ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံခြားကြွေးမြီတွေဆိုင်းငံ့ထားမယ်လို့ သီရိလင်္ကာပြော
နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးဝါးဆုံးစီးပွားရေးအကျပ်အတည်းကြောင့် နိုင်ငံခြားကြွေးမြီတွေမဆပ်ဘဲ ယာယီဆိုင်းငံ့ထားမယ်လို့ သီရိလင်္ကာအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကိုဗစ်ကပ်ဘေးနဲ့ ယူကရိန်းစစ်ပွဲတွေက သီရိလင်္ကာကို အကြွေးမဆပ်နိုင်တဲ့ဘဝရောက်သွားစေခဲ့တယ်လို့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကဆိုပါတယ်။
တောင်အာရှနိုင်ငံတခုဖြစ်တဲ့ သီရိလင်္ကာမှာ အခုအခါ စားနပ်ရိက္ခာပြတ်လပ်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေကြောင့် လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
ကြွေးမြီကိစ္စဖြေရှင်းရေး၊ စီးပွားရေးလမ်းကြောင်းမှန်ပေါ် ပြန်လည်တည့်မတ်နိုင်ရေးတို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့နောက်သီတင်းပတ်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။
“သီရိလင်္ကာဟာ ဒီလိုအကျပ်အတည်းမျိုးမကြုံရဘူးဆိုရင် ၁၉၄၈ ခုနှစ်ကတည်းက ကြွေးမြီပေးဆပ်မှုနဲ့ပတ်သက်ပြီး အစွန်းအထင်းမရှိနာမည်ကောင်းနဲ့ ရပ်တည်လာတဲ့နိုင်ငံပါ”လို့ သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။
“လတ်တလောအဖြစ်အပျက်တွေက သီရိလင်္ကာရဲ့ ဘဏ္ဍာရေးအခြေအနေကို တဖြည်းဖြည်းလုံးပါးပါးလာစေပြီး ပြည်ပကြွေးမြီတာဝန်တွေကို ပုံမှန်ပေးဆပ်တာတွေအတိုးပေးတာတွေဆက်လုပ်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေရောက်သွားပါတယ်”လို့ သီရိလင်္ကာဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“သီရိလင်္ကာဟာ ကြွေးမြီပေးဆပ်မှုနဲ့ပတ်သက်ပြီး တောင့်ခံနိုင်တဲ့အခြေအနေမရှိတော့ဘူး”လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြီးခဲ့တဲ့လမှာ စစ်ဆေးအကဲဖြတ်ထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက မှတ်ချက်ပြုထုတ်ပြန်ထားပါတယ်။
“ပြင်ပကြွေးမြီအားလုံးနဲ့ ပတ်သက်ပြီးတည်ဆဲအခြေအနေမပျက် ဆက်လက်ဆောင်ရွက်နိုင်ဖို့ သီရိလင်္ကာအစိုးရက ထူးခြားတဲ့ဆောင်ရွက်ချက်တွေနဲ့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်တဲ့ပေါ်လစီတရပ်ဖြစ်မလာခဲ့ဘူးဆိုတာ အခုတော့ ထင်ရှားပေါ်လွင်လာပါပြီ” လို့လည်း ကြေညာချက်က ဆိုထားပါတယ်။
“ကြွေးမြီကတိကဝတ်နဲ့ပတ်သက်ပြီး ပြည့်စုံတဲ့အသစ်ပြန်လည်ရေးဆွဲမှုမျိုး ပြုလုပ်ဖို့လိုနေပါပြီ” လို့လည်းဆိုပါတယ်။
ကြွေးမြီပေးဆပ်နိုင်စွမ်းကို အဆင့်သတ်မှတ်အကဲဖြတ်ပေးတဲ့ ကုမ္ပဏီ credit rating agencies တွေကတော့ အခုအခြေအနေကို ကြွေးဆပ်ရန်ပျက်ကွက်မှုတခုအဖြစ် သတ်မှတ်မှတ်တမ်း တင်တာမျိုးမလုပ်သေးပါဘူး။
S&P Global Rating ကုမ္ပဏီကို ဘီဘီစီကမေးမြန်းရာမှာ အခုအဆင့်မှာတော့ ဘာမှမပြောလိုသေးပါဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ S&P Global Rating ကသီရိလင်္ကာရဲ့ ကြွေးဆပ်နိုင်စွမ်းကို အကဲဆတ်စိတ်မချရတဲ့အခြေအနေလို့ သတ်မှတ်ခဲ့ပါတယ်။ ကြွေးမြီပေးဆပ်ဖို့ ကတိကဝတ်တွေတည်နိုင်ဖို့ရာ အထူးအခွင့်အရေးရ စီးပွားရေးလုပ်ငန်းတွေအပေါ်မှီခိုနေရတယ်လို့ ဆိုခဲ့ပါတယ်။
Moody’s and Fitch Ratings ကုမ္ပဏီကတော့ ဘီဘီစီရဲ့မေးမြန်းမှုကို အချိန်မီမတုံ့ပြန်ခဲ့ပါဘူး။
Lakshini Fernando Asia Securities ကုမ္ပဏီက လက်ရှီနီဖာနန်ဒိုကတော့ သီရိလင်္ကာအစိုးရရဲ့ ဆောင်ရွက်ချက်ကို ကြိုဆိုထားပါတယ်။ ကြွေးမဆပ်နိုင်တော့ဘူးလို့ ယတိပြတ်ငြင်းပယ်တာ၊ နှစ်ပေါင်းများစွာကြာတဲ့အထိ ကြွေးမဆပ်နိုင်ဘူးလို့ ငြင်းပယ်တာမျိုးထက်စာရင် သီရိလင်္ကာရဲ့ အခုလှမ်းလိုက်တဲ့ခြေလှမ်းက ကောင်းမွန်တဲ့ရွေးချယ်မှုပဲလို့ဆိုပါတယ်။
သီရိလင်္ကာရဲ့အခုကြွေးဆပ်နိုင်စွမ်းအဆင့်အတန်းကို ကြွေးမြီတစိတ်တပိုင်းပေးချေရန်ပျက်ကွက်မှု သို့မဟုတ် ကြွေးမြီတကြိမ်တခါပေးချေရန်ပျက်ကွက်မှုလို့ အဆင့်နှိမ့်ချသတ်မှတ်ရလိမ့်မယ်လို့ယူဆကြောင်းလည်း မစ္စဖာနန်ဒိုကပြောပါတယ်။
နောက်လမှာ သီရိလင်္ကာအစိုးရဟာ နိုင်ငံတကာအစိုးရချေးငွေ ဘွန်းစာချုပ်တွေအတွက် ဒေါ်လာ ၇၈ သန်းပေးချေရမဲ့အကြွေးရှိနေတယ်လို့လည်း သူကဆိုပါတယ်။
မတ်လကုန်တုန်းက သီရိလင်္ကာအစိုးရလက်ထဲမှာရှိတဲ့ နိုင်ငံခြားငွေလက်ကျန်က ဒေါ်လာ ၁.၉၃ ