အမေရိကန် သမ္မတဟောင်း ထရမ့်အိမ်ကို အက်ဖ်ဘီအိုင် စီးနင်းမှု

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန် ဖလော်ရီဒါက အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အိမ်ကို အမေရိကန် စုံစမ်းစစ်ဆေးရေး -အက်ဖ်ဘီအိုင်က ဝင်ရောက်စီးနင်းပြီး မီးခံသေတ္တာကိုပါ ဖွင့်စစ်ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။
ပန်းဘိချ် မာရာလာဂိုက သူ့အိမ်ကို အက်ဖ်ဘီအိုင်အဖွဲ့က အုပ်စုလိုက်ကြီး ဝင်ရောက်စီးနင်း ခဲ့တဲ့ အကြောင်း ကြေညာချက်ထုတ်ပြန်ပြီး ထရမ့်က ပြောထားပါတယ်။
တနင်္လာနေ့ကလုပ်ခဲ့တဲ့ ထရမ့်အိမ်ဝင်ရောက်စီးနင်းဟာ သူ သမ္မတဖြစ်တုန်းက အသုံးပြုခဲ့တဲ့ စာရွက်စာတမ်းတွေ နဲ့ ပတ်သက်ပြီး ဆက်စပ်နေတယ်လို့ သတင်းရရှိပါတယ်။
"ဒါတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် အမှောင်ကျချိန်တွေပဲ "လို့ သမ္မတ ထရမ့်က သူ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး "အရင်က အမေရိကန်ရဲ့ သမ္မတတစ်ယောက်ကို ဒီလိုလုပ်တာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး" လို့လည်း သူက ပြောပါတယ်။
ထရမ့်အိမ် စီးနင်း ရှာဖွေ နဲ့ပတ်သက်ပြီး အက်ဖ်ဘီအိုင်ရဲ့ စုံစမ်းရေးဌာနဗျူရိုကရော တရားရေးဌာနကပါ တစုံတရာ မှတ်ချက်ပေးတာတော့ မရှိသေးပါဘူး။
ထရမ့်အိမ်ကို ရှာခွင့် ခွင့်ပြုမိန့် ဝရမ်းကို ဒေသစံတော်ချိန် ၁၀ နာရီမတိုင်ခင်က ထုတ်ခဲ့ပြီး အချိန်ကပ်ပြီးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဒီကိစ္စကို သိခဲ့ကြောင်း၊ ထရမ့်ကို ကာကွယ်ပေးနေတဲ့ လုံခြုံရေးအဖွဲ့က အက်ဖ်ဘီအိုင်အဖွဲ့ စုံံစမ်းစစ်ဆေးရေးသမားတွေကို ကူညီပေးခဲ့ကြောင်း အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ဘီဘီစီရဲ့ အမေရိကန် မိတ်ဘက် သတင်းဌာန CBS News ကို ပြောကြားခဲ့ပါတယ်။
စီးနင်းရှာဖွေမှုမှာ ထရမ့်အိမ်က သေတ္တာအများအပြားကို အက်ဖ်ဘီအိုင်က သိမ်းဆည်း ယူဆောင် သွားပေမဲ့ တံခါးတွေ ဖျက်ဝင်တာတော့မရှိဘဲ စီးနင်းရှာဖွေမှုက မွန်းလွဲပိုင်းမှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ထရမ့်အိမ်လိုမျိုးကို စီးနင်းတဲ့ နိုင်ငံအစိုးရအဆင့် ရှာဖွေမှုဝရမ်းကို တရားသူကြီးတစ်ဦးဦးက လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ဒီဝရမ်းက ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်ဖို့ ရည်ရွယ်နဲ့ လုပ်တာမဟုတ်ဘူးလို့ ယူဆရပေမဲ့ စုံစမ်းရေးအဖွဲ့တွေအနေနဲ့ တရားမဝင် ဥပဒေချိုး ဖောက်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေ အထောက်အထားတွေကို ပထမဆုံးအနေနဲ့ ရှာဖွေပြသရမှာ ဖြစ်ပါတယ်။
အမေရိကန်သမိုင်းမှာ ဒီလိုရှာဖွေဝရမ်းမျိုး တစ်ခါမှ ထုတ်ပေးခဲ့တာမရှိဘူးလို့ ပန်းဘိချ်ဒေသရဲ့ ပြည်နယ်ရှေ့နေ ဒေ့အာရွန်ဘာ့ဂ်က ဘီဘီစီကို ပြောခဲ့ပြီး ဒီကိစ္စက "အရေးကြီးတဲ့ကိစ္စ" လို့ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတတွေအနေနဲ့ သမ္မတမှတ်တမ်းများအက်ဥပဒေ (PRA)အရ သူတို့ရဲ့ စာတွေ၊ အလုပ်က စာရွက်စာတမ်းတွေနဲ့ အီးမေးလ်တွေ အားလုံးကို အစိုးရ မော်ကွန်းတိုက်တွေကို လွှဲပြောင်းပေးဖို့ လိုအပ်ပါတယ်။
အရေးကြီးတဲ့ ကန့်သတ် စာရွက်စာတမ်းတွေ အသုံးပြုကိုင်တွယ်တာနဲ့ ပတ်သက်ပြီးတော့လည်း အခြား ပြည်ထောင်စုဥပဒေတွေလည်း ရှိပါတယ်။
ထရမ့် အိမ်ဖြူတော်က ထွက်သွားတဲ့ အချိန်ကတည်းက လွှဲပြောင်း ပေးရမယ့် စာရွက်စာတမ်းတွေထည့်ထားတဲ့ သေတ္တာ ၁၅ လုံး ကိုလည်း ဖေဖော်ဝါရီလတုန်းက ပြန်လည်ရယူခဲ့ရတယ်လို့ အမျိုးသားမော်ကွန်းတိုက်က ပြောပါတယ်။
နောက်ပိုင်းမှာ အေဂျင်စီက ကွန်ဂရက်လွှတ်တော်ကို ပြောခဲ့တဲ့အခါ အဲဒီ သေတ္တာတွေထဲမှာ "အမျိုးသားလုံခြုံရေးဆိုင်ရာ အချက်အလက်အဖြစ် ခွဲခြား သတ်မှတ်ထားတဲ့ မှတ်တမ်းတွေ " ပါဝင်တယ်လို့ ဆိုပါတယ်။
မစ္စတာ ထရမ့်ရဲ့ ရှေ့နေ ခရီးတီးနားဘော့က ရှာဖွေစီးနင်းမှုအတွင်း စာရွက်တချို့ သိမ်းဆည်းခံခဲ့ရတယ်လို့ NBC သတင်းဌာနကို ပြောပါတယ်။
၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီသမ္မတလောင်း ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ထရမ့် တယောက် သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အချိန်မှာ ထရမ့်အပေါ် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆန်းစစ်မှုတွေက သိသိသာသာ တိုးလာတာ ဖြစ်ပါတယ်။
ရှာဖွေမှုသတင်းကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံသူအချို့ကို လှုံ့ဆော်လိုက်သလို ဖြစ်ပြီး ဒေါ်နယ်ထရမ့် ကို ထောက်ခံသူတွေတွေ မာရာလာဂို အပြင်ဘက်မှာ စုရုံး၊ အလံတွေဝှေ့ယမ်းပြီး သူတို့ရဲ့မကျေနပ်မှုကို ပြသကြပါတယ်။
