ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်- ဆင်းရဲတဲ့နိုင်ငံတွေကို ကြွေးနွံထဲနစ်အောင် လုပ်နေသလား
- ရေးသားသူ, ကိုင်ဝမ်
- ရာထူးတာဝန်, ဘီဘီစီ၊ အချက်အလက်မှန် ရှာဖွေဖော်ထုတ်ရေးဌာန
ဆင်းရဲတဲ့ နိုင်ငံတွေကို ငွေတွေ ပုံအောချေးတတ်လေ့ရှိတဲ့ တရုတ်နိုင်ငံအပေါ် ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ အကြွေးတွေ ပြန်မဆပ်နိုင် ဖြစ်လာတဲ့အခါ အဲဒီနိုင်ငံတွေက တရုတ်အစိုးရရဲ့ ဖိအားပေးမှု၊ ကြီးစိုးမှုအောက် ရောက်ကုန်ကြတယ်လို့ စွပ်စွဲနေကြပါတယ်။
ဒါပေမဲ့လည်း ဒီစွပ်စွဲပြောဆိုမှုတွေကို တရုတ်အစိုးရက ပယ်ချခဲ့ပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ် မကောင်းအောင် အနောက်နိုင်ငံတချို့က လျှောက်ပြောနေတာပဲ ဖြစ်တယ်လို့ တုန့်ပြန်စွပ်စွဲနေပါတယ်။
"တရုတ်နိုင်ငံဆီက ငွေတွေ ချေးလို့ သူတို့ပြောသလို အကြွေးထောင်ချောက်ထဲ ကျသွားတဲ့ နိုင်ငံ ဘယ်နိုင်ငံမှ မရှိဘူး" လို့ ဆိုပါတယ်။
တရုတ်ရဲ့ ငွေချေးမှုတွေအကြောင်း
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တစ်နိုင်ငံထဲကနေ အများဆုံးငွေချေးငှားတဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံကနေ ဝင်ငွေနိမ့်တဲ့၊ အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံတွေကို ချေးတဲ့ငွေပမာဏဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ၃ ဆများလာခဲ့ပြီး ၂၀၂၀ ခုနှစ်ကုန်ပိုင်းမတိုင်ခင် ဒေါ်လာ ဘီလျံ ၁၇၀ ထိတောင် ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ရဲ့ ငွေချေးငှားမှုတွေကို ခြုံကြည့်ရင် အခုပြောခဲ့တဲ့ ပမာဏထက် အများကြီး ပိုများမယ့်ပုံ ရှိနေပါတယ်။
အမေရိကန်နိုင်ငံ William & Mary တက္ကသိုလ်က AidData နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့ရဲ့ လေ့လာချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တရုတ်က ချေးတဲ့ ငွေကြေးပမာဏရဲ့ တစ်ဝက်လောက်ဟာ တရားဝင်ကြွေးမြီစာရင်းမှာ မဖော်ပြထားဘူး ဆိုတာကို ထုတ်ဖော်သိခဲ့ရပါတယ်။
အကြွေးစာရင်းတွေကို အစိုးရရဲ့ စာရင်းဇယားတွေထဲမှာ ထည့်သွင်းထားလေ့ မရှိဘဲ နှစ်နိုင်ငံအစိုးရ အချင်းချင်းအကြား တိုက်ရိုက် စာချုပ်ချုပ်ဆိုတာမျိုးထက် အစိုးရပိုင်ကုမ္ပဏီနဲ့ ဘဏ်တွေ၊ ဖက်စပ်ကုမ္ပဏီတွေ ဒါမှမဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းတွေကနေတဆင့် စာချုပ်ချုပ်ဆိုလေ့ ရှိတယ်လို့ ဆိုပါတယ်။
AidData အဖွဲ့ရဲ့လေ့လာချက်အရ အခုအခါ တရုတ်နိုင်ငံဆီကနေ အကြွေးယူထားတဲ့ ဆင်းရဲတဲ့နိုင်ငံပေါင်း ၄၀ ကျော်ဟာ ဒီလို ဖုံးကွယ်ထားတဲ့ အကြွေးတွေကြောင့် စုစုပေါင်းအကြွေးပမာဏဟာ သူတို့ရဲ့ နှစ်စဥ် ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းထက်တောင် ပိုများနေတယ်လို့ သိရပါတယ်။
