ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုအခက်အခဲကို ဗြိတိန်နိုင်ငံကြုံတွေ့

ကုန်စျေးနှုန်း မကြုံစဖူးမြင့်တက်မှုကြောင့် စားဝတ်နေရေး အကျပ်အတည်းရင်ဆိုင်နေကြရ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကုန်စျေးနှုန်း မကြုံစဖူးမြင့်တက်မှုကြောင့် စားဝတ်နေရေး အကျပ်အတည်းရင်ဆိုင်နေကြရ

ဗြိတိန်ကုန်စျေးနှုန်းဟာ နှစ်ပေါင်း ၄၀ အတွင်းတခါမှမကြုံဖူးခဲ့တဲ့ အမြန်ဆုံးနှုန်းထားနဲ့ တရိပ်ရိပ်တက်နေပါတယ်။ စားသောက်ကုန်စျေးနှုန်း၊ ဓာတ်အားခစျေးနှုန်း၊ လောင်စာဆီစျေးနှုန်းမြင့်တက်မှုတွေနဲ့အတူ မြင့်တက်လာနေတာပါ။

ဗြိတိန်နိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းဟာ မနှစ်က ဧပြီလမှာ ၉ ရာခိုင်နှုန်းအထိမြင့်တက်ပြီးသားရှိနေရာက နောက်ထပ် ၁၂ လအကြာဖြစ်တဲ့ ဒီနှစ်မေလမှာ ၉ ဒသမ ၁ ရာနှုန်းထပ်မြင့်တက်လာပါတယ်။

အခုနောက်ဆုံး ကုန်စျေးနှုန်းမြင့်တက်မှုတွေထဲမှာ ပေါင်မုန့်၊ ပြောင်း၊ အုတ်၊ အသား စတဲ့နေ့စဉ်မဖြစ်မနေစားသောက်ရတဲ့ စားကုန်တွေရဲ့ စျေးနှုန်းမြင့်တက်မှုက အကြီးမားဆုံးပြဿနာဖြစ်လာနေတယ်လို့ ဗြိတိန်နိုင်ငံတော်စာရင်းအင်းဌာန ONS ကဆိုပါတယ်။

အသက်ရှင်ရေးအတွက် မဖြစ်မနေကုန်ကျရတဲ့စရိတ် တနည်းအားဖြင့် အသက်မွေးဝမ်းကြောင်းစရိတ် မြင့်တက်လာတဲ့အတွက် အလုပ်သမားတွေနဲ့ အလုပ်သမား သမဂ္ဂတွေက လစာတိုးမြှင့်တောင်းခံပါတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေက အလုပ်သမားတွေကို လစာအများအပြားတိုးပေးလိုက်ရင် ၁၉၇၀ တုန်းကလို ငွေဖောင်းပွမှုသံသရာလည်နေလိမ့်မယ်လို့ ဗြိတိန်အစိုးရက သတိပေးနေပါတယ်။

လစာတိုးပေးရင် လည်ပတ်ငွေပိုများလာမယ်။ အလုပ်သမားတွေရဲ့ ဝယ်အားတက်လာမယ်။ အဲသလိုဝယ်လိုအားတက်လာရင် ကုန်စျေးနှုန်း ဆက်တက်ပြီး သံသရာလည်နေလိမ့်မယ်လို့ အစိုးရက ပြောနေတာ ဖြစ်ပါတယ်။

လက်ရှိငွေဖောင်းပွမှုအနေအထားဟာ ၁၉၈၂ ခုနှစ်မတ်လနောက်ပိုင်းမှာ အမြင့်ဆုံးစံချိန်ပါ။ အခုဖောင်းပွမှုနှုန်းက ၉ ဒသမ ၁ ရာနှုန်းဖြစ်ပြီး ဒီနှစ်ထဲမှာ ၁၁ ရာနှုန်းအထိရောက်သွားလိမ့်မယ်လို့ အင်္ဂလန်ဗဟိုဘဏ်က သတိပေးထားပါတယ်။