အောက်လွှတ်တော် ရီပတ်ဘလီကန် လူနည်းစု ခေါင်းဆောင် ကီဗင်မကာသီက "ကျွန်တော့် အနေနဲ့ တော့ တော်လောက်ပြီလို့ မြင်ပါတယ်။ ဒါတွေကို တရားရေးဌာနဟာ နိုင်ငံရေးလက်နက်လုပ် သုံးနေတာတွေက သည်းမခံနိုင်တဲ့ အခြေအနေကို ရောက်လာပြီ" လို့ ပြောပါတယ်။
အလားတူ ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မာကိုရူဘီယိုကလည်း "နိုင်ငံရေး ပြိုင်ဘက်တွေကို ဖိနှိပ်ဖို့ အစိုးရအာဏာ အသုံးပြုတာဟာ တတိယကမ္ဘာက မာ့က်စ်ဝါဒီ အာဏာရှင်တွေဆီမှာ အကြိမ်များစွာ မြင်တွေ့ခဲ့ရတဲ့ အရာတစ်ခုဖြစ်တယ်လို့ " တွစ်တာကနေ ပြောပါတယ်။
မစ္စတာ ထရမ့်ကတော့ သူ့အနေနဲ့ သက်ဆိုင်ရာ အစိုးရ အေဂျင်စီတွေ အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာကြောင့် သူ့အိမ်ကို အခုလို အသိမပေးဘဲ ဝင်ရောက်စီးနင်း တာဟာ မလုပ်သင့်တဲ့ကိစ္စ၊ မသင့်တော်တဲ့ ကိစ္စလို့ ပြောပါတယ်။
သူ့ကို အိမ်ဖြူတော်ကို ထပ်မရောက်လာအောင် တားဆီးဖို့ "တရားစီရင်ရေးမဏ္ဍိုင်ကို အလွဲသုံးတာလို့ " ပြောပါတယ်။
"ဒီလို အနိုင်ကျင့် စီးနင်းမှုမျိုးတွေက ပြိုပျက်နေတဲ့ တတိယကမ္ဘာနိုင်ငံတွေမှာသာ ဖြစ်ပွားနိုင်တာပါ။ ဝမ်းနည်းစရာကောင်းတာက အခု အမေရိကန်ဟာ အရင်က မမြင်ဖူးတဲ့ အကျင့်ပျက်ခြစားတဲ့ နိုင်ငံတွေထဲက နိုင်ငံတစ်ခု ဖြစ်လာနေပါတယ်" လို့ ပြောပါတယ်။
သူတို့ ကျွန်တော့် မီးခံသေတ္တာကိုတောင် ဖွင့်ခဲ့ကြတာ "လို့ ထရမ့်က ပြောပါတယ်။
သူ့အိမ်စီးနင်းခံရတဲ့အချိန်တုန်းက ဒေါ်နယ်ထရမ့်က နယူးယောက်မြို့က ထရမ့်တာဝါမှာ ရောက်နေပါတယ်။
မာရာလာဂိုက ထရမ့်အိမ်ရှာဖွေခံရမှုဟာ အမျိုးသားမော်ကွန်းတိုက်မှတ်တမ်းများကို ကိုင်တွယ် မှုနှင့်ပတ်သက်ပြီး ဆက်စပ်နေတယ်လို့ ထရမ့်ရဲ့ ဒုတိယအကြီးဆုံးသား အဲရစ် ထရမ့်က Fox News ကို ပြောပါတယ်။
သမ္မတဟောင်း ထရမ့်က စာရွက်စာတမ်းအများအပြားကို တရားမဝင် ဖျက်ဆီးပစ်ခဲ့ကြောင်း အမျိုးသားမော်ကွန်းတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။ စာရွက်စာတမ်း တချို့ကို တိပ်တွေနဲ့ ပြန်တွဲထားရတယ်လို့ သူတို့က ပြောပါတယ်။
