ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်စစ်အင်အားကို ဥရောပတလွှားမှာတိုးချဲ့မယ်
ဥရောပမှာ အမေရိကန်ကစစ်စခန်းတွေ ပိုပြီးဖြန့်ကျဲချထားတော့မယ်။ ဒါဟာ ယူကရိန်းကိုရုရှားကျူးကျော်မှုနောက်ပိုင်းမှာ နေတိုးအဖွဲ့အတွင်း ပြောင်းလဲလာတဲ့သဘောထားနဲ့အညီ ဆောင်ရွက်တာလို့ ဆိုပါတယ်။
ပိုလန်မှာအမြဲတမ်းစစ်အခြေစိုက်စခန်းတွေထားမယ်။ စပိန်မှာ အမေရိကန်စစ်သင်္ဘောကြီးတွေထားမယ်။ ဗြိတိန်မှာတော့ ဂျက်တိုက်လေယာဉ်တွေထားပြီး ရိုမေးနီးယားမှာ မြေပြင်တပ်တွေ ချထားမယ်။
နေတိုးဟာ အခုလောက်တခါမှ စစ်အင်အားတိုးချဲ့ဖို့ လိုအပ်တာမျိုး မဖြစ်ဖူးဘူးလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဆိုပါတယ်။
နေတိုးဟာ စစ်အေးခေတ်နောက်ပိုင်းမှာ အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှုကို လုပ်နေတယ်လို့ နေတိုးအကြီးအကဲ ယန်းစတော့တင်ဘာ့က ဆိုပါတယ်။
အခုအခြေအနေမှာ နေတိုးရဲ့တပ်လှန့်အင်အားက ၄ ထောင်ပဲရှိရာကနေ နောက်နှစ်ဆိုရင် အဆင်မြင့်အသင့်ပြင်ထားမဲ့ တပ်လှန့်အင်အားဟာ ၃ သိန်းအထိ တိုးမြှင့်ထားရှိတော့မှာ ဖြစ်ပါတယ်။
နေတိုးဟာ အရပ်မျက်နှာအားလုံးကို တိုးချဲ့သွားမယ်။ ကြည်း၊ ရေ၊လေ ဘက်ပေါင်းစုံက တိုးချဲ့သွားမယ်လို့ မစ္စတာဘိုင်ဒင်က စပိန်မှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ ပြောဆိုပါတယ်။
နေတိုးရဲ့စုပေါင်းခုခံအားကို စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ်၊ မြေပြင်စစ်သား အဆင်သင့်ထားရှိမှု စတာတွေ အသုံးပြုပြီး သိသိသာသာ အင်အားတိုးချဲ့လိုက်တာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဆိုပါတယ်။ ဒါပေမဲ့ စစ်ရေးအချက်အလက်တွေဟာ အကဲဆတ်တဲ့ လျှို့ဝှက်အကြောင်းအရာတွေဖြစ်တာမို့ အသေးစိတ်တော့ ထုတ်ဖော်မပြောနိုင်ဘူးလို့ ဆိုပါတယ်။
ဥရောပတိုက်မှာ စစ်ရေးအင်အားတိုးမြှင့်ချထားမယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာပေမဲ့ တကယ်တော့ အရှေ့ဥရောပမှာဇောင်းပေးတိုးချဲ့လိုက်တာပါ။ ပိုလန်မှာအမြဲတမ်း စစ်အခြေစိုက်စခန်းသစ် ချထားမှာဖြစ်သလို ဘောလ်တစ်ဒေသမှာ အချိုးညီစစ်ရေးတိုးချဲ့သွားမှာက အဓိက ဖြစ်ပါတယ်။
နေတိုးမဟာမိတ်အဖွဲ့ဟာ သူ့နယ်မြေကို တလက်မမကျန် ကာကွယ်ရမယ်လို့လည်း မစ္စတာဘိုင်ဒင်က ဆိုပါတယ်။ နေတိုးအဖွဲ့ဝင်တနိုင်ငံကိုတိုက်ခိုက်တာဟာ နေတိုးနိုင်ငံအားလုံးကို တိုက်တာနဲ့ အတူတူပဲလို့ သူက ဆိုပါတယ်။
အခုတိုးချဲ့လိုက်တဲ့အင်အားတွေထဲမှာ
•တိုက်လေယာဉ်တွေ ခြေကုတ်ယူပျံသန်းနိုင်၊ လောင်စာဆီဖြည့်နိုင်တဲ့ ရေတပ်စစ်သင်္ဘောကြီးတွေကို စပိန်မှာ ၄ စင်းကနေ ၆ စင်းအထိ မြှင့်တင်ချထားပါမယ်။
•ရိုမေးနီးယားမှာ အလှည့်ကျစစ်သား ၃ ထောင်နဲ့ အမြဲတမ်း စစ်သား ၂ ထောင်ချထားပါမယ်။
•F35 ဂျက်လေယာဥ်တွေပါဝင်တဲ့ လေတပ်စခန်းနှစ်ခုကို ဗြိတိန်မှာ တိုးမြှင့်တည်ဆောက်မယ်။
•ဂျာမနီနဲ့ အီတလီတို့မှာ နောက်ထပ်လေကြောင်းကာကွယ်ရေးစနစ်နဲ့ တခြားစစ်ရေးစွမ်းဆောင်ရည်တွေ တိုးမြှင့်သွားပါမယ်။
ဗြိတိန်ကလည်း အက်စ်တိုးနီးယားမှာ သူ့အင်အားကို ၂ ဆနီးပါးတိုးမြှင့်ပြီး တပ်အင်အား ၁၆၀၀ ချထားလိုက်ပါတယ်။
