ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သီရိလင်္ကာမှာ ဆန္ဒပြသူကို ကျည်အစစ်နဲ့ ပစ်ပြီးနောက်ပိုင်း နောက်ဆက်တွဲအခြေအနေ
သီရိလင်္ကာမှာ ဆန္ဒပြသူတွေကို ရဲက ကျည်ဆန်အစစ်သုံး ပစ်ခတ်လို့ အမျိုးသားတယောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘက်မလိုက်တဲ့စုံစမ်းစစ်ဆေးမှုတရပ် အမြန်ဆုံးလုပ်ပေးဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Right Watch ကတောင်းဆိုလိုက်ပါတယ်။
ရဲအဖွဲ့က အင်အားအလွန်အကျွံသုံးခဲ့ကြောင့် ထင်ရှားတဲ့အတွက် မမှန်ကန်တဲ့လုပ်ရပ်ကိုဆန့်ကျင် အပြစ်ပေးဖို့ သင့်တော်တဲ့ဆောင်ရွက်ချက်တွေ ပြုလုပ်သင့်တယ်လို့ Human Right Watch ကဆိုပါတယ်။
သီရိလင်္ကာနိုင်ငံ ရမ်ဘူခါနာမြို့မှာ ဆန္ဒပြနေသူတွေကို ဧပြီလ ၁၉ ရက်နေ့က ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာပါ။ အဲဒီပစ်ခတ်မှုကြောင့် အမျိုးသားတယောက်သေဆုံးပြီး တခြားလူ ၁၄ ယောက်ဒဏ်ရာရခဲ့တဲ့အတွက် ဒေါသပေါက်ကွဲနေကြပါတယ်။
"ရမ်ဘူခါနာမှာ ဧပြီလ ၁၉ ရက်နေ့က ဆန္ဒပြသူတွေအပေါ် ရဲကကျည်အစစ်သုံးခဲ့တာဟာ သေစေနိုင်တဲ့အင်အားကို ရန်လိုစွာသုံးစွဲခဲ့တာဖြစ်ပုံရတယ်။" လို့ Human Rights Watch ရဲ့အာရှဒေသဆိုင်ရာ တွဲဘက်ဒါရိုက်တာ ပက်ထရီရှာဂေါ့စ်မန်းက ဆိုပါတယ်။
"ကိုယ့်ဘဝ၊ ကိုယ့်စားဝတ်နေရေးအပေါ်အကျိုးသက်ရောက်စေတဲ့ အစိုးရရဲ့မူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်မှုကြောင့် လူတွေဟာ အသက်ပါထပ်ဆုံးရှုံးရတာမျိုးမဖြစ်သင့်ပါဘူး။" လို့လည်း ပက်ထရီရှာဂေါ့စ်မန်းက ဆိုပါတယ်။
ရမ်ဘူခါနာမြို့လယ်မှာ ရဲကသေနတ်နဲ့ပစ်နေတဲ့ဗီဒီယိုဟာ လူမှုကွန်ရက်မှာ အများအပြား ပြန့်နှံ့သွားခဲ့ပါတယ်။
ရဲအဖွဲ့ကတော့ ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် အနိမ့်ဆုံးအင်အားကိုသာ အသုံးပြုခဲ့တာပါလို့ပြောပေမဲ့ ဘာကြောင့် ကျည်ဆန်အစစ်သုံးဖို့လိုအပ်သလဲဆိုတာကို လူအများက မေးခွန်းထုတ်နေကြပါတယ်။
သီရိလင်္ကာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂသံတမန်တွေကလည်း အခုလုပ်ရပ်အပေါ် ရှုတ်ချကန့်ကွက်ကြပါတယ်။
ဗြိတိသျှကိုလိုနီဘဝကလွတ်မြောက်ခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ အဆိုးဝါးဆုံးလို့ဆိုရမဲ့ စီးပွားရေးအကျပ်အတည်းကြီးကို ကြုံတွေ့ရပြီးနောက် သီရိလင်္ကာမှာ အခုလို ဆန္ဒပြကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတာပါ။
