ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သီရိလင်္ကာအစိုးရ အဖွဲ့တစ်ဖွဲ့လုံးနီးပါး နုတ်ထွက်သွားတာတောင် ဘာလို့ဆန္ဒဆက်ပြနေကြတာလဲ
အစားအစာတွေနဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် သီရိလင်္ကာအစိုးရအဖွဲ့ တစ်ဖွဲ့လုံးနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတို့ ရာထူးကနုတ်ထွက်သွားပါတယ်။
ပြီးတော့ သမ္မတ ဂိုတာဘယာရာဂျာပါကဆာက အစိုးရသစ်ဖွဲ့စည်းဖို့ကြိုးစားနေသလို အဲ့ဒီထဲမှာဝင်ပါဖို့ ပါတီအားလုံးကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတွင်းက စီးပွားရေးအခြေအနေ အကျပ်အတည်းတွေက ပိုပိုဆိုးလာတဲ့အတွက် သမ္မတ ရာထူးကမနုတ်ထွက်မချင်း ဆန္ဒ ဆက်ပြသွားမယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောနေကြပါတယ်။
သီရိလင်္ကာနိုင်ငံတစ်ဝိုက်က ဆန္ဒပြတဲ့သူတွေ စိတ်ပျက်လက်ပျက်နဲ့ ဒေါသတွေပေါက်ကွဲထွက်နေကြပြီး ကြွေးကြော်သံတွေနဲ့ သူတို့ကိုင်ထားတဲ့ ပိုစတာတွေမှာ ရေးထားတဲ့စာတွေက အထူးသဖြင့် လူတစ်ဦးကို ဦးတည်ထားတာ တွေ့ရပါတယ်။
"ဂိုတာ ရာထူးကဆင်း" "ဂိုတာ ရာထူးကဆင်း" လို့ သူတို့ ကြွေးကြော်နေကြတာပါ။
ဂိုတာဆိုတာ သမ္မတ ဂိုတာဘယာ ရာဂျာပါကဆာရဲ့ နာမယ်ကို အတိုကောက်ခေါ်တာပါ။ သူဟာ သီရိလင်္ကာနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ သမ္မတတစ်ဦးဖြစ်သလို ပြည်သူတွေရင်ဆိုင်နေရတဲ့ ဆိုးရွာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အများစုက သူ့ကိုအပြစ်တင်နေကြပါတယ်။
"သူထွက်ရမယ်၊သူက ကျွန်တော်တို့ပိုင်ဆိုင်တာတွေအားလုံးကို လုယူသွားတဲ့သူ " လို့ ခင်ပွန်း၊ သမီးနှစ်ဦးနဲ့အတူ ညမထွက်ရအမိန့်ကို ဖီဆန်ပြီး တနင်္ဂနွေနေ့ ဆန္ဒပြပွဲမှာ ဝင်ပါခဲ့တဲ့ နာဒ်ဟီဝန်ဒါဂါလာက ပြောပါတယ်။
သက်တောင့်သက်သာ နေနေရတဲ့ဘဝကနေ နေ့စဉ်အဆင်မပြေတဲ့ ဘဝအခြေအနေကို ရောက်သွားတာ၊ တစ်နေ့ကို လျှပ်စစ်မီး၁၇နာရီ လောက်အထိပြတ်နေတာ၊ ဟင်းချက်ဖို့ အတွက် နေ့တိုင်း ဓာတ်ငွေ့တွေရအောင် ရှာနေရတာ၊ ကားထဲကိုထည့်ဖို့ ဓာတ်ဆီ တန်းစီ စောင့်ဆိုင်း နေရတာတွေအကြောင်းကို သူ့လက်တစ်ဖက်က လက်လုပ်ပိုစတာကို ကိုင်ထားရှင်း ရှင်းပြပါတယ်။
“ဆေးရုံတွေမှာတောင် ဆေးတွေကပြတ်နေပြီ။စာမေးပွဲဖြေဖို့ စာရွက်တွေ ကျောင်းတွေမှာ ပြတ်နေပေမယ့် နိုင်ငံရေးသမားတွေကတော့ နေ့တိုင်း လျှပ်စစ်မီးပုံမှန် ရနေပါတယ်။
