ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်မှာ ဖျက်အားပြင်း ငလျင်တွေ လှုပ်တာ ဘာကြောင့်များရတာလဲ
မကြာခင်ကလှုပ်ခတ်ခဲ့တဲ့ အာဖဂန်နစ္စတန်တောင်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် လူအနည်းဆုံး တစ်ထောင်သေဆုံးပြီး၊ လူသုံးထောင် ဒဏ်ရာရခဲ့ပါတယ်။
တောင်တန်းဒေသတစ်ခုဖြစ်တဲ့ ပတ်တီကာပြည်နယ်မှာ ငလျင်လှုပ်ခဲ့တာဖြစ်ပြီး ငလျင် ဒဏ်ကြောင့် ရာပေါင်းများစွာသောလူတွေရဲ့ အိုးအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ဒါဟာ ဆယ်စုနှစ်နှစ်ခုအတွင်း အာဖဂန်နစ္စတန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အသေအပျောက်အများဆုံး ငလျင်တစ်ခုဖြစ်ပါတယ်။
အာဖဂန်နစ္စတန်မှာ ဘာကြောင့် ငလျင်တွေ အများကြီးလှုပ်နေတာလဲ
ကမ္ဘာမြေကြီးအောက်မှာရှိတဲ့ ကျောက်ဆိုင်ထုတွေ တွန်းတိုက်မှုတွေဖြစ်ပြီး အဲ့ဒီကထွက်လာတဲ့ မြေတွင်းဖိအားတွေကြောင့် အက်ရာတွေ စတင် ဖြစ်ပေါ်လာပါတယ်။အဲ့ဒီကနေ မြေမျက်နှာပြင်တစ်လျောက် ရုတ်တရက်ကျိုး ပြတ်ပြီး ပွတ်တိုက်ရွေ့လျောတာကနေ ငလျင်လှုပ်ခတ်မှုတွေ ဖြစ်လာတာပါ။
အာဖဂန်နစ္စတန်နိုင်ငံဟာ အိန္ဒိယနဲ့ အာရှ ဥရောပ ကျောက်ဆိုင်ထုတွေရဲ့ ပြတ်ရွေ့ကြောတွေပေါ်မှာ တည်ရှိတာကလည်း ငလျင်လှုပ်ခတ်မှုတွေ မကြာခဏ ဖြစ်လာစေတာပါ။
လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း အာဖဂန်နစ္စတန်မှာ ပြင်းအား ပမာဏ ၄ နဲ့ အထက် ငလျင် ၁၀ ကြိမ်တောင် လှုပ်ခဲ့ပါတယ်။
ပြင်းအား ၁.၅ ကနေ ၄ ကြား အသေးစားငလျင် ၂၁၉ကြိမ်လည်း ပြီးခဲ့တဲ့ နှစ်အတွင်းမှာ လှုပ်ခဲ့တာရှိပါတယ်၊
မကြာသေးခင်က လှုပ်ခဲ့တဲ့ငလျင်က ဘာလို့ အသေအပျောက်များတာလဲ
ပြီးခဲ့တဲ့ငလျင်က အိန္ဒိယနဲ့ အာရှ ဥရောပ ကျောက်ဆိုင်ထုလွှာတွေ ပွတ်တိုက်မိရာက ဖြစ်ပေါ်လာတဲ့ ဖိအားကြောင့် ဖြစ်ခဲ့တာပါ။ အဲ့ဒီငလျင်ရဲ့ ပြင်းအားပမာဏက အမေရိကန် ဘူမိဗေဒအဖွဲ့အစည်းရဲ့ တိုင်းတာချက်အရဆိုရင် ၅.၉ ရစ်ချ်တာစကေး ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖျင်းအားဖြင့် အဲ့ဒီငလျင်ရဲ့ ပြင်းအားပမာဏဟာTNT တန်ချိန် ၄၇၅,၀၀၀ နဲ့ညီမျှပြီး၊ဟီရိုရှီးမားမှာ ကြဲချခဲ့တဲ့ အဏုမြူဗုံးစွမ်းအင်ရဲ့ ၃၇ ဆ ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
ပါကစ္စတန်၊ အိန္ဒိယနဲ့ကီလိုမီတာ ၅၀၀ အကွာအဝေးရှိတဲ့နေရာကလူတွေလည်း ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။
