ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆွီဒင်၊ ဖင်လန်နဲ့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့
သမိုင်းတလျောက်က ကမ္ဘာစစ်တွေမှာ ကြားနေအဖြစ်နေခဲ့ကြပြီး စစ်ရေးမဟာမိတ် အဖွဲ့တွေထဲ မဝင်ဘဲ နေခဲ့ကြတဲ့ ဖင်လန် နဲ့ ဆွီဒင်နိုင်ငံတွေဟာ နေတိုး အဖွဲ့ထဲကို ဝင်လာနိုင်ခြေရှိလာပါတယ်။ အကောင်အထည်ပေါ်လာမယ်ဆိုရင်တော့ ဒီနိုင်ငံ ၂ ခုရဲ့ ဒီအရွေ့က တကယ့်ကို ကြီးကြီးမားမားလို့ ဆိုရမှာပါ။
ဒီ ၂ နိုင်ငံ နေတိုးထဲ ဝင်မှာကို ရုရှားကတော့ အပြင်းအထန် ဆန့်ကျင်ပါတယ်။ ယူကရိန်းကို စစ်ပြုစဉ်ကလည်း အနောက်နိုင်ငံတွေရဲ့ စစ်ရေး မဟာမိတ်ပြုတာတွေ ချဲ့ထွင်လာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှားက ဝင်ကျူးကျော်တာပါ။
နေတိုးအဖို့လည်း ရုရှားက သူ့အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တဲ့အရေးဟာ သူ့ရဲ့ နှစ်ပေါင်း ၇၃ နှစ်တာ သမိုင်းမှာ ကြုံခဲ့ရတဲ့ စိန်ခေါ်မှုကြီးတွေထဲက တခုဖြစ်ခဲ့ပါတယ်။
နေတိုး နယ်မြေ အရှေ့ဘက်နယ်စပ်မှာ စစ်ကဖြစ်လာတော့ ရုရှားက နောက်တဆင့် ဘာလှမ်းလာမလဲဆိုတာကို နေတိုးအဖွဲ့ကို ဝင်ထား ပြီးတဲ့ နိုင်ငံတွေကရော၊ မဝင်ထားသေးတဲ့ နိုင်ငံတွေကပါ ကြောက်လန့်လာကြပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စတဲ့ နိုင်ငံတွေ ပါဝင်တဲ့ နေတိုးဟာ အရှေ့ဥရောပဘက်မှာ သူတို့တပ်ဖွဲ့တွေကို အရင်ကထက် ပိုပြီး စေလွှတ်ထားပါတယ်။
ဒါပေမယ့် ဗြိတိန်ကရော၊ အမေရိကန်ကပါ ယူကရိန်းကို သူတို့ တပ်တွေ စေလွှတ်ဖို့ မရှိဘူးလို့ ပြောနေဆဲပါ။
နေတိုး (NATO) အဖွဲ့ ဆိုတာ ဘာလဲ
မြောက် အတ္တလန်တိတ် စာချုပ်အဖွဲ့ (Nato - the North Atlantic Treaty Organisation) ဟာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ် စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ ၁၉၄၉ ခုနှစ်မှာ စစ်ရေးမဟာမိတ်အဖွဲ့ အဖြစ် စတင် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ပါ။
အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ တိုက်ခိုက်ခံရမယ်ဆိုရင် တခြားအဖွဲ့ဝင်နိုင်ငံတွေက ကူညီပေးကြမယ်ဆိုပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့ ကြပါတယ်။
သူ့ရဲ့ ကနဦးအစပိုင်းရည်ရွယ်ချက်ကတော့ စစ်ပြီးကာလမှာ ဥရောပကို ချဲ့ထွင်လာတဲ့ ဆိုဗီယက် ရုရှားရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ အတွက် ရည်ရွယ်တာပါ။
၁၉၅၅ မှာ ဆိုဗီယက် ရုရှားက အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေနဲ့ စစ်ရေးမဟာမိတ်အဖွဲ့ တည်ထောင်ခဲ့ပြီး အဲဒီအဖွဲ့က ဝါဆော စာချုပ် အဖွဲ့လို့ အမည်ရပါတယ်။