ငွေဖောင်းပွမှုဆိုတာ ကုန်ပစ္စည်းအများအပြားရဲ့ ပျမ်းမျှကုန်စျေးနှုန်းမြင့်တက်မှု အပေါ်တွက်ချက်ပြောဆိုတာဖြစ်ပါတယ်။ ဥပမာ မနှစ်တုန်းက နွားနို့တပုလင်းကို ၁၀၀ ကျပ်ပေးရပြီး ဒီနှစ်မှာ နွားနို့တပုလင်းကို ၁၀၅ ကျပ်ပေးရရင် နွားနို့နဲ့ပတ်သက်တဲ့ ငွေဖောင်းပွမှုဟာ ၅ ရာခိုင်နှုန်းရှိတယ်လို့ ခေါ်ပါတယ်။

ဘီဘီစီက အလုပ်အပ်နှံပြီးကောက်ယူတဲ့ လူထုစစ်တမ်းတခုအတွက် လူပေါင်း ၄၀၀၀ ဆီက သဘောထားကောက်ယူပြုစုခဲ့ရာမှာ ၈၂ ရာခိုင်နှုန်းက သူတို့လစာဟာ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ လိုက်လျောညီထွေစွာတိုးမြင့်ပေးသင့်တယ်လို့ ယူဆကြပါတယ်။

မိသားစုတိုင်းဟာ လျှပ်စစ်နဲ့ဓာတ်ငွေ့စွမ်းအင်ဖိုး ကုန်ကျစရိတ် တနှစ်အတွက် ပေါင် ၇၀၀ စျေးတက်သွားပါတယ်။ မကြုံစဖူးများပြားတဲ့မြင့်တက်မှုပါ။ လောင်စာဆီစျေးနှုန်းမြင့်တက်မှုကလည်း ပုံမှန်သုံးစွဲတဲ့ မိသားစုအိမ်သုံးကားတစီးဟာ ဓာတ်ဆီဖိုး တလကို ပေါင် ၁၀၀ ပိုကုန်ကျပါတယ်။

မီးရထားအလုပ်သမားသပိတ်ကြောင့် ခရီးသွားသူအများအပြားအခက်ကြုံ

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, မီးရထားအလုပ်သမားသပိတ်ကြောင့် ခရီးသွားသူအများအပြားအခက်ကြုံ

အခုအင်္ဂါနေ့ကစပြီး မီးရထားအလုပ်သမားတွေရဲ့ လစာတိုးမြှင့်ရေး ၊ အလုပ်မဖြုတ်ရေးနဲ့ အခြားတောင်းဆိုချက်များ တောင်းဆို သပိတ်မှောက်မှုကြောင့် ရထားအစီအစဉ်တွေ ဆိုးဆိုးရွားရွား ထိခိုက်နှောင့်နှေးကုန်ပါတယ်။

မီးရထားနဲ့ရေလမ်းသယ်ယူပို့ဆောင်ရေးအလုပ်သမားများသမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၄၀၀၀ လောက်ဟာ လစာ ၇ ရာနှုန်းတိုးပေးဖို့ တောင်းဆိုတာ မရတဲ့အတွက် အလုပ်ခွင်ကနေ သပိတ်မှောက် ကြပါတယ်။ အလုပ်ရှင်ကုမ္ပဏီက အများဆုံး ၃ ရာနှုန်းပဲတိုးပေးမယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

ပြည်သူပိုင်ကဏ္ဍ ဝန်ထမ်းတွေရဲ့ လစာကုန်ကျစရိတ်လျှော့ချရေးနဲ့ ပတ်သက်ပြီး ကန့်ကွက် ပြောဆိုဆွေးနွေးနေတဲ့ အစိုးရဝန်ထမ်းအလုပ်သမားသမဂ္ဂ ယူနီစန်ရဲ့ လက်ထောက်အတွင်းရေးမှူးချုပ် ဂျွန်ရစ်ချတ် ကတော့ ဝန်ကြီးတွေဟာ တခြားကမ္ဘာကဂြိုဟ်သားတွေလိုဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။ အစိုးရဝန်ထမ်းအလုပ်သမားသမဂ္ဂ ယူနီစန်ဟာ အကြီးဆုံးအလုပ်သမားသမဂ္ဂကြီးတခု ဖြစ်ပါတယ်။