အမေရိကန်ဘူမိဗေဒအဖွဲ့ရဲ့ တိုင်းတာချက်တွေအရ ငလျင်လှုပ်ခတ်မှုရဲ့ ဗဟိုချက်က ကမ္ဘာမြေမျက်နှာပြင်အောက် ၁၀ကီလိုမီတာ (၆ မိုင်)အကွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ငလျင်လှုပ်ခဲ့တဲ့ အာဖဂန်နစ္စတန်က နေရာတွေက ဟိမဝန္တာတောင်တန်းနဲ့ ဆက်စပ်နေတယ်” လို့ ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့က ငလျင်ပညာရှင် ဒေါက်တာ ဘရိုင်ယန်ဘက်တီက ပြောပါတယ်။
"ဒီမှာဖြစ်တဲ့ငလျင်က ကမ္ဘာ့မြေပြင်ကိုဖွဲ့စည်းထားတဲ့ ကျောက်ထုလွှာကြီးတွေ အပြင်းအထန် တိုက်ရိုက်ပွတ်တိုက်မိတာကြောင့် မဟုတ်ပေမယ့် ကျောက်ထုလွှာတွေ တစ်ခုနဲ့တစ်ခု တွန်းတိုက်မိတာကြောင့်ဖြစ်တာပါ။ ငလျင်လှုပ်ခတ်တဲ့နေရာက ပိုတိမ်ပြီး လှုပ်ခါမှုကလည်း မြေမျက်နှာပြင်နဲ့ ပိုနီးတာကြောင့် ဒီငလျင်က အရွယ်အစားက အလယ်အလတ်အရွယ်လောက်ပဲရှိပေမယ့် ထိခိုက်မှုတွေ ပျက်စီးဆုံးရှုံးမှုတွေ အရမ်းများသွားတာပါ”
အာဖဂန်နစ္စတန်မှာ အရင်ကငလျင်လှုပ်တာတွေ ရှိခဲ့လား
လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်ဒဏ်ကြောင့် လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ ညှိနှိုင်းကူညီရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အာဖဂန်နစ္စတန်မှာ ငလျင်ကြောင့် တစ်နှစ်ကို ပျမ်းမျှ လူ ၅၆၀ လောက် သေဆုံးလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နိုင်ငံအနောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ငလျင်ဆက်တိုက် လှုပ်ခတ်မှုတွေကြောင့် လူ၂၀ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့သူတွေ အိုးအိမ် ပျက်စီးခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်က ပြင်းအား၇.၅ ပမာဏ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီး လူ၃၉၉ ဦး သေဆုံးခဲ့ရပါတယ်။ အဲ့ဒီငလျင်လှုပ်ခတ်မှုဒဏ်ကို မိုင် ၈၇၀ (၁၄၀၀ ကီလိုမီတာ) ကွာဝေးတဲ့ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်က လူတွေတောင် ခံစားခဲ့ရပါတယ်။
၂၀၀၂ခုနှစ် မတ်လတုန်းကလည်း ဟိန္ဒူ Kush တောင်တန်းဒေသမှာ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခဲ့ပြီး လူပေါင်း၁၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
၁၉၉၈ခုနှစ် မေလက အာဖဂန်နစ္စတန်မြောက်ပိုင်း တာ့ခ်ဟာနဲ့ ဘာဒါကာစတန် ပြည်နယ်တွေမှာ ငလျင်လှုပ်ခဲ့တဲ့ ငလျင်မှာ လူပေါင်း ၄၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ ရွာပေါင်း ၁၀၀ နီးပါးနဲ့ အိမ်ခြေ ၁၆,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၄၅,၀၀၀ လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
