ဆီးရီးယား သတ်ဖြတ်မှု အစိုးရကို ယိုးစွပ်

ဆီးရီးယား ကမ်းရိုးတန်း ကျေးရွာ တရွာမှာ မိသားစု တစု ထဲက ၁၃ ယောက်ကို သတ်ဖြတ် ခဲ့တယ် ဆိုပြီး အစိုးရ သစ္စာခံ တပ် တွေကို လူ့အခွင့်အရေး အုပ်စု တစုက စွပ်စွဲလိုက် ပါတယ်။
ဆွန်နီ မွတ်ဆလင် အများစု နေထိုင်ရာ ဘိုင်ဒါရွာ တိုက်ခိုက်မှုမှာ အမျိုး သမီး ၄ ယောက်နဲ့ ကလေး ၆ ယောက် သေဆုံးကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ပြောဆို ပါတယ်။
သူတို့ နေအိမ်မှာတင် ပစ်သတ် ခံရတယ်၊ နောက် တချို့ကလည်း သူတို့ကို အရှင် လတ်လတ် မီးရှို့ သတ်ဖြတ်တယ် စတဲ့ သတင်း မျိုးစုံ ထွက်နေပါတယ်။
အဲဒိ ရွာနားမှာ ပစ်ခတ်မှု တွေ ဖြစ်ပွားပြီး အစိုးရ ဘက်သားတွေ သတ်ဖြတ် ခံရတယ် ဆိုတဲ့ သတင်း ထွက်လာပြီးနောက် ဒီလို သတင်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ ဆီးရီးယား မြောက်ပိုင်းက Raqqa ဒေသမှာ အယ်လ်ခိုင်ဒါ အနွယ် အုပ်စု တစုနဲ့ ကာ့ဒ် အင်အားစု တွေကြား အကျဉ်းသား လဲလှယ် ခဲ့ကြပါတယ်။
ဒေသခံ တပ်မှူး Abu Mus'ab ကို ကာ့ဒ် တွေက ပြန်လွှတ်ပေးလို့ ပြန်ပေးဆွဲ ထားတဲ့ ကာ့ဒ် အရပ်သား သုံးရာ ကျော်ကို ပြန်လွှတ် ပေးခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယား အရှေ့မြောက်ပိုင်း ဒေသတွေကို ထိန်းချုပ်ဖို့ နှစ်ဘက် ယှဉ်ပြိုင် တိုက်ခိုက် နေကြ တာလည်း ဖြစ်ပါတယ်။