ဂျီဘူတီ၊ လာအို၊ ဇမ်ဘီယာနဲ့ ကာဂစ်စတန်နိုင်ငံတွေဆိုရင် တရုတ်ကို ပြန်ပေးရမယ့် အကြွေးဟာ သူတို့ရဲ့ နှစ်စဥ် ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး ပမာဏရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။
တရုတ်ကို ပြန်ပေးရမယ့် အကြွေးအများစုဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ရပ်ဝန်းတစ်ခု လမ်းတကြောင်း ဆိုတဲ့ BRI နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးအောက်က လမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း စတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေ၊ မိုင်းလုပ်ငန်းနဲ့ စွမ်းအင်လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေပါတယ်။
ဘယ်လို အကြွေးထောင်ချောက် ဆင်တာမျိုးလဲ၊ ဘယ်လို အထောက်အထားတွေနဲ့ ပြောနိုင်လဲ
ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေး ထောက်လှမ်းရေးအဖွဲ့ MI6 ရဲ့ အကြီးအကဲ ရစ်ချတ် မိုးရ် က တရုတ်အစိုးရဟာ တခြားနိုင်ငံတွေအပေါ် လွှမ်းမိုးနိုင်ဖို့ သူ့အဆို အကြွေးထောင်ချောက်တွေ ဆင်နေတယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။
တခြားနိုင်ငံတွေကို တရုတ်က ငွေတွေ ချေးနေတာဟာ တကယ်လို့ အကြွေးပြန်မဆပ်နိုင်ခဲ့ရင် အဲဒီနိုင်ငံတွေရဲ့ အဓိက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်နေတာ လို့ ဆိုပါတယ်။ တရုတ်အစိုးရကတော့ ဒီစွပ်စွဲချက်ကို ဟိုးကတည်းက ငြင်းဆိုနေခဲ့တာပါ။
တရုတ်ကို ဝေဖန်နေသူတွေက သီရိလင်္ကာနိုင်ငံကို မကြာခဏ ဥပမာပေး ပြောတတ်ကြပါတယ်။ သီရိလင်္ကာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း အတော်ကြာတုန်းက ဟမ်ဘန်တိုတာ ဆိပ်ကမ်းစီမံကိန်းကြီးကို တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ တွဲလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ဆီက ချေးငွေတွေ၊ ကန်ထရိုက်တာတွေကို သုံးပြီး လုပ်ခဲ့တဲ့ အဲဒီ ဒေါ်လာဘီလျံတန် စီမံကိန်းကြီးဟာ အချေအတင် အငြင်းပွားစရာတွေ ဖြစ်ခဲ့ရပါတယ်။ အကောင်အထည် ရလဒ်ကောင်း မပြနိုင်ဘဲ သီရိလင်္ကာအစိုးရမှာ အကြွေးတွေသာ ပိုတိုးလာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ၂၀၁၇ ခုနှစ်မှာ သီရိလင်္ကာအစိုးရက တရုတ်ဆီက နောက်ထပ် ရင်းနှီးမြှုပ်နှံမှု ရနိုင်ဖို့အတွက် အဲဒီဆိပ်ကမ်းရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ၉၉ နှစ် အငှားစာချုပ်နဲ့ တရုတ်အစိုးရပိုင် China Merchants ကုမ္ပဏီလက်ထဲ ထည့်ဖို့ သဘောတူခဲ့ရပါတော့တယ်။
ဒီဆိပ်ကမ်း စီမံကိန်းအပေါ် ယူကေအခြေစိုက် Chatham House နိုင်ငံရေး၊ စီးပွားရေးအကြံပေးအဖွဲ့ရဲ့ သုံးသပ်ချက် ထဲမှာတော့ ဒီဆိပ်ကမ်း သဘောတူချက်ဟာ ဒေသန္တရ နိုင်ငံရေးသမားတွေရဲ့ တွန်းအားပေးမှုနဲ့ လုပ်ခဲ့တာ ဖြစ်ပြီး တရုတ်အစိုးရက ဒီဆိပ်ကမ်းကို တရားဝင် ရယူပိုင်ဆိုင်တာမျိုး မရှိခဲ့တဲ့အတွက် ဒါဟာ တမင် ထောင်ချောက်ဆင် အကြွေးတင်အောင် လုပ်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကို မေးခွန်းထုတ်ထားပါတယ်။