ဓာတ်ငွေ့ နဲ့ ရေနံဆီရဖို့ လူတန်းရှည်ကြီးထဲဝင်တန်းစီနေရတဲ့ အထဲမှာ သူတို့တစ်ခါမှ မပါပါဘူး” လို့ အာဏာရှိတဲ့ သူတွေကို မထီမဲ့မြင်ပြုတဲ့လေသံနဲ့ ပြောပါတယ်။
တကယ်ဆိုရင် နာဒ်ဟီဟာ တက်ကြွလှုပ်ရှားသူ၊တက်ကြွတဲ့ ဆန္ဒပြသူ တစ်ယောက် မဟုတ်ပါဘူး။ သူ့ မြို့က ဓမ္မဆရာအတွက် အလုပ်လုပ်ပြီး နိုင်ငံရေးနဲ့ ဝေးဝေးနေရတာကို ကြိုက်တဲ့သူပါ။ ဒါပေမဲ့ အစိုးရဆန့်ကျင်ရေး သဘောထားအောက်မှာ စည်းလုံးနေကြတဲ့ နောက်ခံအမျိုးမျိုး၊ ဘာသာပေါင်းစုံ အသက်မျိုးစုံ လူတွေထဲမှာ သူလည်းတစ်ယောက် ပါဝင်နေပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အရန်နိုင်ငံခြားငွေ နည်းပါးနေတာကြောင့် လောင်စာဆီလို မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေဝယ်ဖို့ ပေးစရာငွေမရှိပါဘူး။ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းရတာကလည်း အကြောင်းရင်းတစ်ခုလို့ဆိုပေမဲ့ သမ္မတက ဒီအကျပ်အတည်း အခြေအနေကို လွဲမှားစွာ စီမံခန့်ခွဲခဲ့တယ်လို့ လူအများစုက ပြောနေကြတာပါ။
၂၀၁၉ခုနှစ်မှာ ရွေးကောက်ခံရပြီးတဲ့နောက် သမ္မတရာဂျာပါကဆာ မိတ်ဆက်ကျင့်သုံးခဲ့တဲ့ မူဝါဒတွေထဲက အခွန်ဖြတ်တောက်မှုပြင်းပြင်းထန်ထန်လုပ်တာ၊ သွင်းကုန်တွေ တားမြစ်တာ ၊နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဆီက အကူအညီယူဖို့ တွန့်ဆုတ်နေတာတွေက အကျပ်အတည်းကို ပိုဆိုးရွားစေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
သမ္မတရာဂျာပါကဆာကတော့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အရင်လူတွေကို အပြစ်တင်နေပေမယ့် နာဒ်ဟီရဲ့ သမီး အန်ဂျာလီတို့လို လူအများစုကတော့ သူရာထူးကချက်ချင်းထွက်ပြီး တာဝန်အပြည့်ယူရမယ့်အချိန်ရောက်ပြီလို့ ပြောနေကြပါတယ်။
သီရိလင်္ကာကလူတွေမှာ စိတ်ပျက်အားငယ်မှုတွေအများကြီးနဲ့ ကြုံနေရတဲ့အလားတူ သူတို့ကို တိုက်ရိုက် ဝေဖန်တာကို အစိုးရက တားဆီးဖို့ ကြိုးပမ်းနေတာတွေအတွက်လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
တနင်္ဂနွေနေ့က ညမထွက်ရအမိန့်ဟာလည်း လူစုဝေးတာကိုတားဆီးရပ်တန့်ဖို့ အတွက် သေသေချာချာ ထုတ်ထားတဲ့ အမိန့်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာလည်း သတင်းအမှောင် ချထားတွေလုပ်နေပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရရင် "လမ်းတွေ၊ ပန်းခြံတွေ၊ ရထားတွေပေါ် နဲ့ ပင်လယ်ကမ်းစပ်ဒေသတွေကို " သွားလာခွင့်မရှိဘူးဆိုပြီး သမ္မတက အထူး အမိန့်ကြော်ငြာစာထုတ် တားမြစ်ထားပါတယ်။