ယူကရိန်းစစ် ပွဲဖြစ်ပွားပြီးနောက် ရေနံစျေးထိုးတက်သွားခဲ့ပါတယ်။ အစိုးရလက်ထဲမှာလည်း နိုင်ငံခြားငွေသိပ်လျော့နည်းသွားပြီး မရှိမဖြစ်စားကုန်တွေနဲ့ ဆေးဝါးတွေကိုပါ ပြည်ပကနေ အလုံအလောက်တင်သွင်းနိုင်စွမ်းမရှိတော့လို့ ကုန်စျေးနှုန်းတွေမြင့်တက်သွားပါတယ်။ လျှပ်စစ်မီးလည်း ပြတ်တောက်ခဲ့ပါတယ်။ ဒီလိုအခက်အခဲပေါင်းစုံကြောင့် သီရိလင်္ကာနိုင်ငံသားတွေ အများအပြား လမ်းပေါ်တက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက သမ္မတဂေါ့တာဘာယာရာဂျာပက်ဆာရဲ့ မူဝါဒအမှားတွေကြောင့်လို့ အပြစ်တင်ကြပြီး သမ္မတနှုတ်ထွက်ရေးတောင်းဆိုကြပါတယ်။ သမ္မတကငြင်းပါတယ်။
မစ္စတာရာဂျာပက်ဆာက အခုလက်ရှိအခြေအနေဆိုက်ရောက်စေမဲ့ အမှားတချို့ကို သူလုပ်ခဲ့ကြောင်း ဝန်ခံပါတယ်။ အဲဒီနောက် ဝန်ကြီးအသစ်တချို့ကို တနင်္လာနေ့ကခန့်ထားလိုက် ရာမှာ သီရိလင်္ကာနိုင်ငံသားအများအပြားက ဒေါသပိုထွက်ခဲ့ကြပါတယ်။
ရဲကတော့ သူတို့ပစ်ကိုပစ်ရမှာပဲလို့ဆို
သီရိလင်္ကာ ဆီဆိုင်ကြီးတွေမှာ လောင်စာဆီလက်လီစျေး ၆၅ % တက်သွားပြီးနောက် အင်္ဂါနေ့မှာ ဆန္ဒပြပွဲတွေ နေရာအများအပြား ဖြစ်ပွားခဲ့ပါတယ်။ ဂျုံမှုန့်လို မရှိမဖြစ် စားကုန်တွေလည်း အင်္ဂါနေ့က စျေးတက်သွားခဲ့ပါတယ်။
ရမ်ဘူခါနာက ဆန္ဒပြသူလူထုဟာ လောင်စာဆီရရှိရေး တောင်းဆိုပြီး ၁၅ နာရီလောက်ကြာအောင် ဆန္ဒပြခဲ့ကြတယ်လို့ ဘီဘီစီဆင်ဟားလား ဌာနက ရန်ဂါဆီရီလားက သတင်းပေးပို့ပါတယ်။
ထောင်သောင်းချီတဲ့ ကားမောင်းသူတွေ၊ ဘတ်စ်ကားမောင်းသူတွေဟာ မြို့တော်ကိုလံဘိုနဲ့ ကန္ဒီမြို့ကို ချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းမအနီးနားမှာ တာယာတွေမီးရှို့ပြီး လမ်းတွေကို ပိတ်ဆို့ထားခဲ့ကြပါတယ်။
ဒဏ်ရာရသူတွေထဲက အနည်းဆုံး ၃ ယောက်ဟာလည်း အထူးစိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူဟာ သေနတ်နဲ့ အပစ်ခံခဲ့ရဟန်ရှိတယ်လို့ ကာဂလာသင်ကြားရေးဆေးရုံရဲ့ ညွှန်ကြားရေးမှူး မီဟီရီပရီယန်ဂါနီက ဆိုပါတယ်။
"သေနတ်ဒဏ်ရာကြောင့် သေတာလို့ ကျွန်တော်တို့သံသယရှိပါတယ်။ ဒါပေမဲ့ သေဆုံးရခြင်းအကြောင်းရင်းကို အတိအကျအတည်ပြုနိုင်ဖို့အတွက်က ရင်ခွဲစစ်ဆေးမှု လုပ်ရပါဦးမယ်။" လို့သူကဆိုပါတယ်။
"ဆန္ဒပြသူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ရဲအဖွဲ့ကတော့ပစ်ရမှာပဲ။ သူတို့က မော်တော်ကားတာယာ တချို့ကိုလည်း မီးရှို့တယ်လေ။ အဲဒီတော့ရဲကတော့ပစ်ခတ်လူစုခွဲရမှာပဲ။" လို့ရဲအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိ နီဟားတော်ဒူဝါးက ဘီဘီစီကိုပြောပါတယ်။