သီရိလင်္ကာရဲ့ အကြွေးအားလုံးရဲ့ ပမာဏ အများစုဟာ တရုတ်မဟုတ်တဲ့ တခြား ကြွေးရှင်နိုင်ငံတွေဆီက ဖြစ်ပြီး ဒီဆိပ်ကမ်းကနေ စစ်ရေးပိုင်းဆိုင်ရာ နည်းဗျူဟာ အားသာမှုရဖို့ တရုတ်အစိုးရက အသုံးချခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ သူတို့ရဲ့ သုံးသပ်ချက်မှာ ထောက်ပြထားပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း သီရိလင်္ကာမှာ တရုတ်ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတယ်ဆိုတာကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါဟာ တရုတ်က ဒေသတွင်းမှာ နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်ဖို့ လုပ်နေဘွယ် ရှိတယ် ဆိုတဲ့ စိုးရိမ်မှုတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
အကြွေးမဆပ်နိုင်ရင် အရေးပါတဲ့ ပိုင်ဆိုင်မှုတွေကို တရုတ်က ချုပ်ကိုင်ခွင့် ရနိုင်ဘွယ် ရှိတဲ့ ကန်ထရိုက် သဘောတူချက်တွေနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေကိုလည်း တရုတ်က ငွေတွေ ထုတ်ချေးနေတာကြောင့် ဒီလို အချေအတင် မေးခွန်းထုတ်စရာတွေကို ပိုခိုင်မာစေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ AidData နဲ့ တခြား သုတေသီတချို့ရဲ့ လေ့လာချက်တွေအရတော့ ငွေချေးငှားမှု သဘောတူချက် ရာပေါင်းများစွာထဲမှာ အကြွေးပြန်မပေးနိုင်ရင် အဓိက ပိုင်ဆိုင်မှုတစ်ခုကို တရုတ်အစိုးရပိုင် ကုမ္ပဏီတွေက တကယ်တမ်း သိမ်းယူတာမျိုး တစ်ခုမှ မတွေ့ခဲ့ရပါဘူး။
တခြားနိုင်ငံတွေနဲ့ နှိုင်းစာရင် တရုတ်ရဲ့ ငွေချေးငှားမှုက ဘယ်လို အခြေအနေရှိသလဲ
တရုတ်အစိုးရက နိုင်ငံခြားတိုင်းပြည်တွေကို ချေးတဲ့ ငွေတွေကို ထုတ်ပြန်လေ့ မရှိပါဘူး။ သူ့ရဲ့ ကန်ထရိုက်စာချုပ် အများစုထဲမှာ ငွေချေးတဲ့ တိုင်းပြည်တွေအနေနဲ့ စာချုပ်ပါအချက်အလက်တွေကို အပြင်ကို ထုတ်ပြောခွင့် ပိတ်ပင်ထားတဲ့ စည်းမျဥ်းတွေ ထည့်သွင်းထားလေ့ ရှိပါတယ်။
ဒီလို လျှို့ဝှက်ထားတာမျိုးဟာ နိုင်ငံတကာ ငွေချေးစာချုပ် သဘောတူချက်တွေမှာ လုပ်နေကျ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
လန်ဒန်မြို့ Queen Mary တက္ကသိုလ်က ပါမောက္ခ လီ ဂျုန်းစ် ကလည်း "လျှို့ဝှက်ရေး သဘောတူချက်ဟာ နိုင်ငံတကာ စီးပွားရေး ငွေချေးစာချုပ်တွေမှာ လုပ်နေကျ ဖြစ်တယ်" လို့ ပြောပါတယ်။
"ပြီးတော့ တရုတ်ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ငွေကြေးအကူအညီပေးမှု အတော်များများဟာလည်း အခြေခံအားဖြင့် စီးပွားရေး လုပ်ဆောင်မှု တစ်ခု ဖြစ်တယ်" လို့ ဆိုပါတယ်။
စက်မှုထိပ်သီး နိုင်ငံကြီး အများစုက သူတို့ရဲ့ ငွေချေးငှားမှုအကြောင်း အချက်အလက်တွေကို Paris Club လို့ ခေါ်တဲ့ မဟာမိတ်အဖွဲ့အတွင်းမှာ အချင်းချင်း ပြန်ဝေမျှလေ့ ရှိကြပါတယ်။
