အမ်ဘာဟာ့ဒ်နဲ့တရားပြိုင်တဲ့အသရေဖျက်မှုမှာ ဂျွန်နီဒပ် အနိုင်ရ

ကြားနာမှုအတွင်း တက်ရောက်လာသူတွေကို နှုတ်ဆက်နေတဲ့ ဂျွန်နီဒပ်

ဓာတ်ပုံ ရင်းမြစ်, STEVE HELBER

ဓာတ်ပုံ ပုံစာ, ကြားနာမှုအတွင်း တက်ရောက်လာသူတွေကို နှုတ်ဆက်နေတဲ့ ဂျွန်နီဒပ်

ဟောလိဝုဒ်နာမည်ကျော် မင်းသား ဂျွန်နီဒပ်ဟာ ဇနီးဟောင်းဖြစ်သူ မင်းသမီး အမ်ဘာဟာ့ဒ်က စွပ်စွဲတဲ့အိမ်တွင်းအကြမ်းဖက်မှုအမှုမှာ အသရေဖျက်မှုအဖြစ်တရားပြိုင်ခဲ့ရာမှာ အနိုင်ရသွားပါတယ်။

အဲဒီစွပ်စွဲချက်ကို ကြားနာခဲ့တဲ့ ဂျူရီလူကြီးအဖွဲ့က မစ္စတာဒပ်ကို အမှုမှာ နစ်နာကြေးအနေနဲ့ ဒေါ်လာ ၁၅ သန်း ရပိုင်ခွင့်ရှိတယ်လို့လည်း ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် မင်းသမီး မစ္စဟာ့ဒ်ကတော့ မစ္စတာဒပ်အပေါ် စွပ်စွဲတဲ့ ပြန်လည်တုံ့ပြန်စွပ်စွဲတဲ့ ပြောဆိုချက် ၃ ချက်အတွက် နစ်နာကြေးဒေါ်လာ ၂ သန်း ရပိုင်ခွင့်ရှိတယ်လို့လည်း ဂျူရီအဖွဲ့ကဆုံးဖြတ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ကွာရှင်းခဲ့တဲ့ သူတို့ ၂ ဦးဟာ မပြေလည်တဲ့သူတို့ဆက်ဆံရေးအကြောင်း ကြားနာမှုတစ်လျှောက်လုံးမှာ သူပြိုင်ကိုယ်ပြိုင် အချက်အလက်တွေတင်ပြခဲ့ကြပါတယ်။

သီတင်းသုံးပတ်ကြာတဲ့အမှုကြားနာမှုကို အွန်လိုင်းကနေ ထုတ်လွှင့်ခဲ့ရာမှာ သန်းထောင်ချီကြည့်ရှုခဲ့

ဓာတ်ပုံ ရင်းမြစ်, JIM WATSON

ဓာတ်ပုံ ပုံစာ, သီတင်းသုံးပတ်ကြာတဲ့အမှုကြားနာမှုကို အွန်လိုင်းကနေ ထုတ်လွှင့်ခဲ့ရာမှာ သန်းထောင်ချီကြည့်ရှုခဲ့

မစ္စတာ ဒပ်နဲ့ မစ္စဟာ့ဒ်တို့ဟာ လှိုင်းထန်တဲ့သူတို့ရဲ့ အကြင်လင်မယားဘဝ၊ နောက် အဲဒီအကြင်လင်မယားဘဝ ကံခေပြီး ဘယ်လိုဘယ်ပုံ အဆုံးသတ်ခဲ့တယ်ဆိုတဲ့အကြောင်း အသေးစိတ်တွေကို အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယား ပြည်နယ်၊ ဖဲဖက်စ်မြို့မှာရှိတဲ့တရားခွင်မှာ ပြီးခဲ့တဲ့သီတင်း ၆ ပတ်လုံးလုံးမှာ ထုတ်ပြောခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအမှုကြားနာမှု အပြည့်အစုံကို ရုပ်မြင်သံကြားလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့သလို လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ချိန်မှာလည်း လူပေါင်းသန်းထောင်ချီ ကြည့်ရှုတဲ့အထိ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

၂ ရက်ကြာအောင် ချင့်ချိန်တွက်ဆပြီးတဲ့နောက်မှာတော့ ဂျူရီအဖွဲ့ဝင်တွေက အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရတယ်ဆိုတဲ့ မင်းသမီးရဲ့ ပြောဆိုချက်ဟာ မှားယွင်းတဲ့ပြောဆိုချက်ဖြစ်ပြီး အညှိုးကြောင့်လုပ်တဲ့ပြောဆိုချက်လို့ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့လည်း အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ လှိမ့်လုံးဖြစ်တယ်ဆိုပြီး မစ္စတာဒပ်ရဲ့ ရှေ့နေက ၂၀၂၀ ခုနှစ်မှာ ‌ဒေးလီးမေးလ်သတင်းစာကို ကြေညာချက်ထုတ်ခဲ့တာဟာလည်း မစ္စတာဒပ်အနေနဲ့ မစ္စဟာ့ဒ်ကို အသရေဖျက်မှုမြောက်တယ်လို့ ဂျူရီအဖွဲ့က တွေ့ရှိခဲ့ပါတယ်။