ဆိုဗီယက် ပြည်ထောင်စု ၁၉၉၁ မှာ ပြိုလဲသွားတဲ့နောက်မှာတော့ ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံတွေထဲက တချို့ဟာ ဘက်ပြောင်းပြီး နေတိုး အဖွဲ့ဝင်တွေ ဖြစ်လာပါတယ်။ အခုဆိုရင် နေတိုးဟာ အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိလာပါပြီ။
နေတိုး၊ ယူကရိန်းအရေး ရုရှား ဘာတွေ အလေးထားနေလဲ
ယူကရိန်းက အရင် ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါဝင်ခဲ့ဖူးတဲ့ နိုင်ငံတခု ဖြစ်ပြီး သူက ရုရှားနိုင်ငံနဲ့ရော၊ ဥရောပ သမဂ္ဂအဖွဲ့နဲ့ပါ နယ်စပ်ချင်း ထိထားပါတယ်။
အဲဒီနိုင်ငံလူဦးရေထဲ ရုရှားလူမျိုးတွေ အများအပြားရှိသလို၊ ရုရှားနိုင်ငံနဲ့ ယူကရိန်းတို့ဟာ လူမှုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုတွေမှာလည်း နီးနီး ကပ်ကပ်ရှိခဲ့ကြတာပါ။ သေနင်္ဂဗျူဟာအရကြည့်ရင် ယူကရိန်းဟာ သူတို့ရဲ့ အိမ်နောက်ခြံဝင်းလို့ ရုရှားက မြင်ထားသလို၊ ယူကရိန်းဟာ ရုရှားရဲ့ အစိတ်အပိုင်းတခုပဲလို့ သမ္မတ ပူတင်က မကြာခင်တုန်းကတင် ပြောခဲ့ပါတယ်။
ဒါပေမယ့် အခုနှစ်ပိုင်းတွေ အတွင်း ယူကရိန်းဟာ အနောက်နိုင်ငံတွေဘက် ရည်မျှော်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယူကရိန်းဟာ ဥရောပသမဂ္ဂနဲ့ နေတိုးကို ဝင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ရေးသားထားပါတယ်။
လက်ရှိမှာ ယူကရိန်းဟာ နေတိုးရဲ့ မိတ်ဆွေနိုင်ငံ (Partner country) ပါ။ အဓိပ္ပာယ်ကတော့ အနာဂတ် တချိန်ချိန်မှာ နေတိုးက သူ့ကို အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပေးမယ်လို့ နားလည်ရပါတယ်။
ရုရှားကတော့ ဒီလို ဘယ်တော့မှ မဖြစ်လာစေဖို့ အနောက် အင်အားကြီးနိုင်ငံတွေဆီကနေ အာမခံချက် လိုချင်ပါတယ်။
ဒါပေမယ့် လွတ်လပ်တဲ့ အချုပ် အခြာအာဏာပိုင် နိုင်ငံတခုအနေနဲ့ သူ့ လုံခြုံရေးဆိုင်ရာ မဟာမိတ်ကို သူ့ဘာသာသူ ဆုံးဖြတ်ခွင့်ရှိတယ်လို့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေကပြောပါတယ်။ နေတိုးထဲ ယူကရိန်း ဝင်ခွင့် မရှိစေရဘူးလို့လည်း မတားထားပါဘူး။
ရုရှား နောက်ထပ်စိုးရိမ်နေတာတွေက ဘာလဲ
အနောက်အင်အားကြီးနိုင်ငံတွေက မဟာမိတ်တွေကို သုံးပြီး ရုရှားဘက်ဆီကို ချင်းနင်းကျူးကျော်လာတယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။ အရှေ့ဥရောပမှာ နေတိုးအနေနဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်တာတွေကို သူက ရပ်တန့်စေချင်ပါတယ်။