တရုတ်ကတော့ ဒီအဖွဲ့ထဲ မဝင်ထားပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက ရတဲ့ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် တခြားနိုင်ငံတွေထက် စာရင် တရုတ်ရဲ့ ငွေချေးမှု ပမာဏ တဟုန်ထိုးတိုးလာနေတယ် ဆိုတာကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
တရုတ်ရဲ့ အကြွေးတွေက အကြေပြန်ဆပ်ဖို့ ခက်သလား
အနောက်အုပ်စုနိုင်ငံ အစိုးရတွေထက် အတိုးနှုန်း ပိုမြှင့်ပြီး တရုတ်က ငွေထုတ်ချေးလေ့ ရှိပါတယ်။
အတိုးနှုန်း ၄ ရာခိုင်နှုန်းနဲ့ ချေးတာမို့ ဒီအတိုးနှုန်းဟာ စီးပွားရေးစျေးကွက် အတိုးနှုန်းတွေလောက် ရှိပြီး ကမ္ဘာ့ဘဏ် ဒါမှမဟုတ် ပြင်သစ်၊ ဂျာမနီတို့လို နိုင်ငံတစ်ခုချင်းက ချေးလေ့ရှိတဲ့ အတိုးနှုန်းထက် ၄ ဆ ပိုများပါတယ်။
တရုတ်ဆီက အကြွေးကို ပြန်ဆပ်ရမယ့်ကာလကိုလည်း တိုတိုလေး ပေးထားပြီး ၁၀ နှစ်အောက်အတွင်း အကြေဆပ်ရမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံကြီးတွေကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ငွေချေးရင် သက်သက်ညှာညှာနဲ့ ၂၈ နှစ်လောက် အချိန်ပေးလေ့ ရှိပါတယ်။
တရုတ်အစိုးရပိုင် ကုမ္ပဏီတွေက သူတို့ ထုတ်ယူနိုင်တဲ့ ပြည်ပက ဘဏ်စာရင်းတစ်ခုမှာ ငွေချေးသူတွေကို အနည်းဆုံး သတ်မှတ်ထားတဲ့ ငွေသားပမာဏကို ထည့်ခိုင်းထားလေ့ ရှိပါတယ်။
"တကယ်လို့ ငွေချေးသူက အကြွေးပြန်မဆပ်နိုင်ဘူး ဆိုရင် တရားရုံးတွေ ဘာတွေကနေတဆင့် အကြွေးတောင်းစရာ မလိုဘဲ တရုတ်က အဲဒီ ဘဏ်စာရင်းကနေ ငွေထုတ်ယူနိုင်ပါတယ်" လို့ AidData အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဘရက် ပါ့က်စ် က ပြောပြပါတယ်။
အနောက်အုပ်စုနိုင်ငံတွေရဲ့ ငွေထုတ်ချေးမှုတွေမှာတော့ဒီလို လုပ်တာမျိုး တွေ့ရလေ့ သိပ်မရှိပါဘူး။
စီးပွားရေး အင်အားကြီးနိုင်ငံကြီးတွေ ဖြစ်ကြတဲ့ G20 စက်မှုထိပ်သီးနိုင်ငံကြီးတွေရဲ့ လက်ရှိ ပဏာမစီမံကိန်းတစ်ခုထဲမှာဆိုရင် ကိုဗစ် ကပ်ရောဂါဒဏ်ကို ရင်ဆိုင်ဖြေရှင်းနေကြရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီတဲ့အနေနဲ့ ကြွေးမြီကင်းလွတ်ခွင့် ပြုဖို့ ကမ်းလှမ်းထားပါတယ်။
ဒီကမ်းလှမ်းမှုမှာ တရုတ်ကလည်း ပါဝင်ခဲ့ပြီး ဒီအစီအစဥ်မှာပါတဲ့ ဘယ်နိုင်ငံမဆိုရဲ့ ပြန်ပေးရမယ့် အကြွေး အများဆုံးပမာဏကို သူတို့ပေးပေးမယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းအရ G20 စက်မှုထိပ်သီးနိုင်ငံတွေဟာ ၂၀၂၀ ခုနှစ် မေလကစလို့ စုစုပေါင်း ကြွေးမြီ ဒေါ်လာ ၁၀ ဒဿမ ၃ ဘီလျံကျော် ကင်းလွတ်ခွင့် ပြုခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံက ဘယ်လောက် ကင်းလွတ်ခွင့် ပြုခဲ့သလဲ ဆိုတာကို ကမ္ဘာ့ဘဏ်ကို ဘီဘီစီက မေးမြန်းခဲ့တဲ့အခါမှာတော့ သတင်းအချက်အလက်တွေ ထုတ်ပြောခွင့် မရှိဘူးလို့သာ ပြန်ဖြေကြားခဲ့ပါတယ်။