အဖွဲ့ဝင် ၇ ဦးပါတဲ့ ဂျူရီအဖွဲ့က သူတို့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ချချိန်မှာတော့ တရားရုံးအပြင်ဘက်မှာ ''ဂျွန်နီ'' ဆိုတဲ့ကြွေးကြော်သံတွေ ညံနေခဲ့ပါတယ်။

နောက်ဆုံးအမိန့် ချချိန်မှာတော့ မစ္စတာဒပ်ဟာ ကနဦးရှိထားတဲ့အလုပ်ကိစ္စတွေကြောင့် တရားခွင်ထဲမှာ ရှိမနေနိုင်ခဲ့တာလို့ သူ့ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမဲ့ မစ္စတာဒပ်ဟာ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်နိုင်ငံထဲကနေ စောင့်ကြည့်ခဲ့တယ်လို့ နားလည်ရပါတယ်။ ဗြိတိန်နိုင်ငံထဲရောက်နေဲ့ မစ္စတာဒပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူ့မိတ်ဆွေ ဗြိတိသျှ ဂီတသမား ဂျက်ဘက်ခ်နဲ့အတူ ဖျော်ဖြေပွဲတချို့မှာ ကြိုတင်ကြေညာထားတာမရှိဘဲ ပါဝင်ဖျော်ဖြေတာလည်း လုပ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အမှုအတွက် ဆုံးဖြတ်ချက်ချဖို့ရှိနေချိန်မှာပဲ မစ္စတာဒပ်တစ်ယောက် လန်ဒန်မြို့က တော်ဝင်အဲလ်ဘတ်ခန်းမအလယ်မှာ မတ်တပ်ရပ်လက်ခုပ်တီးကြတဲ့အထိ ပရိသတ်ရဲ့ သြဘာပေးမှုကို ရရှိခဲ့ပါတယ်။

မစ္စတာဒပ်ကတော့ ''ဂျူရီအဖွဲ့ဟာ ကျွန်တော့် ဘဝကို ပြန်ပေးလိုက်တာပါ။ အဲဒီအတွက်လည်း ကျေးဇူးတင်မိပါတယ်''လို့ ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။

''အမှန်တရားဟာ ပျက်သုဥ်းရိုး ထုံးစံမရှိ''လို့လည်း လက်တင်ဘာသာနဲ့ သူ့ထုတ်ပြန်ချက်ထဲရေးသားထား တာတွေ့ရပါတယ်။

''အမှန်တရားရရှိရေး ကျွန်တော့်ကြိုးပမ်းမှုဟာ ကျွန်တော့်လိုအခြေအနေကြုံနေရတဲ့အမျိုးသားနဲ့အမျိုးသမီးတွေ၊ နောက် သူတို့ကို ထောက်ခံနေကြသူတွေအတွက် အရှုံးမပေးဖို့ အားပေးရာလည်းရောက်စေတယ်''လို့ မစ္စတာ ဒပ်က သူ့ထုတ်ပြန်ချက်ထဲ ထပ်လောင်း ပြောကြားထားပါတယ်။

အမှုရှုံးသွားလို့ ဝမ်းနည်းပေမဲ့ အမေရိကန်ပြည်သူတစ်ယောက်အနေနဲ့ လွတ်လပ်ပွင့်လင်းစွာပြောဆိုနိုင်ခွင့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရပုံပေါ်လို့ ပိုဝမ်းနည်းရတယ်လို့ မစ္စဟာ့ဒ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Win McNamee

ဓာတ်ပုံ ပုံစာ, အမှုရှုံးသွားလို့ ဝမ်းနည်းပေမဲ့ အမေရိကန်ပြည်သူတစ်ယောက်အနေနဲ့ လွတ်လပ်ပွင့်လင်းစွာပြောဆိုနိုင်ခွင့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရပုံပေါ်လို့ ပိုဝမ်းနည်းရတယ်လို့ မစ္စဟာ့ဒ်က ပြောပါတယ်။

ဂျူရီအဖွဲ့ဆုံးဖြတ်ချက်ကို မျက်နှာတည်တည်နဲ့ ကျော်ဖြတ်ခဲ့တဲ့ မင်းသမီး အမ်ဘာဟာ့ဒ်ကတော့ ''သူ့အနေနဲ့ ကြေကွဲရတယ်'' လို့ ကြေညာချက်ထုတ်သလို ဂျူရီအဖွဲ့ဟာ သူတင်ပြခဲ့တဲ့သက်သေတွေကို မျက်နှာသာမပေးခဲ့ဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

မစ္စဟာ့ဒ်ရဲ့ရှေ့နေတွေကတော့ မင်းသမီးဟာ အမှုအတွက် အယူခံတက်ဖို့ စီစဥ်နေတယ်လို့ ပြောထားပါတယ်။