ဆီးရီးယားမှာ ရှရီယာ ဥပဒေ ကျင့်သုံးနေလား

ဘုရားသခင်ကို စော်ကားတယ်ဆိုပြီး လူငယ် တယောက် အသတ်ခံရတဲ့ ပြဿနာဟာ ဆီးရီးယား ပုန်ကန်မှု အတွင်း အစ္စလာမ် အစွန်းရောက် ဝါဒီတွေ တန်ခိုးကြီး မှာကို စိုးရိမ် နေကြပါတယ်။
သူပုန် အုပ်ချုပ်တဲ့ နေရာမှာ ရှရီယား ဘာသာရေး ဥပဒေ ဘယ်လောက် ပျံ့နေတယ် ဆိုတော့ အသက် ၁၄ နှစ်အရွယ် မိုဟာမက် ကတာဟာ အလက်ပိုမြို့မှာ ဘာသာရေးကို စော်ကားတယ် ဆိုပြီး စွပ်စွဲမှုနဲ့ အံ့သြ တုန်လှုပ်နေတဲ့ လူအုပ်ကြီး ရှေ့မှောက်မှာ ပစ်သတ် ခံရပါတယ်။
စစ်ပွဲတွေကြောင့် ကျောင်း မတက်နိုင်တဲ့ မိုဟာမက်ဟာ တွန်းလှည်းနဲ့ လမ်းတကာ လှည့်ပြီး ကော်ဖီ ရောင်းရပါတယ်။
တနေ့မှာ လူတယောက်က ကော်ဖီတခွက် အလကား တိုက်ဖို့ ပြောတော့ သူက ရယ်ရယ်မောမောနဲ့ ဘုရားသခင် ကိုယ်တိုင် လာတောင်းရင်တောင် မပေးနိုင်ဘူးလို့ ပြောမိလို့ လက်နက်ကိုင် သုံးယောက်က အတင်း ဖမ်းသွားပြီး လူမြင်ကွင်းမှာ ပစ်သတ် လိုက်ပါတယ်။
ဇွန်လ ၁ဝ ရက်က မျက်နှာကို ပစ်သတ်ခံရတဲ့ ဓာတ်ပုံတွေ ဖေ့ဘွတ်တို့ အာရပ်ကမ္ဘာက တွစ်တာတို့မှာ ပျံ့သွားပြီး အပြင်းအထန် ကန့်ကွက် နေကြပါတယ်။
သတ်ဖြတ်သူ တွေဟာ အီရတ်နဲ့ ဆီးရီးယားက အယ်လ်ကိုင်အီးဒါးနဲ့ ဆက်နေတဲ့ အုပ်စုကလို့ စွပ်စွဲ နေသလို သူပုန်ထတဲ့ အကြီးဆုံး အစ္စလာမ် အဖွဲ့ကြီး ကိုလည်း မသင်္ကာ ဖြစ်နေပါတယ်။
ဒီသတ်ဖြတ်မှုကို စွပ်စွဲခံရတဲ့ အဖွဲ့အပါအဝင် အလက်ပိုက သူပုန် တပ်ဖွဲ့တွေကို မြို့တွင်းက ရှရီးယားရုံးက ကန့်ကွက် ထားပါတယ်။
အလက်ပို ရှရီးယား ခုံရုံးကတော့ အစ္စလာမ် ဘာသာ နာမည်ခံပြီး မိုဟာမက်ကို သတ်တာဟာ ဘာသာရေးနဲ့ မဆိုင်ဘဲ ရာဇဝတ်မှုလို့ ကြေညာပါတယ်။
သတ်သူတွေရဲ့ ရည်ရွယ်ချက်ဟာ လက်ရှိအစိုးရက သူပုန်တွေ သိက္ခာကျအောင် လှည့်စားတဲ့ ရည်ရွယ်ချက်လား၊ ဒါမှမဟုတ် ဂျီဟတ် ဘာသာရေး စစ်ပွဲ တိုက်နေသူ တွေရဲ့ အစွန်းရောက် လုပ်ရပ်လား ဆိုတာ မသိနိုင် ပါဘူး။
ဒါပေမယ့် သူပုန် ထိန်းချုပ်ထားတဲ့ နယ်အတော်များများမှာ ရှရီးယား ဥပဒေ ကတော့ ပျံ့နှံ့နေတာ သေချာ ပါတယ်။
ရှရီယာ ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေး တာကို ကျေးလက်နေ ရှေးရိုးစွဲနဲ့ ဘာသာရေး အဖွဲ့တွေက ထောက်ခံ ပေမယ့် သူပုန် ကြီးစိုးတဲ့ ဆီးရီးယား မြောက်ပိုင်းမှာ အစ္စလာမ် ဝါဒီတွေ ကြီးထွား လာမှာကို မကြိုက်ကြ ပါဘူး။
မကြာမီက လမ်းပေါ် ဆန္ဒပြမှု တချို့ ဖြစ်ခဲ့ပါတယ်။ အစ္စလာမ် ဝါဒီတွေ ကြား မှာလည်း အယ်လ်ကိုင်အီးဒါးနဲ့ ပေါင်းမယ်၊ မပေါင်းဘူး ဆိုတဲ့ ပြဿနာ ကြောင့် အကွဲအပြဲတွေ ရှိပါတယ်။
သူပုန်ဘက်က တိုက်နေသူ တွေဟာ မွတ်စလင် အများစု ဖြစ်ပေမယ့် ဘာသာရေး အရ အုပ်ချုပ်မယ့် နိုင်ငံကိုတော့ အများက မလိုလား ပါဘူး။
အစိုးရ တပ်ဖွဲ့တွေက အတိုက်အခံတွေ သိမ်းထားတဲ့ မြို့တွေကို သိမ်းနိုင်ပေမယ့် သူပုန်ကြားမှာလည်း အမာခံ ဂျီဟတ်တွေနဲ့ ဘာသာရေး သိပ်မဆန်တဲ့ အဖွဲ့တွေ ကြားမှာလည်း တိုက်ခိုက် နေကြပါတယ်။