၁၉၉၀ မှာ နေတိုးက ကတိပြုထားတဲ့ အရှေ့ဘက်ကို ဆက်မတိုးချဲ့ပါဘူးဆိုတဲ့ အချက်ကို အမေရိကန်က ချိုးဖောက်နေတယ်လို့ သူ အချိန်ကာလ အတော်ကြာကြာကတည်းက ပြောလာနေခဲ့တာပါ။ အမေရိကန်ကတော့ သူတို့ အဲဒီ ကတိမျိုး မပေးဖူးဘူးလို့ ဆိုပါတယ်။
ရုရှားနဲ့ နယ်စပ်ချင်းထိထားတဲ့ သူ့ အဖွဲ့ဝင်နိုင်ငံတွေက နည်းနည်းလေးပါလို့ နေတိုးက ပြောပါတယ်။ နောက်ပြီး သူတို့ မဟာမိတ် လုပ်တာက ခုခံကာကွယ်ရေးအတွက်ပဲ လုပ်တာလို့ ဆိုပါတယ်။
အရင်တုန်းက ရုရှား၊ ယူကရိန်းတို့နဲ့ ပတ်သက်လို့ နေတိုးက ဘာတွေလုပ်ထားလဲ
ယူကရိန်းနိုင်ငံသားတွေက ၂၀၁၄ ခုနှစ် အစောပိုင်းကာလမှာ ရုရှားလိုလားတဲ့ သမ္မတကို ဖြုတ်ချခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ ယူကရိန်း တောင်ပိုင်းက ကရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက ဝင်ကျူးကျော်သိမ်းပိုက်လိုက်ပါတယ်။ ယူကရိန်း အရှေ့ပိုင်းမှာ ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေကိုလည်း ရုရှားက ထောက်ခံကူညီပေးပါတယ်။
နေတိုးက ဘာမှ ကြားဝင်မစွက်ပါဘူး။ ဒါပေမယ့် ပထမဆုံးအကြိမ်အဖြစ် အရှေ့ဥရောပ နိုင်ငံအတော်များများကို မဟာမိတ် တပ်ဖွဲ့တွေ နေရာချထားလိုက်ပါတယ်။ တကယ်လို့ ရုရှားက နေတိုး နယ်မြေကို ဝင်လာမယ်ဆိုရင် စည်းကြိုးတား ထားတဲ့ ပုံမျိုး ဒီတပ်ဖွဲ့တွေကို နေရာချထားတာပါ။
လူမျိုးစုံပါဝင်တဲ့ တိုက်ခိုက်ရေး တပ်ရင်း ၄ ရင်းကို အက်စတိုးနီးယား၊ လက်ဗီးယား၊ ပိုလန် နိုင်ငံတွေမှာ နေတိုးက နေရာချထားပြီး၊ ရိုမေးနီးယားမှာတော့ လူမျိုးစုံပါဝင်တဲ့ နေတိုး တပ်မ တခုရှိပါတယ်။
သူ့အဖွဲ့၀င်နိုင်ငံတွေရဲ့ လေကြောင်း နယ်နိမိတ်ကို ဝင်ရောက်လာတဲ့ ရုရှား စစ်လေယာဉ်တွေကို စောင့်ကြည့်ဟန့်တားဖို့ အတွက် ဘောလ်တစ် နိုင်ငံတွေနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ လေကြောင်းလုံခြုံရေးအတွက် နေတိုးက အကူအညီပေးထားလိုက်ပါတယ်။
ဒီတပ်ဖွဲ့တွေ ထွက်သွားဖို့ ရုရှားက ပြောထားပါတယ်။
အခု ပဋိပက္ခမှာ နေတိုးက ဘာတွေ တိုးလုပ်ထားလဲ
နေတိုးရဲ့ အရှေ့ဘက် နယ်စပ်က အင်အားတွေကို ထပ်ဖြည့်တဲ့အနေနဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့ဆီကို အမေရိကန်က ထောင်နဲ့ချီတဲ့ နောက်ထပ် တပ်ဖွဲ့တွေပို့ထားပါတယ်။ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်အောင်လည်း နိုးနိုးကြားကြားရှိအောင် တပ်ဖွဲ့တွေကို သူတို့ သတိပေးထားပါတယ်။ ဒါပေမယ့် ယူကရိန်းကိုတော့ တပ်တွေ မပို့ပါဘူး။
ဂျဗယ်လင် တင့်ကားပစ် မစ်ဇိုင်းတွေ၊ လေယာဉ်ပစ် စတင်ဂါ မစ်ဇိုင်းတွေ အပါအဝင် ဒေါ်လာ သန်းရာပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်နက်တွေကို အမေရိကန်က ယူကရိန်းကို ပေးထားသလို၊ အမေရိကန်လုပ် လက်နက်တွေ ယူကရိန်းကို ပေးဖို့ တခြားနေတိုး မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေကို သူတို့က ခွင့်ပြုထားပါတယ်။