"အကျပ်အတည်း အခြေအနေအောက်မှာ ကျန်းမာရေး၊ ပြုစုစောင့်ရှောက်ရေး၊ စာသင်ကျောင်း စတာတွေအတွက် ဝန်ထမ်းတွေ ဝင်ငွေပိုမိုလိုအပ် နေချိန်မှာ တက်လာတဲ့ကုန်စျေးနှုန်းနဲ့ လိုက်လျောညီထွေဖြစ်မဲ့ လစာတိုးမြှင့်မှုလုပ်ပေးဖို့ လိုအပ်နေပါတယ်" လို့ သူက ဆိုပါတယ်။

ဗြိတိန်ဒုတိယဝန်ကြီးချုပ် ဒိုမိနစ်ရတ်ဘ်က ဘီဘီစီတူဒေး အစီအစဥ်ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာတော့ "လစာတွေတိုးတောင်းခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ကြာရှည်ပိုမြင့်မားစေမှာ ဖြစ်ပါတယ်။ လစာတိုးတောင်းတဲ့နည်းနဲ့ ပြဿနာကို ပိုဆိုးအောင် မလုပ်ကြပါနဲ့။ အဲသလိုလုပ်ရင် ဆင်းရဲသားတွေအတွက် အဆိုးဆုံး ထိခိုက်ပါလိမ့်မယ်" လို့ ဆိုပါတယ်။

မေလအတွင်း စားကုန်တွေနဲ့ အချိုရည်စျေးနှုန်းမြင့်တက်မှုဟာ ငွေကြေးဖောင်းပွမှု အဓိကမြင့်တက်စေတဲ့ အကြောင်းဖြစ်တယ်လို့ ဗြိတိန်နိုင်ငံတော်စာရင်းအင်းဌာန ONS က ဆိုပါတယ်။

ယူကရိန်း၊ ရုရှားစစ်ပွဲကြောင့် နှစ်နိုင်ငံစလုံးကနေ ပြည်ပတင်ပို့နေတဲ့ ဂျုံနဲ့ပြောင်းကုန်သွယ်ရေးကို ကြီးကြီးမားမား ထိခိုက်သွားပါတယ်။ သူတို့နှစ်နိုင်ငံဟာ ကမ္ဘာမှာ ဂျုံနဲ့ပြောင်းအများဆုံးတင်ပို့နေတဲ့ နိုင်ငံတွေပါ။ အကျိုးဆက်ကတော့ ဂျုံနဲ့ပြောင်းကနေ ထုတ်လုပ်တဲ့ ပေါင်မုန့်နဲ့ မနက်စာ ဆီရီယယ်တွေ စျေးနှုန်းမြင့်တက်ကုန်ပါတယ်။ ယူကရိန်းဟာ နေကြာဆီ အဓိကတင်ပို့တဲ့တိုင်းပြည်လည်း ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ နေကြာဆီစျေးနှုန်း သိပ်တက်သွားပါတယ်။ နေကြာဆီနေရာမှာ အစားထိုးအသုံးပြုလို့ရတဲ့ ကျန်တဲ့ အစားထိုးကုန်စည် စားသုံးဆီအမျိုးမျိုးရဲ့ စျေးနှုန်းတွေလည်း မသွေမကွာ လိုက်ပါမြင့်တက်ကုန်ပါတယ်။

ကန်တာ စျေးကွက်သုတေသနကုမ္ပဏီရဲ့ ခန့်မှန်းချက်အရ စားကုန်အတွက် တနှစ်တာ အသုံးပြုငွေဟာ လူတစ်ယောက်ကို ပေါင် ၃၈၀ ပိုမိုကုန်ကျလိမ့်မယ်လို့ဆိုပါတယ်။

