ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သီရိလင်္ကာမှာ အစိုးရအဖွဲ့ခေါင်းဆောင်တွေရဲ့ နေအိမ်တွေ မီးတင်ရှို့ခံခဲ့ရအပြီး စစ်တပ်က လုံခြုံရေးတာဝန်ယူထား
- ရေးသားသူ, တက်ဆာ ဝေါင်းနှင့် ဆိုင်မွန် ဖရေဆာ
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန
သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းကြီးကြောင့် ပြည်သူတွေ ဒေါသအမျက် တိုးလာနေချိန်မှာ ဝန်ကြီးချုပ် ရာဂျာပက်ခ်ရှာရဲ့ မိသားစုဆွေမျိုးတွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေကို လူအုပ်ကြီးက မီးရှို့ဖျက်ဆီးခဲ့အပြီး နိုင်ငံတဝန်း ကာဖျူးအမိန့် ထုတ်ပြန်ထားပါတယ်။
မနေ့က တစ်နေ့လုံး ဆူပူ ဆန္ဒပြမှုတွေဖြစ်ခဲ့အပြီး ဝန်ကြီးချုပ် ရာဂျာပက်ခ်ရှာ နုတ်ထွက်သွားခဲ့ပေမဲ့ အခြေအနေတွေ ပြန်မတည်ငြိမ်ခဲ့ပါဘူး။
မနေ့ညကတစ်ညလုံး လူအုပ်ကြီးက မစ္စတာ ရာဂျာပက်ခ်ရှာရဲ့ နေအိမ်ကို ဝိုင်းထားပြီး အထဲကို အတင်းဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မနက် မိုးလင်းခါနီးအချိန်မှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး မစ္စတာ ရာဂျာပက်ခ်ရှာကို ဘေးကင်းလုံခြုံရာ ကယ်ထုတ်သွားခဲ့ပါတယ်။
တနင်္လာနေ့ကစလို့ ခုချိန်ထိ ဆူပူအကြမ်းဖက်မှုတွေအတွင်း လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၂၀၀ ဒဏ်ရာရခဲ့ကြပါတယ်။
ဆူပူအကြမ်းဖက်မှုတွေကို နှိမ်နင်းနိုင်ဖို့ အာဏာပိုင်တွေ ကြိုးစားနေချိန်မှာ နိုင်ငံတဝန်း ကာဖျူး အမိန့်ကို ဗုဒ္ဓဟူးနေ့ မနက်အထိ ရက်တိုး ပြဋ္ဌာန်းထားပါတယ်။ ဆန္ဒပြသူအတော်များများက ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ရှာရဲ့ ညီ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ရှာကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဆက်တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။
လောလောဆယ် ကိုလံဘိုမြို့တော် လမ်းမတွေမှာ လူသူကင်းမဲ့နေပေမဲ့ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှု အထောက်အထားတွေကို နေရာအနှံ့ တွေ့နေရပါတယ်။ ဘတ်စ်ကားတွေကို ရေကန်ကြီးထဲ တွန်းချထားတာ၊ ပြတင်းပေါက်မှန်တွေ ရိုက်ခွဲခံထားရတာတွေကို တွေ့ရပြီး ကားတာယာတွေက ခုချိန်ထိ မီးလောင်နေဆဲ ဖြစ်ပါတယ်။ မနေ့ညက တစ်ညလုံး ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ရှာရဲ့ နေအိမ်အပြင်ဘက်မှာတော့ ရဲအစောင့်အရှောက်တွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။
မနေ့ညက နိုင်ငံရေးသမားတွေရဲ့ နေအိမ် ၅၀ ကျော်လောက် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ မနက်မိုးလင်းလာတဲ့အခါမှာတော့ အကြမ်းဖက်မှုတွေ လျော့ကျသွားခဲ့ပါတယ်။ ကာဖျူးအမိန့် ထုတ်ပြန်ထားပေမဲ့ ဆန္ဒပြမှုတွေက ဆက်ရှိနေပါတယ်။
ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ရှာ သူ့ရဲ့ ကိုလံဘိုမြို့နေအိမ်ကနေ ထွက်ပြေးလာအပြီး သူ့မိသားစုဝင်တွေနဲ့အတူ နိုင်ငံအရှေ့ပိုင်းက ထရင်ကိုမာလီး ရေတပ်စခန်းမှာ လာခိုလှုံနေတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး အဲဒီ ရေတပ်စခန်းရှေ့မှာ လူအုပ်ကြီး စုရုံး ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့လကစလို့ သီရိလင်္ကာနိုင်ငံမှာ ကုန်စျေးနှုန်းတွေ မတန်တဆ ထိုးတက်သွားမှု၊ လျှပ်စစ်မီး ပြတ်တောက်နေတွေကြောင့် ဆန္ဒပြမှုတွေ တိုးပွားလာခဲ့ပါတယ်။
