အာဖဂန် ငလျင်- လူရာပေါင်းများစွာသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အစိုးရသတင်းမီဒီယာမှာ ဖော်ပြ

    • ရေးသားသူ, ဖရန်စစ်စ် မော် နှင့် မက်သရူး ဒေးဗစ်စ်
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြင်းအားကြီးတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ ၉၂၀ သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံအရှေ့ပိုင်း ပက်တီကာပြည်နယ်မှာ မြေပြိုမှုတွေ၊ ရွှံ့နဲ့ ဆောက်ထားတဲ့ နေအိမ်တွေ ပြိုကျပျက်စီးပုံတွေကို ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။ အပျက်အစီးပုံတွေအောက်ကနေ ဒဏ်ရာရသူတွေကို ကယ်ထုတ်ပြီး ဆေးကုသပေးဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်။

ဝေးလံခေါင်သီတဲ့နေရာတွေမှာတော့ ဒဏ်ရာရထားသူတွေကို ရဟတ်ယာဉ်တွေနဲ့ ဆေးရုံတွေကို ပို့ပေးနေပါတယ်။

နေအိမ် ရာထောင်ချီ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူအရေအတွက် နောက်ထပ် တိုးလာဖို့ ရှိတယ်လို့ တာလီဘန်ခေါင်းဆောင် ဟီဘက်တူလာ အခွန်ဇာဒါ က ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၉၂၀ သေဆုံးခဲ့ပြီး နောက်ထပ် လူ ၆၀၀ ဒဏ်ရာရထားတယ် လို့ တာလီဘန် ကပ်ဘေးအန္တရာယ် ကာကွယ်ရေး လက်ထောက်ဝန်ကြီး ရှရာဖတ်ဒင်က ပြောပါတယ်။

လူအတော်များများ အိပ်ရာထဲမှာပဲ ရှိနေသေးချိန် ဒီကနေ့မနက် ဒေသစံတော်ချိန် မနက်လင်းအားကြီး ၁ နာရီခွဲပြီးကာစမှာ နိုင်ငံအရှေ့တောင်ပိုင်း ခို့စ်တ်မြို့ ကနေ ၂၇ မိုင်အကွာလောက်မှာ ငလျင်လှုပ်ခဲ့တာပါ။

အာဖဂန်နစ္စတန်နိုင်ငံက ကျေးလက်ဒေသအတော်များများမှာ နေထိုင်နေသူတွေရဲ့ နေအိမ်တွေဟာ ကောင်းကောင်း အခိုင်အခံ့ ဆောက်ထားလေ့ မရှိတာကြောင့် ငလျင်လှုပ်ပြီ ဆိုရင် ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်တတ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအကြောင်း အခြေခံအချက်များ

  • တာလီဘန်တွေက နိုင်ငံကို အုပ်ချုပ်နေ- အမေရိကန် ခေါင်းဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဖြုတ်ချတာကို ခံခဲ့ရအပြီး နှစ်ပေါင်း ၂၀ နီးပါး အကြာမှာ ဝါဒစွဲပြင်းထန်တဲ့ အစ္စလာမစ်တွေက အာဖဂန်နစ္စတန်နိုင်ငံကို မနှစ်တုန်းက ပြန်လည်သိမ်းပိုက်ခဲ့
  • နိုင်ငံ့စီးပွားရေး ပျက်စီးယိုယွင်းနေ- အမေရိကန်တပ်ဖွဲ့တွေ ရုတ်တရက် ရုပ်သိမ်းသွားခဲ့ချိန်မှာပဲ နိုင်ငံခြား အထောက်အပံ့တွေ ရပ်ဆိုင်းသွားသလို ပြည်ပမှာ ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အရန်ငွေတွေလည်း ထုတ်ယူခွင့် ဆိုင်းငံ့ခံထားရ
  • လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့မရတဲ့ ပြဿနာ။ အာဖဂန်နစ္စတန် ပြည်သူ ၃ ပုံ ၁ ပုံကျော်ဟာ လိုအပ်တဲ့ အခြေခံအစားအစာတွေ မရနိုင်ဘဲ ဖြစ်နေ