အစိုးရရဲ့မှတ်တမ်း မှတ်ရာတွေကို သူက သေချာမကိုင်တွယ်ဘူးဆိုတဲ့ သတင်းတွေက သတင်းအတုတွေဖြစ်တယ်လို့ ပြောပြီး အဲ့ဒီအချိန်တုန်းက ထရမ့်က ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပန်းဘိချ်က ထရမ့်ရဲ့ အကြီးတန်း အကြံပေးကလည်း အက်ဖ်ဘီအိုင်က ထပ်လာရှာတဲ့ကိစ္စဟာ သမ္မတမှတ်တမ်းတွေနဲ့ဆိုင်တယ်လို့ CBS သတင်းဌာနကို ပြောပါတယ်။
"ဒါက PRA ကိစ္စပါ " လို့ ထရမ့်ဘက်က အမည်မဖော်တဲ့ သတင်း အရင်းမြစ်က လည်းပြောပါတယ်။
"PRA ကြောင့် စီးနင်းရှာဖွေခံရတာ ဘယ်တုန်းက ကြားဖူးလဲ။ သူတို့ [အက်ဖ်ဘီအိုင်] က ခုနကပဲထွက်သွားပြီ၊ သူတို့ သိပ်များများ မရသွားပါဘူး" လို့ အထက်ပါ ထရမ့်ဘက်က သတင်းအရင်းအမြစ်က ထပ်ဖြည့်ပြောပါတယ်။
မကြာခင်မှာ ထုတ်ဝေတော့မယ့် နယူးယောက်တိုင်း ဂျာနယ်လစ် မက်ဂ္ဂီဟာဘာမန်းရေးတဲ့ Confidence Man ဆိုတဲ့ စာအုပ်ထဲမှာ အိမ်ဖြူတော်က ဝန်ထမ်းတွေဟာ တစ်ခါတစ်ရံ အိမ်သာတစ်ခုထဲမှာ စက္ကူတွေပိတ်ဆို့နေတာကို တွေ့ခဲ့ရပြီး၊ အဲ့ဒီစက္ကူတွေ အိမ်သာထဲဆွဲချတဲ့ သူက သမ္မတထရမ့်လို့ ယုံကြည်ကြကြောင်း ဖော်ပြထားပါတယ်။
မစ္စ ဟာဘာမန်က လည်း အိမ်ဖြူတော် အိမ်သာထဲက စက္ကူတွေဆိုပြီး ဓာတ်ပုံတွေ တင်ထား တာကိုတွေ့ရပါတယ်။
ထရမ့်အိမ်ကို အက်ဖ်ဘီအိုင်က စီးရင်းရှာဖွေမှုနဲ့ပတ်သက်ပြီး သူတို့ဆီကို ဘာမှ ဆက်သွယ် သတိပေးတာတွေမရှိကြောင်း အိမ်ဖြူတော် အကြီးတန်းအရာရှိတစ်ဦးက CBS ကို ပြောခဲ့ပါတယ်။
နိုင်ငံရေးအရ ဖိအားပေးတာ သို့မဟုတ် မလျော်ကန်တဲ့ ကိစ္စတွေ ရှောင်ရှားဖို့ ထိပ်တန်း တရားရေးဌာန အရာရှိတွေနဲ့ ထိတွေ့ဆက်ဆံတာကို ကန့်သတ်ထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
မစ္စတာဘိုင်ဒင်က အိမ်ဖြူတော် မဲဆွယ်ပွဲအတွင်းမှာလည်း တရားရေးဌာနနဲ့ ပတ်သက် တဲ့ကိစ္စတွေကို ဝင်မပါဘဲနေမယ်လို့ ကတိပြုခဲ့တာ ရှိပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတ ဘိုင်ဒန်နဲ့ သူ့ မိသားစုက သူတို့ရဲ့သား ဟွန်တာဘိုင်ဒင်ကို အခွန်ရှောင်မှု၊ သို့မဟုတ် အခြားဖက်ဒရယ်တရားစွဲဆိုမှုတွေနဲ့ စွဲချက်တင် မတင်ကို စောင့်ကြည့်နေ ကြပါတယ်။

ကြီးမားတဲ့ လုပ်ဆောင်ချက် တစ်ခု
လော့စ်အိန်ဂျလိစ် အခြေစိုက် ဘီဘီစီသတင်းထောက် ပီတာဘော်ဝက်စ်ရဲ့ သုံးသပ်ချက်
ရွေးကောက်ပွဲကျင်းပခါနီးအချိန်မှာ နိုင်ငံရေးအရ ထိလွယ်ရှလွယ်ဖြစ်တယ်လို့ ယူဆရတဲ့အတွက် တရားရေးဌာနက ရှာဖွေစီးနင်းမှုကို အချိန်ဆွဲထားခဲ့တာလားလို့ တွေးစရာတစ်ခု ရှိပါတယ်။