တနင်္လာနေ့က ကိုလံဘိုမြို့တော်က ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ရှာရဲ့ နေအိမ် အပြင်ဘက်မှာ အစိုးရထောက်ခံသူတွေနဲ့ ဆန္ဒပြသူတွေအကြား အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာ ဆန္ဒပြသူတွေ အဓိက စုရုံးဆန္ဒပြရာ နေရာဖြစ်တဲ့ Galle Face Green ပန်းခြံမှာလည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။
အစိုးရထောက်ခံသူတွေက ရဲတွေ တားထားတဲ့ စည်းတွေကို ကျော်လာပြီး ဆန္ဒပြသူတွေကို တုတ်တွေ၊ ဝါးလုံးတွေနဲ့ ရိုက်နှက် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းရဲတွေ ရောက်လာခဲ့ပြီး မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ရပါတယ်။
ဒေါသအမျက်ထွက်နေတဲ့ ဆန္ဒပြလူအုပ်ကြီးက အစိုးရထောက်ခံသူတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြပြီး အစိုးရပါတီ၀င် လွှတ်တော်အမတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ လွှတ်တော်အမတ် တစ်ဦးကတော့ သူ့ရဲ့ကားကို လူအုပ်ကြီးက အတင်းဝိုင်းအုံလာချိန်မှာ လူနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ် တားဆီးခဲ့အပြီး သူ့ကိုသူ သတ်သေသွားခဲ့တယ်လို့ သီရိလင်္ကာရဲတွေက ပြောပါတယ်။
ညနက်လာချိန်မှာတော့ နိုင်ငံတဝန်းမှာ ဆန္ဒပြ လူအုပ်ကြီးက ရာဂျာပက်ခ်ရှာတို့ မိသားစုဆွေမျိုးတွေ၊ ဝန်ကြီးတွေ၊ အမတ်တွေ ပိုင်ဆိုင်တဲ့ အိမ်တွေကို မီးတင်ရှို့ ခဲ့ကြပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ နိုင်ငံ တောင်ပိုင်း ဟမ်ဘန်တိုတာဒေသမှာ ရှိတဲ့ ရာဂျာပက်ခ်ရှာ မိသားစုရဲ့ ဘိုးဘေးတွေ နေထိုင်ခဲ့ရာရွာက အချေအတင် အငြင်းပွားစရာ ပြတိုက် တဖြစ်လဲ မိသားစုအိမ်လည်း ပါပါတယ်။
အိမ်တွေ မီးစွဲလောင်နေချိန်မှာ လူအုပ်ကြီးက လက်ခုပ်လက်ဝါးတီး သြဘာပေးနေကြပုံတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားကြပါတယ်။
သမ္မတအိမ်တော်အနားမှာ ရှိတဲ့ ရပ်ကွက်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ စည်ပင် အမတ်တစ်ဦး သူ့အိမ် အတိုက်ခိုက်ခံခဲ့ရအပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ မဟင်ဒါ ရာဂျာပက်ခ်ရှာ ရာထူးကနေ နုတ်ထွက်သွားခဲ့အပြီးမှာ သူ့ကို သစ္စာစောင့်သိသူတွေ အများအပြားနဲ့ အတူ နေနေတဲ့ ဝန်ကြီးချုပ်နေအိမ် ခြံဝန်းအတွင်းထဲကို ဆန္ဒပြသူတွေ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီး နေအိမ်အပြင်ဘက်မှာ ဘတ်စ်ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ရဲတွေက လေထဲကို သေနတ်ပစ်ဖောက်၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
ဒီကနေ့ အင်္ဂါနေ့မနက်မှာတော့ မစ္စတာ ရာဂျာပက်ခ်ရှာဟာ ကိုလံဘိုမြို့ကနေ အတိအကျ မသိရတဲ့ နေရာတစ်ခုဆီ လေယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။