စျေးဝယ်သူတွေ၊ ဓာတ်ဆီဆိုင်မှာ ဆီဖြည့်သူတွေဟာ သူတို့အနေနဲ့ ပေါင် ၃၀ ဖိုးထက်ပိုမသုံးဖို့ ကန့်သတ်ထားတယ်လို့ ဆိုကြောင်း ASDA ဆူပါမတ်ကတ်က ဘီဘီစီကို ပြောပါတယ်။ စျေးဝယ်သူတွေဟာ သူတို့ဘတ်ဂျက်ကို ထိန်းဖို့အတွက် ပစ္စည်းတွေကို လျှော့ဝယ်နေကြတာပါ။

ယူကရိန်းဟာဂျုံနဲ့ပြောင်းအများဆုံးတင်ပို့နေတဲ့ နိုင်ငံတနိုင်ငံဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်းဟာဂျုံနဲ့ပြောင်းအများဆုံးတင်ပို့နေတဲ့ နိုင်ငံတနိုင်ငံဖြစ်

ဗြိတိန်နိုင်ငံတော်စာရင်းအင်းဌာန ONS ရဲ့ဘောဂဗေဒပညာရှင်အကြီးအကဲ ဂရန့်ဖစ်ဇနာက အခုမေလစာရင်းကောက်ယူသိရှိချက်အရ ကုန်ပစ္စည်းတွေရဲ့ စက်ရုံထွက်တန်ဖိုးကိုက ၄၅ နှစ်အတွင်း အမြင့်ဆုံးအဆင့်ကိုရောက်နေတယ်လို့ ဆိုပါတယ်။ စက်ရုံထွက်တန်ဖိုးဆိုတာ သယ်ယူပို့ဆောင်ခစရိတ်၊ အခွန်တချို့နဲ့ အမြတ်တွေ ထပ်မပေါင်းရသေးတဲ့ တန်ဖိုးဖြစ်ပါတယ်။ အဲသလို စက်ရုံထွက်တန်ဖိုး မြင့်တက်ရခြင်းဟာ ကုန်စျေးနှုန်းမြင့်တက်မှုကို မောင်းနှင်တွန်းပို့နေတဲ့ အရာလို့ သူကဆိုပါတယ်။ လစာတိုးပေးလိုက်ရင် ငွေပိုဖောင်းပွပြီး ကုန်စျေးနှုန်းထပ်တက်မယ်ဆိုတဲ့ သီအိုရီနဲ့ နှိုင်းယှဉ်တွေးတောဖွယ် ဖြစ်ပါတယ်။ ကုန်စည်တွေ ထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ ကုန်ကြမ်းတွေရဲ့ တန်ဖိုးကိုက အမြန်ဆုံးနှုန်းထားနဲ့ စံချိန်သစ်တင် မြင့်တက်နေတယ်လို့လည်း မစ္စတာဖစ်ဇနာက ဆိုပါတယ်။

ဒါပေမဲ့ မေလမှာ စားသောက်ကုန်စျေးနှုန်းထိုးတက်သွားသလို လောင်စာဆီစျေးနှုန်း စံချိန်သစ်တင်မြင့်တက်သွားပေမဲ့ အဝတ်အထည် စျေးနှုန်းနဲ့ ကွန်ပျူတာဂိမ်းစျေးနှုန်းတွေကတော့ ပြီးခဲ့တဲ့နှစ်လောက် မတက်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးဝန်ကြီးရီရှီဆုနတ် ကတော့ အစိုးရအဖွဲ့ဟာ ငွေဖောင်းပွမှု လျော့ကျရေး၊ ကုန်စျေးနှုန်းကျဆင်းရေးအတွက် နည်းလမ်းရှိသမျှ အသုံးပြုကြိုးစားနေတယ်လို့ ဆိုပါတယ်။