လာမယ့်ကွန်ဂရက်ရွေးကောက်ပွဲကျင်းပဖို့ သုံးလတိတိလိုသေးတဲ့ အချိန်ဟာ အမေရိကန် နိုင်ငံရေးမှာ အကဲဆတ်ဆုံး အချိန်ဖြစ်ပါတယ်။
"ဒီစီးနင်းမှု" ရဲ့နောက်ကွယ်က ရည်ရွယ်ချက်တစ်ခုလုံးက နိုင်ငံရေးရည်ရွယ်ချက် ဖြစ်ပြီး ၂၀၂၄ခုနှစ်မှာ အိမ်ဖြူတော်ကို သူ ထပ်မရောက်လာအောင် လုပ်တဲ့ လှုပ်ရှားမှု တစ်ခုလို့ လည်း ထရမ့်က သေချာပေါက် ယုံကြည်ထားပါတယ်။
ဒီကိစ္စမှာ ကျွန်တော်တို့ မသိတာတွေ အများကြီးရှိပေမယ့် မစ္စတာထရမ့် ကို ထောက်ခံ သူတွေကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒေါသတကြီး ကန့် ကွက်ရှုတ်ချနေကြပါတယ်။
သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ လိုအပ်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ သူလုပ်နေပါတယ်လို့ ထရမ့်က ပြောနေတဲ့ အချိန်မှာ ထရမ့်အိမ်ကို ဝင်ရောက်ရှာဖွေဖို့ ဝရမ်းထုတ် ပေးခဲ့တာနဲ့ပတ် သက်ပြီး ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်စရာ ဖြစ်နေပေမယ့် ဒါဟာ တရားရေးဌာနရဲ့ ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုလို့ ပြောနိုင်ပါတယ်။

ဒေါ်နယ်ထရမ့်ရင်ဆိုင်နေရတဲ့ အခြားအမှုများ
- ၂၀၂၁ ခုနှစ် ဇန်န၀ါရီလ ၆ ရက် က အမေရိကန် လွှတ်တော် အဆောက်အအုံကို လူတွေက ဝင်စီးတဲ့ အဓိကရုဏ်းနှင့်ပတ်သက်ပြီး ထရမ့်ရဲ့ လုပ်ရပ်ကို အောက် လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီက စုံစမ်းစစ်ဆေးနေပါတယ်။
- အမေရိကန် တရားရေးဌာနကလည်း ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး ယခင်သမ္မတဟောင်း ထရမ့်ရဲ့ စွပ်စွဲမှုတွေကို စစ်ဆေး နေပါတယ်။
- ဂျော်ဂျီယာ၊ ဖူလ်တန် စီရင်စုနယ်မြေက အစိုးရရှေ့နေတစ်ဦးက ထရမ့်နဲ့ သူ့အ ပေါင်းအပါတွေ ပြည်နယ်ရွေးကောက်ပွဲရလဒ်တွေမှာ ဝင်စွက်ဖို့ ကြိုးစားခဲ့တာရှိမရှိ စုံစမ်းစစ်ဆေးနေပါတယ်။
- အဲ့ဒါတွေ အပြင်၊ မစ္စတာ ထရမ့် ဟာ လိမ်လည်မှုစွပ်စွဲချက်တွေ ၊သူ့ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးတွေ မြင့်တက်လာတာနဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအထိ အပါအဝင် နောက်ထပ်တရားစွဲဆိုမှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ထရမ့်ကတော့ အဲ့ဒါတွေအားလုံး ကျူးလွန်ခဲ့တာမရှိဘူးလို့ ငြင်းနေပါတယ်။