ကိုလံဘိုမြို့က တခြားနေရာတွေမှာလည်း အခြေအနေတွေက ဆက်တင်းမာနေဆဲ ဖြစ်ပါတယ်။ ဝါးတုတ်တွေ၊ သံတုတ်တွေ ကိုင်ဆောင်ထားတဲ့ လူတွေက လေဆိပ် အဝင်အထွက် လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး အဲဒီမှာ တွေ့နေကျ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လုံးဝ မတွေ့ရဘူးလို့ ဘီဘီစီ သတင်းထောက် အန်ဘရာဆန် အက်သီရာဂျန်က သတင်းပေးပို့ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ဗြိတိသျှအစိုးရလက်အောက်ကနေ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက အဆိုးရွားဆုံးလို့ ဆိုရမယ့် စီးပွားရေး အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရပြီး လူနေမှုကုန်ကျစရိတ်က ဘယ်လိုမှ မတတ်နိုင်တော့အောင် ကြီးမြင့်လာနေတဲ့အတွက် ပြည်သူတွေ ဒေါသအမျက် ထွက်နေကြတာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ အရန် နိုင်ငံခြားသုံးငွေကလည်း လုံးဝ မရှိသလောက် ဖြစ်နေပြီး အစားအသောက်၊ ဆေးဝါးနဲ့ လောင်စာဆီ အပါအဝင် အခြေခံပစ္စည်းတွေ ဝယ်ဖို့ လူတွေ မတတ်နိုင်ကြတော့တဲ့ အခြေအနေအထိ ဆိုက်ရောက်နေပါတယ်။
သီရိလင်္ကာအစိုးရက အရေးပေါ် ငွေကြေးအကူအညီပေးကြဖို့ နိုင်ငံတကာကို တောင်းခံထားပါတယ်။ သီရိလင်္ကာနိုင်ငံအတွက် နိုင်ငံခြားငွေ အများဆုံး ရှာပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ကပ်ဘေးကြောင့် ရပ်ဆိုင်းထားရတဲ့ အတွက် အခုလို ဖြစ်ရတာလို့ အစိုးရက အပြစ်ပုံချနေပါတယ်။ ဒါပေမဲ့ အခုလို အကျပ်အတည်းတွေနဲ့ ကြုံနေရတာဟာ စီးပွားရေးပိုင်းဆိုင်ရာ ကိုင်တွယ်ပုံ ညံ့ဖျင်းတဲ့အတွက်ကြောင့်လည်း ပါတယ်လို့ ကျွမ်းကျင်သူ အတော်များများက ဝေဖန်နေကြပါတယ်။
သူရဲကောင်းအဖြစ်ကနေ လူယုတ်မာ တစ်ဦးအဖြစ် ရောက်သွားခဲ့ရပုံ
ကိုလံဘိုမြို့က ဘီဘီစီ သတင်းထောက် အန်ဘရာဆန် အက်သီရာဂျန်ရဲ့ သုံးသပ်ချက်
သီရိလင်္ကာနိုင်ငံမှာ မနေ့ညက ဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် လူတွေ ထိတ်လန့်နေကြဆဲပါ။ နိုင်ငံရေးသမားအတော်များများဆိုရင် လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ပုန်းအောင်း ခိုလှုံနေကြသလို လူထုကြားထဲ လူလုံးထွက်ပြတာမျိုးတွေ မလုပ်ကြပါဘူး။
လုံခြုံမှုလုံးဝ မရှိပါဘူး၊ အထူးသဖြင့် အစိုးရအဖွဲ့ထဲက နိုင်ငံရေးသမားတွေပါ လို့ မကြာသေးခင်အချိန်ထိ မီဒီယာ ဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ နာလာကာ ဂိုဒါဟီဝါ က ဘီဘီစီကို ပြောပြပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ သူ့အိမ်လည်း ပါသွားပါတယ်။
တမီလ်ကျားသူပုန်တွေကို အနိုင်ယူနိုင်ခဲ့တဲ့ သူရဲကောင်းတစ်ဦးအဖြစ် တချိန်က လူများစု ဆင်ဟာလီလူမျိုးတွေရဲ့ ချီးမြှောက်မှုကို ခံခဲ့ရသူ မဟင်ဒါ ရာဂျာပက်ခ်ရှာ ဟာ အခုတော့ လူယုတ်မာကြီး တစ်ဦး ချက်ချင်း ဖြစ်သွားခဲ့ပါပြီ။ သူ့ကို ထောက်ခံသူတွေက အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီကနေ အပြန်အလှန် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရတာ ဆိုပြီး အတော်များများက ပြစ်တင် ပြောဆိုနေပါတယ်။
ရာဂျာပက်ခ်ရှာ ညီအစ်ကိုတွေဟာ အမြဲတန်း အတူ ရပ်တည်ခဲ့ကြပေမဲ့ ဒီတစ်ခါမှာတော့ သူတို့နှစ်ဦးအကြား သဘောကွဲလွဲမှုတွေကို မျက်ဝါးထင်ထင် တွေ့နေရပါတယ်။ မိသားစုရဲ့ အကြီးအကဲ ဝန်ကြီးချုပ် မဟင်ဒါကို ခေါင်းခံတာဝန်ယူဖို့နဲ့ ရာထူးကနေ နုတ်ထွက်ပေးဖို့ ညီဖြစ်သူ သမ္မတ ဂိုတာဘာယာက တိုက်တွန်းခဲ့အပြီးမှာ သူတို့နှစ်ဦးအကြား မပြေမလည် ဖြစ်လာခဲ့ကြပုံ ပေါ်ပါတယ်။
သီရိလင်္ကာနိုင်ငံကို နှစ်ပေါင်းများစွာ ကြီးစိုးအုပ်ချုပ်ခဲ့ကြတဲ့ ရာဂျာပက်ခ်ရှာ မိသားစုအနေနဲ့ ဒီအကျပ်အတည်း ပြဿနာကြီးကို ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲ ဆိုတာကို ဆက်စောင့်ကြည့်ကြရဖို့ ရှိပါတယ်။