ဗြိတိန်က ထောင်နဲ့ချီအရေအတွက်ရှိတဲ့ တင့်ကားပစ် မစ်ဇိုင်းတွေ ယူကရိန်းကို ပို့ထားပြီး ပိုလန်ကို သူ့တပ်ဖွဲ့ဝင် ၃၅၀၊ အက်စတိုး နီးယားကိုတော့ အဲဒီမှာ ချထားတဲ့ သူ့တပ်အင်အားကို ၂ ဆတိုးစေဖို့ နောက်ထပ် တပ်ဖွဲ့ဝင် ၉၀၀ ကို စေလွှတ်ထားပါတယ်။
ဗြိတိန်ဟာ ဥရောပ တောင်ပိုင်းကို သူ့ ဂျက်တိုက်လေယာဉ်တွေ ပိုတိုးပြီး ပို့ထားပါတယ်၊ နောက်ပြီး တခြား နေတိုး စစ်ရေယာဉ်တွေနဲ့ အတူ မြေထဲပင်လယ် အရှေ့ဘက်တလျောက်မှာ သူ့ စစ်ရေယာဉ်တစင်းက ကင်းလှည့်နေပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တာကြောင့် ဖြစ်လာနိုင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအရေးအတွက် ဗြိတိန်ဟာ သူ့ တပ်ဖွဲ့ဝင် ၁, ၀၀၀ ကို အသင့်အနေအထားမှာ ပြင်ခိုင်းထားပါတယ်။
ဒိန်းမတ်၊ စပိန်၊ ပြင်သစ်၊ နယ်သာလန် စတဲ့နိုင်ငံတွေကလည်း အရှေ့ဥရောပနဲ့ မြေထဲပင်လယ် အရှေ့ဘက်ကို သူတို့ရဲ့ ဂျက် တိုက် လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို စေလွှတ်ထားပါတယ်။
အခုအချိန်မှာ ဆွီဒင် နဲ့ ဖင်လန်က နေတိုးနဲ့ ပူးပေါင်းဖို့ ဘာ့ကြောင့် စဉ်းစားလာတာလဲ
ဗလာဒီမီယာ ပူတင်ရဲ့ လုပ်ဆောင်မှုတွေက ဥရောပ မြောက်ပိုင်းဟာ တည်ငြိမ်ပါတယ်ဆိုတဲ့ အမြင်ကို ကြေမွသွားစေခဲ့ပြီး ဆွီဒင်နဲ့ ဖင်လန်တို့အနေနဲ့ ငါတို့ အကာအကွယ်မဲ့နေပြီလို့ ခံစားမိစေပါတယ်။
ဖင်လန် ဝန်ကြီးချုပ်ဟောင်း အလက်ဇန်းဒါး စတပ်ဘ်က ရုရှားတို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ကျူးကျော်လျှင် ကျူးကျော်ချင်း သူ့နိုင်ငံအတွက် နေတိုး မဟာမိတ်နဲ့ မဖြစ်မနေ ပေါင်းရတော့ဖို့ ဖြစ်လာတယ်လို့ ပြောပါတယ်။
အဲဒီ ကျူးကျော်လိုက်တဲ့နေ့မှာပဲ ရုရှားခေါင်းဆောင်ဟာ "ဘယ်လိုမှ မှန်းဆလို့မရနိုင်တဲ့၊ ယုံကြည်စရာ မရှိတဲ့ လူဖြစ်တာ၊ ရက်စက် ကြမ်းကြုတ်တဲ့ သွေးမြေကျ စစ်ပွဲကို ခင်းဖို့ ပြင်ဆင်ထားတာ ဆိုတာကို ပြသနေတာပဲ"လို့ ဆွီဒင် ကာကွယ်ရေးဝန်ကြီး ပီတာ ဟုကလစ်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာက ဆွီဒင်ဟာ နေတိုးကို ဘယ်တော့မှ မဝင်ဘူးလို့ ကတိပြုခဲ့တဲ့ သူဟာ အခုတော့ စကင်ဒီနေးဗီးယားဒေသ ကာကွယ်ရေးအတွက် နေတိုးထဲ ဝင်ဖို့ စကားပြောနေပါပြီ။
ဖင်လန် နဲ့ ဆွီဒင်တို့က နိုင်ငံသူနိုင်ငံသားတွေဟာ မရေရာတဲ့ ဥရောပ အခြေအနေမှာ နေတိုးက သူတို့ကို လုံခြုံမှု ပေးနိုင်လိမ့်မယ်လို့ ရည်မျှော် ကြည့်နေကြတာပါ။