လူတွေကို အိမ်ထဲမှာပဲနေဖို့ အစိုးရက အမိန့်ထုတ်ထားပေမယ့် အဖမ်းခံရမယ့် အန္တရာယ်တွေကြား ဆန္ဒပြပွဲတွေမှာ ဝင်ရောက်ပူးပေါင်းခဲ့တဲ့ ရာနဲ့ချီတဲ့လူတွေထဲမှာ နာဒ်ဟီနဲ့ အန်ဂျာလီတို့ ပါဝင်ကြပါတယ်။
"ကျွန်မ အခွင့်အရေးတွေ ထိန်းချုပ်ရုပ်သိမ်းခံရလို့ ဒီနေ့ ဆန္ဒပြပွဲမှာ ဝင်ပါတာ။အခုအချိန် ကျွန်မ တို့မှာ ဒီ့ထက် ဆုံးရှုံးစရာလည်း ဘာမှမရှိတော့ဘူး။ ညမထွက်ရအမိန့်ကို သူတို့ ဘာလို့ ထုတ်ရတာလဲ၊ကျွန်မတို့ကို ကာကွယ်ပေးဖို့ဆိုတဲ့အကြောင်းပြချက်ကလည်း လုံးဝအဓိပ္ပါယ်မရှိဘူး"လို့ အန်ဂျာလီက ပြောပါတယ်။
"ဒီ သက်ဦးဆံပိုင် အာဏာရှင်ရဲ့ ဆိုးရွားပြင်းထန်တဲ့ ခြေလှမ်းတွေကို ဖော်ထုတ် တိုက်ထုတ်ပစ်ရမယ် " လို့ အတိုက်အခံခေါင်းဆောင် ဆာဂျိပရီမာဒါဆာကလည်း တနင်္ဂနွေနေ့ကလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ပြောခဲ့ပါတယ်။
မစ္စတာ ပရီမာဒါဆာနဲ့ သူ့ပါတီဝင်တွေ မြို့တော်ထဲက လွတ်လပ်ရေး ရင်ပြင်ထဲ ဝင်ရောက်ဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ အမြင့်ဆုံးဥပဒေက ပြည်သူတွေရဲ့ အမြင်သဘောထားဖလှယ်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်ခွင့်တွေရှိတယ်လို့ ပြဌာန်းထားတဲ့ အတွက် အဲဒီအခွင့်အရေးတွေကို ချိုးဖောက်လို့ မရပါဘူး။"
သူ့ အစ်ကို ၀န်ကြီးချုပ် မာဟင်ဒါရာဂျာပါကဆာနဲ့အတူ နိုင်ငံကိုအုပ်ချုပ်နေတဲ့ သမ္မတ ဂိုတာ ဘာယာရာဂျာပါကဆာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးပိတ်ပင်တယ်လို့ စွပ်စွဲခံရတာ ဒီအကြိမ်ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး ။
သူတို့ ညီအစ်ကိုမှာ ၂၀၁၉ခုနှစ် ရွေးကောက်ပွဲအနိုင်မရခင်တုန်းက နောက်ကြောင်း သမိုင်းတွေ ရှိပါတယ်။
မာဟင်ဒါ ရာဂျာပါကဆာဟာ သမ္မတနှစ်ကြိမ်လုပ်ခဲ့ဘူးသူဖြစ်သလို သီရိလင်္ကာပြည်တွင်းစစ် နောက်ဆုံးအဆင့် အဆုံးအဖြတ်တိုက်ပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရချိန်က ဂိုတာဘာယာ ရာဂျာပါကဆာကလည်း အဲ့ဒီတုန်းက ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့တဲ့သူ ဖြစ်ပါတယ်။
သဘောထားကွဲလွဲမှုတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တယ်ဆိုတဲ့ နာမည်ပျက် သမိုင်းကြောင်း သူတို့နှစ်ယောက်လုံးမှာ ရှိပါတယ်။
သီရိလင်္ကာမှာဖြစ်ခဲ့တဲ့ အီစတာ တနင်္ဂနွေ ဗုံးခွဲမှုတွေအပြီး လပိုင်း အကြာ ၂၀၁၉ခုနှစ်မှာ ရာဂျာပါ ကဆာက သီရိလင်္ကာကို "တင်းတင်းကျပ်ကျပ်" အုပ်ချုပ်မယ်လို့ ကတိတွေနဲ့ လူကြိုက်များ ထောက်ခံမှုအများစု ရရှိအောင် လုပ်ခဲ့ပါတယ်။
“နိုင်ငံတော်လုံခြုံရေးနဲ့အတူ ကျွန်တော်တို့လုံခြုံရေးကိုလည်း သူတို့လုပ်ပေးမယ်လို့ ထင်ကြပေမယ့် တကယ်တော့ သူတို့ လုပ်ပေးခဲ့တာမဟုတ်ဘူး” လို့ ရွေးကောက်ပွဲမှာ သမ္မတ ဂိုတာဘာယာ ရာဂျာပါကဆာကို မဲမထည့်ခဲ့တဲ့ ရိုရှင်တာက အခုလို ပြောပါတယ်။
"ဒီမိသားစုကြောင့် ကိုယ့်တိုင်းပြည် ပျက်စီးသွားတာကို မတွေ့ချင်ဘူး။ သူတို့က အင်အား တောင့်တင်းပြီး အာဏာရဖို့ လောဘကြီးတဲ့သူတွေဖြစ်တဲ့အတွက် သူတို့ ဆက် အာဏာရရင် ရနိုင်ပါသေးတယ်"
ကြာသပတေးနေ့တုန်းက ဆန္ဒပြပွဲဟာ ကိုလံဘိုမြို့မှာရှိတဲ့ သမ္မတဘာယာရာဂျာပါကဆာ အိမ်အပြင်ဘက်ထိ ရောက်လာတဲ့အတွက် အကြမ်းဖက်မှုတွေဖြစ်ခဲ့ပါတယ်။
ဆန္ဒပြ လူစုလူဝေးတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေ အသုံးပြုပြီးဖြိုခွဲ ခဲ့သလို သတင်းယူနေတဲ့ သတင်းထောက်အချို့နဲ့ ဒါဇင်ပေါင်းများစွာသော ဆန္ဒပြတဲ့သူတွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။
"သီရိလင်္ကာအာဏာပိုင်တွေအနေနဲ့ လွတ်လပ်စွာစုဝေးခွင့်၊ သဘောထားကွဲလွဲခွင့်တွေအပါအဝင် နိုင်ငံသားအားလုံးရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ငြိမ်းချမ်းမှုရှိဖို့ လိုအပ်တယ်" လို့ ကိုလံဘိုမြို့မှာရှိတဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က တွစ်တာကနေ တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဖမ်းဆီး ခံထားရတဲ့သူတွေထဲက အများစုဟာ နှိပ်စက်ညှဉ်းပန်းတာတွေ ခံခဲ့ရတယ်လို့ စွပ်စွဲ နေကြပါတယ်။
ကြာသပတေးနေ့ ဆန္ဒပြပွဲတွေအပြီး သိပ်မကြာခင်မှာပဲ သီရိလင်္ကာမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းတာတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်တာတွေအတွက် အာဏာပိုင်တွေက တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဖို့လုပ်တာလို့ အကြောင်းပြပါတယ်။