လူပေါင်း ၄,၀၀၀ထက်မနည်း သေဆုံးခဲ့ရပြီး လူ ၁၅,၀၀၀ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ ငလျင်ကတော့ ၁၉၉၈ခုနှစ် ဖေဖော်ဝါရီလက လှုပ်ခဲ့တဲ့ငလျင်ပါ။
ငလျင်တွေက အာဖဂန်နစ္စတန်နိုင်ငံကိုမှ ဘာလို့ ထိခိုက်မှုတွေ ပိုဖြစ်စေတာလဲ
ဂျပန်နဲ့ တောင်အမေရိတိုက်က နိုင်ငံတွေဟာ အာဖဂန်နစ္စတန်ထက် ငလျင်ပို လှုပ်လေ့ရှိတယ်လို့ ဒေါက်တာဘာပ်တီက ဆိုပါတယ်။
“ဒါပေမဲ့ အာဖဂန်နစ္စတန်မှာ ထိခိုက်မှုတွေပိုများတာက ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ မရှိတာကြောင့် “လို့ သူကထောက်ပြပါတယ်။
သူတို့က အိမ်တွေကို သစ်သားတွေနဲ့ ရွံ့တွေနဲ့ ဆောက်ကြတာ။ ရွှံ့အုတ်အမျိုးအစား ဒါမှမဟုတ် အားပျော့တဲ့ ကွန်ကရစ်တွေနဲ့ပဲ ဆောက်ကြတာများတယ်။"
အာဖဂန်နစ္စတန်နိုင်ငံက တောင်တန်းဒေသတွေမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ အများကြီးကြုံရသလို မြေပြိုမှုတွေကလည်း ထိခိုက်မှုတွေဖြစ်စေပါတယ်။
မြေပြိုမှုတွေက တောင်ပေါ်ကျေးရွာတွေက နေအိမ်တွေကို ပျက်စီးဆုံးရှုံးစေသလို မြစ်ချောင်းတွေပိတ်ဆို့ပြီး နေရာအနှံ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်စေပါတယ်။
တစ်ခါတလေဆိုရင် ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သတ်တဲ့ သတင်းတွေ သက်ဆိုင်ရာ အာဏာပိုင်တွေဆီရောက်ဖို့ ရက်ပေါင်းများစွာ ကြာနေတတ်ပါတယ်။
မြေပြိုမှုတွေကြောင့် လမ်းတွေပိတ်သွားနိုင်ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ဒေသတွေကို ပို့ဆောင်ဖို့ကလည်း ခက်ခဲစေပါတယ်။
မိုးရွာတာ သို့မဟုတ် နှင်းကျတာတွေနဲ့ မြူတွေဆိုင်းပြီး၊ အလွန်အမင်းအေးလွန်းတဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဟာလည်း မကြာခဏ အဟန့်အတားဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အာဖဂန်နစ္စတန်မှာလှုပ်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှုဟာ အထူးဆိုးရွားမှုတွေကြုံနေရတဲ့ ကာလမှာ ဖြစ်ခဲ့တာလို့ ကုလသမဂ္ဂက ပြောပါတယ်။
“အာဖဂန်နစ္စတန်ဟာ ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး နိုင်ငံတွင်းက လူပေါင်း ၃.၅ သန်းလောက်က အိုးအိမ်စွန့်ခွာ ရွေ့ပြောင်းနေရပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
"သန်းပေါင်းများစွာသော အခြားသူတွေကလည်း ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုတွေ မြင့်တက်လာတဲ့အခြေအနေကိုရင်ဆိုင်နေရပြီး အသက်ရှင်ရပ်တည်ဖို့ အတွက်တောင် ရုန်းကန်နေကြရပါတယ်"