ထရမ့်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို နိုင်ငံတော်ရန်သူလို့ ပြော

ထရမ့်က ပြောကြားရာမှာ မစ္စတာ ဘိုင်ဒန်ဟာ အာဏာအလွဲသုံးစားလုပ်ပြီး FBI ကို လက်နက်အဖြစ် အသုံးချနေတယ်လို့ လည်း စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ထရမ့်က ပြောကြားရာမှာ မစ္စတာ ဘိုင်ဒန်ဟာ အာဏာအလွဲသုံးစားလုပ်ပြီး FBI ကို လက်နက်အဖြစ် အသုံးချနေတယ်လို့ လည်း စွပ်စွဲ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံတော်ရဲ့ ရန်သူ ဖြစ်တယ်လို့ သူ့ ရဲ့ လူထုစုဝေးပွဲ တခုမှာ ပြောကြားလိုက်ပါတယ်။

ဗီဒီယို ပုံစာ, ဒေါ်နယ်ထရမ့် နေအိမ်ကို အက်ဖ်ဘီအိုင် ဝင်ရောက်ရှာဖွေ

အမေရိကန် စုံစမ်းစစ်ဆေးရေး FBI က ဒေါ်နယ်ထရမ့်ရဲ့ ဖလော်ရီဒါမြို့က နေအိမ်ကို အရေးကြီး စာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ ရှာဖွေမှုတခု ပြုလုပ်ပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး ပြုလုပ်တဲ့ လူထုစုဝေးပွဲမှာ အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ လူထုစုဝေးပွဲမှာ ထရမ့်က ပြောကြားရာမှာ မစ္စတာ ဘိုင်ဒန်ဟာ အာဏာအလွဲသုံးစားလုပ်ပြီး FBI ကို လက်နက်အဖြစ် အသုံးချနေတယ်လို့ လည်း စွပ်စွဲခဲ့ပါတယ်။

သူဟာ ရီပတ်ဘလစ်ကန် အမတ်လောင်း နှစ်ဦးအတွက် မဲဆွယ်ပေးဖို့ အဲဒီပြည်နယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

FBI ဟာ ထရမ့် သမ္မတဖြစ်စဉ်က အရေးကြီး လျှို့ ဝှက် စာရွက်စာတမ်းတွေ ထိန်းသိမ်းမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတာဖြစ်ပြီး ထရမ့်ရဲ့ ရုံးခန်းကနေ ထိပ်တန်း လျှို့ ဝှက် စာရွက်စာတမ်းတွေ ပြန်လည် ရယူနိုင်ခဲ့တယ်လို့ FBI က ဆိုပါတယ်။

ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ ထရမ့်ကို ထောက်ခံသူ အများအပြား ရှိနေသေး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ ထရမ့်ကို ထောက်ခံသူ အများအပြား ရှိနေသေး

ထရမ့်ရဲ့ လူထုစုဝေးပွဲ တက်ရောက်မှုက ဘယ်လို အရေးပါသလဲ

ထရမ့်ဟာ သူ့ကိုယ်သူ အပယ်ခံတွေရဲ့ ကိုယ်စားလှယ်အဖြစ် နိုင်ငံရေးမှာ ပုံဖော်သူ တဦးပီပီ FBI က စုံးစမ်းစစ်ဆေးခံရမှုကို သူ့ ကို ထောက်ခံသူတွေရဲ့ နိုင်ငံရေး မကျေနပ်မှုတွေနဲ့ ရောနှော ပြောဆို အသုံးချခဲ့ပါတယ်။

ပန်ဆယ်ဗေးနီးယားပြည်နယ်ဟာ လက်ရှိသမ္မတ ဘိုင်ဒန် အနိုင်ရခဲ့တဲ့ ပြည်နယ်ဖြစ်ပေမယ့် ထရမ့်ကို ထောက်ခံသူ အများအပြား ရှိနေသေးတာကို ဒီ လူထုစုဝေးပွဲမှာ တွေ့ မြင်ခဲ့ရပါတယ်။

ထရမ့်ဟာ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ အရွေးခံမထားပေမယ့် အမတ်လောင်းတွေကိုတော့ သူ့ စိတ်ကြိုက်ရွေးချယ်ထားပြီး ဒီကိုယ်စားလှယ်တွေ အောင်မြင်တယ်ဆိုရင် သူ့ အပေါ် ထောက်ခံမှု ဘယ်လောက်ရှိသေးသလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

ထရမ့်က အခုလို နည်းဗျူဟာအပေါ် အခြေခံပြီး ချဉ်းကပ်နေတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်ဟာ ဒီမိုကရက်တွေကလည်း သူတို့ အနိုင်ရရေး အရေးပါတယ်လို့ သတ်မှတ်တဲ့ ပြည်နယ် ဖြစ်ပြီး မစ္စတာ ဘိုင်ဒန်ကိုယ်တိုင် ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က သွားရောက် မိန့် ခွန်း ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဒေါ်နယ် ထရမ့်ကို မဲပေးထောက်ခံခဲ့သူ ၇၄ သန်းကျော်ရှိနေ