လူထုဟာ ကျောက်ခဲတွေအပြင် တခြားပစ္စည်းတချို့နဲ့လည်း ရဲတွေကိုပစ်ပေါက်လို့ ရဲတချို့ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကဆိုကြပါတယ်။ ဒါပေမဲ့ ဒါတွေကို တုံ့ပြန်ဖို့ အသင့်တော်ဆုံးနည်းဟာ ကျည်ဆန်အစစ်လို့ ဘာကြောင့် ယူဆခဲ့ရသလဲဆိုတာ လူအများအပြားက မေးခွန်းထုတ်နေကြပါတယ်။
ဆန္ဒပြသူ အုပ်စုတခုဟာ လောင်စာဆီ လီတာ ၃ သောင်းပါတဲ့ ဓာတ်ဆီကားကို မီးတင်ရှို့ဖို့ကြိုးစားတဲ့အတွက် ဟန့်တားတဲ့အနေနဲ့ ရဲကပစ်ခတ်ခဲ့ရတာလို့ ရဲမှူးချုပ် ဝစ်ခရာမာရတ်နေးက နောက်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက အဲဒီအချက်ကိုငြင်းဆန်ကြပါတယ်။ လူမှုကွန်ရက်မှာ လူအများအပြားက အခင်းဖြစ်ပွားစဉ် ဗီဒီယိုကိုထောက်ပြပြီး အဲဒီအချိန်မှာ ထရပ်ကားမီးရှို့မဲ့ခြိမ်းခြောက်မှုမျိုး မတွေ့မြင်ရဘူးလို့ဆိုကြပါတယ်။
သီရိလင်္ကာတခြားနေရာတွေမှာ ဆန္ဒပြသူတွေကို ရဲကရိုက်နှက်တာ၊ မျက်ရည်ယိုဗုံးဖောက်ခွဲတာတွေကို ဖော်ပြတဲ့ ဗီဒီယိုတွေဟာလည်း လူအများအပြားကို ဒေါသထွက်စေခဲ့ပါတယ်။
သီရိလင်္ကာ အမေရိကန်သံအမတ် ဂျူလီချန်းကလည်း အကြမ်းဖက်ပစ်ခတ်မှုကို ပြည့်စုံပြီးပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ လူအများရဲ့ ငြိမ်းချမ်းစွာဆန္ဒပြပိုင်ခွင့်ကို ထိန်းသိမ်းကာကွယ်ရမယ်လို့လည်း ဆိုပါတယ်။
တိုင်းပြည်တည်ငြိမ်ဖို့ ပြတ်ပြတ်သားသား အုပ်ချုပ်ဖို့ ကတိပေးပြီး လူကြိုက်များလာခဲ့တဲ့ မစ္စတာရာဂျာပက်ဆာဟာ ၂၀၁၉ ခုနှစ်မှာ မဲအများအပြားရခဲ့ပေမဲ့ အခုဆန္ဒပြပွဲတွေဟာ အကြီးအကျယ် ပြောင်းပြန်လှန်ပစ်လိုက်ကြပါပြီ။ သူနဲ့ပတ်သက်ပြီး အကျင့်ပျက်လာဘ်စားမှု၊ နီးစပ်သူဦးစားပေးမှုတွေကို အဓိကဝေဖန်ကြပါတယ်။ သူ့ညီအစ်ကိုတွေနဲ့ တူတွေဟာ အရေးကြီးတဲ့ ဝန်ကြီးရာထူးတချို့ကို ယူထားကြပါတယ်။
အခုအသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေထဲမှာ သူ့ပါတီအမာခံတချို့ပါဝင်ကြပေမဲ့ ဝန်ကြီးချုပ်ရာထူးဆက်လက်ယူထားတဲ့ သမ္မတရဲ့အစ်ကို မဟင်ဒါမှတပါး ကျန်ဆွေမျိုးများကိုတော့ ဖယ်ရှားလိုက်ပါပြီ။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံ သီရိလင်္ကာအစိုးရက အရေးပေါ် ဘဏ္ဍာရေးအကူအညီတောင်းခံနေစဉ်ကာလ အတောအတွင်းမှာ အခုလိုဝန်ကြီးအဖွဲ့အသစ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။