အရင်က ကြားနေရပ်တည်ခဲ့တဲ့ ဖင်လန်နဲ့ဆွီဒင်ကို အခုအခါ နေတိုးအဖွဲ့ဝင်အဖြစ်လက်ခံဖို့ကိုလည်း အခု နေတိုးထိပ်သီးအစည်းအဝေးမှာ သဘောတူလိုက်ကြပါတယ်။ နေတိုးအဖွဲ့ဝင်အသစ်လက်ခံရေးဟာ စည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်လိုအပ်ပါတယ်။ ဖင်လန်နဲ့ဆွီဒင်တို့ အဖွဲ့ဝင်ဖြစ်ရေးကို စောစောပိုင်းမှာ တူရကီက ကန့်ကွက်ငြင်းဆန်နေခဲ့ပေမဲ့ အခုအခါ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
အခုနေတိုးအဖွဲ့ရဲ့ စစ်ရေးတိုးချဲ့မှုဟာ ရုရှားသမ္မတဗလာဒီမီယာပူတင်အနေနဲ့ ဘယ်လိုမှမကြိုက်နိုင်မဲ့အရာတွေဖြစ်ပြီး ဒါဟာ ယူကရိန်းကိုကျူးကျော်တဲ့အတွက် ပြန်ရတဲ့အကျိုးရလဒ်ဖြစ်တယ်လို့လည်း မစ္စတာဘိုင်ဒင်က ဆိုပါတယ်။
ဖင်လန်နဲ့ဆွီဒင်ကို နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဝင်အဖြစ် တရားဝင်ဖိတ်ခေါ်လိုက်ပြီလို့ နေတိုးအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး စတော့တင်ဘာ့က ဆိုပါတယ်။ ဒါဟာ သမိုင်းမှာ အမြန်ဆန်ဆုံးအဖွဲ့ဝင်သစ် လက်ခံတဲ့ဖြစ်စဉ်ဖြစ်ပြီး နောင်မှာလည်း အလားတူဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ဖင်လန်နဲ့ဆွီဒင်တို့ဟာ နေတိုးနိုင်ငံရေး၊ နေတိုးဥပဒေ၊ နေတိုးစစ်တပ် စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း ပြသကြရဦးမှာ ဖြစ်ပါတယ်။ နောဒစ်နိုင်ငံတွေအတွက် အဲဒီအချက်တွေဟာ သိပ်ခက်ခဲဖွယ်မရှိဘူးလို့ အများက မှန်းဆထားကြပါတယ်။
ယူကရိန်းအနေနဲ့ စစ်ပွဲဘယ်လောက်ပဲကြာကြာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ ထောက်ပံ့မှုကို ဆက်လက်ရရှိသွားမယ်လို့ တွက်ထားနိုင်ကြောင်းလည်း မစ္စတာစတော့တင်ဘာ့က ဆိုပါတယ်။ ယူကရိန်းဟာ သူ့နိုင်ငံလွတ်လပ်ရေးအတွက် တိုက်နေတာဖြစ်သလို နေတိုးရဲ့တန်ဖိုးတွေအတွက် တိုက်နေတာလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။
နေတိုးမဟာမိတ်နိုင်ငံတွေဟာ ကူညီရေးအစီအစဉ်တွေကို သဘောတူထားပြီးပြီလို့ သူကဆိုပါတယ်။ အဲဒီအကူအညီတွေထဲမှာ လောင်စာဆီအကူအညီ၊ ဆေးဝါးအကူအညီ၊ စစ်ဝတ်စုံအကူအညီ၊ ဒရုန်းတိုက်ဖျက်ရေးအကူအညီ၊ မိုင်းဖျက်ဆီးရေးအကူအညီတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ရုရှားဟာ နေတိုးမဟာမိတ်အဖွဲ့အတွက် အဓိကအကျဆုံး ခြိမ်းခြောက်မှုဖြစ်သလို ယူရိုအတ္တလန္တိတ်ဒေသငြိမ်းချမ်းရေးတည်ငြိမ်ရေးအတွက် အဓိကအန္တရာယ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။
မဟာမိတ်နိုင်ငံတွေရဲ့ အချုပ်အချာနဲ့ပိုင်နက်နယ်မြေကို ကျူးကျော်တိုက်ခိုက်ကောင်းတိုက်ခိုက်မဲ့ အန္တရာယ် အလားအလာကို လျှော့တွက်လို့မရဘူးလို့လည်း ဆိုပါတယ်။
ဖင်လန်နဲ့ဆွီဒင်တို့ နေတိုးအဖွဲ့ဝင်လိုက်လို့ သူတို့နှစ်နိုင်ငံနဲ့ ရုရှားအကြားမှာ တင်းမာလာလိမ့်မယ်လို့ သူမယူဆကြောင်း မစ္စတာပူတင်ကဆိုပါတယ်။ ဒါပေမဲ့ နေတိုးကစစ်အင်အားတိုးချဲ့လာရင် ရုရှားကလည်း အလားတူ တိုးချဲ့ရလိမ့်မယ်လို့ သူက ဆိုပါတယ်။
နေတိုးခေါင်းဆောင်တွေဟာ သူတို့ရဲ့ကြီးစိုးမှု၊ သူတို့ရဲ့အင်ပိုင်ယာဝါဒရည်မှန်းချက်တွေအတွက် စစ်နယ်ချဲ့ချင်နေကြတာလို့ မစ္စတာပူတင်ကဆိုပါတယ်။ ရုရှားအနေနဲ့ ဖင်လန်၊ ဆွီဒင်တို့ နေတိုးဝင်လိုက်ခြင်းအပေါ်မှာ ဘာမှပြဿနာမရှိဘူးလို့ သူက ဆိုပါတယ်။