြီး ဘာကြောင့် ဒီလောက် အကြာကြီး ဆေးရုံမှာ နေခဲ့ရတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဘုရင်ကြီး နဲ့ အတူ ကြင်ယာတော် ဘုရင်မကြီး သီရိခေတ်လည်း လိုက်ပါ သွားခဲ့ ပါတယ်။

လွန်ခဲ့တဲ့ တနှစ်လောက် တုန်းက မိဖုရားကြီး သီရိခေတ်ဟာ ဦးနှောက်ထဲ သွေးလည်ပတ်မှု နည်းပါးတဲ့ ဝေဒနာ ခံစား နေရတယ်လို့ တော်ဝင် နန်းတော်က ဆရာဝန်တွေ ဆိုပါတယ်။

ဒီဝေဒနာကြောင့် ဆေးရုံတင်လိုက်ရ အပြီးမှာ မိဖုရားကြီး သီရိခေတ် ကို လူထု ရှေ့မှောက်မှာ လုံးဝ မတွေ့ရတော့ပါဘူး။

ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ အာဏာ သိပ်မရှိလှ ပေမဲ့ လူထုရဲ့ ချစ်မြတ်နိုး ကြည်ညို လေးစားမှုကို ခံရတဲ့ ထိုင်း ဘုရင်မင်းမြတ်ကြီး ဘူမိဘော အနေနဲ့ ထိုင်း နိုင်ငံရဲ့ ပြီးခဲ့တဲ့ နိုင်ငံရေး ပဋိ ပက္ခ တွေမှာ အဆုံး အဖြတ် ပေးနိုင် လောက်အောင် သြဇာ လွှမ်းမိုးမှု ရှိခဲ့ပြီး သူ့ရဲ့ ကျန်းမာရေး နဲ့ အသက်ရှည်မှု တွေနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်တာမျိုးကို နိုင်ငံတော် လုံခြုံရေး ကိစ္စ အဖြစ်တောင် သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ သက်ဦး ဆံပိုင် ဘုရင် စနစ် အကြောင်း သတင်း ပေးပို့တာတွေကို ဥပဒေ စည်းမျဉ်းနဲ့ အကြီးအကျယ် ကန့်သတ်ထားပြီး ထိုင်းဘုရင် မိသားစု အပေါ် ဝေဖန် ပြောဆိုတာမျိုးကို အဲဒီ ဥပဒေအရ ရာဇဝတ်မှုနဲ့ တရားစွဲဆို အပြစ် ပေးနိုင်ပါတယ်။