နိုင်ငံအရှေ့ပိုင်းက ငလျင်ဒဏ် ခံခဲ့ရတဲ့ နေရာတွေဆီ အမြန်ဆုံး အကူအညီပေးကြဖို့ ကယ်ဆယ်ရေး အေဂျင်စီတွေကို တာလီဘန်အစိုးရ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

ကယ်ဆယ်ရေး အေဂျင်စီတွေက ငလျင်ဒဏ် ခံနိုင်တဲ့ အဆောက်အဦ တချို့ ဆောက်လုပ်ပေးဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြပေမဲ့လည်း နဂိုကတည်းကိုက ဆင်းရဲမွဲတေနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ ဆယ်စုနှစ်နဲ့ချီ ဖြစ်ခဲ့တဲ့ စစ်ပွဲကြောင့် ငလျင်ဒဏ်နဲ့ တခြား သဘာဝကပ်ဘေးဒဏ်တွေကို ခုံခံကာကွယ်နိုင်စွမ်း ပိုကောင်းလာအောင် ဆောင်ရွက်မှုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

တာလီဘန်တွေ သိမ်းမယူခင်ကတည်းကိုက အာဖဂန်နစ္စတန်နိုင်ငံရဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနမှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ နည်းနည်းပါးပါးသာ ရှိခဲ့ပြီး သဘာဝကပ်ဘေးဒဏ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မနည်း ကြိုးစားရုန်းကန်နေရတာပါ။

လောလောဆယ်တော့ ထိခိုက်သေဆုံးသူအများစုဟာ ပက်တီကာပြည်နယ်က ဂယန်နဲ့ ဘာမာလ် ခရိုင်တွေကလို့ သိထားရကြောင်း ဒေသခံဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။ ဂယန်ခရိုင်မှာရှိတဲ့ ရွာတစ်ရွာဆိုရင် ရွာလုံးကျွတ် ပျက်စီးသွားတယ်လို့ အက်တီလာ့တ် အီ ရော့ဇ် ဒေသခံသတင်းမီဒီယာက ဆိုပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံကနေ ကီလိုမီတာ ၅၀၀ အကွာကျော်က နေရာတွေနဲ့ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတွေကနေပါ ငလျင်ရဲ့ တုန်ခါမှုကို ခံစားခဲ့ရပါတယ်။ အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်မှာရော၊ ပါကစ္စတန်မြို့တော် အစ္စလာမာဘတ်မြို့တွေမှာပါ ငလျင်လှုပ်ချိန်မှာ အိမ်တွေထဲကနေ လူတွေ အပြေးအလွှား ထွက်ပြေးခဲ့ကြပုံကို မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။ ဒါပေမဲ့လည်း အဲဒီမှာ ထိခိုက်သေဆုံးသူ ရှိတယ်ဆိုတဲ့ သတင်းတွေတော့ ခုထိ မရသေးပါဘူး။ ပါကစ္စတန်မှာလည်း ငလျင်ကြောင့် အနည်းအပါးလောက်ပဲ ထိခိုက်ခဲ့တယ်လို့ ဘီဘီစီ အူရ်ဒူဌာနက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ တည်ရှိနေပြီး ချာမန် ပြတ်ရွေ့ကြော၊ ဟာရီ ပြတ်ရွေ့ကြော၊ ဗဟို ဘာဒက်ခ်ရှန် ပြတ်ရွေ့ကြောနဲ့ ဒါဗက်ဇ် ပြတ်ရွေ့ကြောတွေအပါအဝင် ငလျင် ပြတ်ရွေ့ကြော အတော်များများ ပေါ်မှာတည်ရှိနေတာ ဖြစ်ပါတယ်။

အခုလှုပ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆ ဒဿမ ၁ ရှိပြီး အနက် ၅၁ ကီလိုမီတာမှာ လှုပ်ခဲ့တာလို့ ငလျင်ပညာရှင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်ဒဏ်ကြောင့် လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာ ညှိနှိုင်းကူညီရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အာဖဂန်နစ္စတန်မှာ ငလျင်ကြောင့် တစ်နှစ်ကို ပျမ်းမျှ လူ ၅၆၀ လောက် သေဆုံးလေ့ ရှိပါတယ်။