ဆီးရီးယား သူပုန် မကူဖို့ ရုရှ သတိပေး

ဆီးရီးယား သူပုန် တွေဟာ ဥရောပ နိုင်ငံတွေ လိုလားတဲ့ လူမှု တန်ဖိုးတွေနဲ့ ဆန့်ကျင် နေတယ် ဆိုပြီး သူတို့ကို လက်နက် ကူမယ့် ကိစ္စကို ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ပြင်းပြင်း ထန်ထန် သတိပေး လိုက်ပါတယ်။
သူပုန် တပ်သား တယောက် ရန်သူ အလောင်းကောင် ဆီက အသည်းကို ယူစားတဲ့ ရုပ်ရှင်ကား အကြောင်း ကိုလဲ လန်ဒန်မှာ မစ္စတာ ပူတင်က အလေးပေး ပြော ကြား ပါတယ်။
ဆီးရီးယား အစိုးရဆီ လက်နက် ရောင်းတဲ့ ရုရှ အစိုးရရဲ့ ဆုံးဖြတ်ချက် ကိုတော့ တရား ဥပဒေနဲ့ အညီ ဖြစ်ကြောင်း မစ္စတာ ပူတင်က ကာကွယ် ပြောကြား ခဲ့ပြီး သူပုန်ဆီ လက်နက်ပေး ချင်ရင် စည်းကမ်း လိုက်နာ ရမယ် လို့လဲ ဆိုပါတယ်။
ဆီးရီးယားမှာ ဒီမိုကရေစီ ထွန်းကား စေလိုတဲ့ အတိုက်အခံ တွေနဲ့ ဗြိတိန်က ဆက်လက် ပူးပေါင်း သွားမှာ ဖြစ်ပေမယ့် လက်နက် ကူဖို့ ကိစ္စ ကိုတော့ မဆုံးဖြတ် ရသေးဘူးလို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြား ခဲ့ပါတယ်။
ဒမတ် စကပ် မြို့တော် အနောက်ဘက်က အရေးပါတဲ့ စစ်လေဆိပ် တခုနား မှာလဲ ပေါက်ကွဲမှုကြီး တခု ဖြစ်ပွား ခဲ့ပါတယ်။
ဆီးရီးယား အစိုးရ ရုပ်သံ ကတော့ အကြမ်းဖက် တိုက်ခိုက်မှုလို့ ဖော်ပြ ပါတယ်။
လေဆိပ် နားက စစ်ဆေးရေး ဂိတ် တခုမှာ ကားဗုံး ပေါက်တာ ဖြစ်တယ်လို့ အတိုက် အခံ အဖွဲ့ တွေက ပြောကြား ပါတယ်။
မီး အကြီးအကျယ် လောင်ကျွမ်း နေပြီး သူနာပြု ယာဉ်တွေ ရောက်လာတဲ့ ဗီဒီယို တွေလဲ အင်တာနက်မှာ တက်လာ ပါတယ်။
Mezzeh လေဆိပ်ဟာ ဆီးရီးယား အစိုးရ တပ်တွေရဲ့ အဓိက စစ်ပစ္စည်း ဖြန့်ဖြူးရာ ဌာနကြီး တခု ဖြစ်ပြီး ဒမတ်စကပ် မြို့လယ်နဲ့ သူပုန် အောက်က ဆင်ခြေဖုံး ဒေသ တွေ အကြားမှာ အရေးကြီးတဲ့ ကြားခံ နယ်မြေ ဖြစ်ပါတယ်။