ညမထွက်ရ အမိန့်ကို ချိုးဖောက်တဲ့အတွက် စနေနေ့ကနေ တနင်္ဂနွေနေ့အထိ လူပေါင်း ၆၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သီရိလင်္ကာ အနောက်ပိုင်းပြည်နယ်က အရာရှိတွေက ပြောပါတယ်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ကိုလံဘိုမြို့က ဆန္ဒပြပွဲတွေကို သွားကြည့်တဲ့အချိန်မှာလည်း ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းတွေ ကိုင်ဆောင်ထားပြီး ဆန္ဒပြသူတွေကို အကွာအဝေးတစ်ခုကနေ စောင့်ကြည့်နေတာကို တွေ့ရပါတယ်။
“ ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် ဆန္ဒပြတာ”လို့ သူအကြိုက်ဆုံး အိုအေစစ် တီးဝိုင်း ပုံပါ တီရှပ်ဝတ်ထားတဲ့ ပန်းခြံဘေးမှာ ရပ်နေတဲ့ ဆာသာဆာရာက အခြေအနေကို ရှင်း ပြပါတယ်။
"ဒါက ကျွန်တော့် ရဲ့နောက်ဆုံးနည်းလမ်းပဲ"လို့ သူကပြောပါတယ်။
ကိုလံဘို့ မြို့မှာနေပြီး ကြော်ငြာလုပ်ငန်းလုပ်ကိုင်တဲ့ ဆာသာဆာရာဟာ အသက်နှစ်ဆယ့်ကိုးနှစ်ရှိပြီဖြစ်ပြီး ပုံမှန်အချိန်မှာဆို သူ့ရဲ့ စနေ တနင်္ဂနွေအချိန်တွေကို သူငယ်ချင်းတွေနဲ့အတူ ဂီတပွဲတွေသွား စားသောက်တာတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ အခုတော့ အဲ့ဒါတွေ သူ ဆက်လုပ်လို့မရတော့ပါဘူး။
"အခုအချိန်က ကျွန်တော်တို့ဘဝအတွက် အရေးကြီးတဲ့အချိန်။ ဒါတွေဖြစ်နေတော့ ကျွန်တော်တို့ဖြစ်ချင်တဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ဘယ်လိုလုပ်တော့မှာလဲ"
လျှပ်စစ်မီးတွေကလည်း နေ့တိုင်းပြတ်တောက်နေပြီး စားနပ်ရိက္ခာ ကုန်ကျစရိတ်တွေကလည်း တက်လာတာကြောင့် သူ့ ဘဏ်လက်ကျန်ငွေနည်းလာတဲ့အပေါ် စိတ်ပျက်အားငယ်မှုတွေ တိုးလာတယ်လို့ ဆာသာဆာရာက ပြောပါတယ်။
" စီမံခန့်ခွဲမှုတွေ ကောင်းကောင်းလုပ်နိုင်တဲ့ အစိုးရတစ်ရပ်ကိုရအောင် ကျွန်တော်တို့ကို လုပ်ပေးပါ၊ဒီအစိုးရက ကျွန်တော်တို့ကို ဘာမှဂရုမစိုက်ဘူး"လို့ သူက ဆိုပါတယ်။
ဆန္ဒပြသူတွေထဲမှာ အငယ်ဆုံးမိသားစုလို့ ပြောနိုင်တဲ့ ၁၅ လအရွယ် ကလေးငယ်လေးကို ချီလာတဲ့ ဆူချီတရာက မီးပြတ်ပြီး သူ့သားမအိပ်တဲ့အတွက် ပင်ပန်းနေတယ်လို့ ပြောပြပါတယ်။
"ပါလီမန်ထဲက နိုင်ငံရေးသမားတွေက အရည်အချင်းမရှိဘူး ။ တိုင်းပြည်ကို ကမောက် ကမဖြစ်အောင် သူတို့ လုပ်ခဲ့ကြတာ။ သူတို့ ကတိမတည်ကြဘူး။ လူတွေ ဒီထက်ဒု က္ခရောက် စရာတော့မရှိတော့ဘူး"လို့ သူကဆိုပါတယ်။