"လူတွေဟာ နေထိုင်စားသောက်စရိတ်ကြီးမြင့်လာလို့ စိုးရိမ်ပူပန်နေကြတာကို သိပါတယ်။ အဲဒါကြောင့် အဆင်းရဲဆုံးမိသားစု ၈ သန်းအတွက် ပေါင် ၁၂၀၀ ထောက်ပံ့ဖို့စီစဉ်နေပါတယ်"လို့ဆိုပါတယ်။

ဒါပေမဲ့ အနာကိုပလာစတာကပ်သလိုမျိုးလောက်နဲ့ မပြေလည်နိုင်ဘူးလို့ လေဘာပါတီရဲ့ ရှဲဒိုး ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရီးဗ် ကထောက်ပြပါတယ်။ အားကောင်းမောင်းသန် စီးပွားရေးအခြေအနေမျိုးရှိဖို့လိုတယ်လို့ သူကဆိုပါတယ်။

"ငွေကြေးအမြန်ဖောင်းပွမှုက မိသားစုဘဏ္ဍာရေးအခြေအနေကို ချောက်ကမ်းပါးစွန်းရောက်အောင်တွန်းပို့နေချိန်မှာ လစာနဲ့ကုန်စျေးနှုန်း တလှည့်စီမြင့်တက်မှု သံသရာလည်တဲ့ဖြစ်စဉ်ဖြစ်ပွားတာဟာလည်း ဗြိတိန်မှာ အသစ်အဆန်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ တိုရီအစိုးရရဲ့ စီမံခန့်ခွဲမှု အမှားကြောင့် လူနေမှုအဆင့်အတန်းနဲ့ အစစ်အမှန်လုပ်ခတွေ မြင့်တက်မလာခဲ့နိုင်တာပါ" လို့လည်း ရေချယ်ရီးဗ် ကဆိုပါတယ်။

ကုန်စျေးနှုန်းအလျင်အမြန်တက်တာကို ထိန်းတဲ့နည်းတနည်းက ဘဏ်တိုးနှုန်းမြှင့်တင်သတ်မှတ်တဲ့နည်းပါ။ ဒါဟာစုငွေအပေါ် အတိုးနှုန်းပိုရစေတဲ့ အတွက် လူတွေကို အသုံးလျှော့ပြီး ငွေပိုစုအောင် အားပေးပါတယ်။ အင်္ဂလန်ဗဟိုဘဏ်ဟာ ယူကေအတိုးနှုန်းကို ၁.၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီးပါပြီ။ ၅ ကြိမ်ဆက်တိုက်တိုးခဲ့တာလည်းဖြစ်ပါတယ်။ ၁၃ နှစ်အတွင်းမှာ ဘဏ်တိုးနှုန်းအမြင့်မားဆုံးလည်းဖြစ်ပါတယ်။

"ဒီနှစ်နောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှု တဖြည်းဖြည်းလျော့ကျလာကောင်းရဲ့ ဆိုတဲ့မျှော်လင့်ချက်ကတော့ အခုမရှိတော့ပါဘူး။ စိတ်မကောင်းပါဘူး။ ပိုဆိုးလာဖို့သာရှိပါတယ်။ ကုန်စျေးနှုန်းတွေဟာ သူ့ထက်ငါ အလုအယက်အပြေးပြိုင်သလို တက်နေကြပါတယ်" လို့ AJ Bell ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိ လော်ရာဆုတာက ဆိုပါတယ်။ လောင်စာဆီစျေး၊ ဓာတ်အားခနဲ့ စားသောက်ကုန်စျေးတွေ အပြိုင်တက်လိမ့်မယ်လို့ သူကဆိုပါတယ်။

ကုမ္ပဏီတွေအတွက် ဓာတ်အားခအမြင့်ဆုံးတက်ခွင့်ရှိတဲ့ စျေးနှုန်း သတ်မှတ်ချက်ဟာလည်း တိုးမြှင့်ပြင်ဆင်လာဖွယ်ရှိတယ်လို့ သုံးသပ်သူတို့က ခန့်မှန်းထားပါတယ်။