ကမ္ဘာလူငယ်များနေ့ ပုပ်ရဟန်းမင်းကြီး တရားဝင် ဖွင့်လှစ်ပေး

ဘရာဇီးမှာ အခု အတောအတွင်း ပြုလုပ်တဲ့ ပွဲတွေထဲမှာ အကြီးဆုံး အခမ်းအနား ဖြစ်တဲ့ ကမ္ဘာလူငယ်များနေ့ ကျင်းပရာ ရီယိုဒီ ဂျနဲရိုးမြို့ ကိုပါကတ်ဘားနား ကမ်းခြေကို ပုပ်ရဟန်းမင်းကြီး Francis ရောက်ရှိ လာပါတယ်။
ဖွင့်ပွဲကို ပုပ်ရဟန်းမင်းကြီးက တရားဝင် ဖွင့်လှစ်ပေးခဲ့ပြီး အဲဒီ အခမ်းအနားကို ပုပ်ရဟန်းမင်းကြီးကို ကြည်ညို လေးစားကြတဲ့ သောင်းနဲ့ချီတဲ့ လူတွေ စုရုံး ရောက်ရှိလာခဲ့ပါတယ်။
ဘရာဇီးမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လအတော်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီး အခုလို ရောက်လာတာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ မွေးရပ် အာဂျင်တီးနား နိုင်ငံကလာတဲ့ ဘုရားဖူးတွေကို လမ်းပေါ်ထွက်ပြီး နိုးကြားမှု ရှိကြောင်း ပြကြပါ မဟုတ်ရင် အသင်းတော်ဟာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း ဖြစ်သွားလိမ့်မယ်လို့ အစောပိုင်းတုန်းက ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောကြားခဲ့ပါတယ်။




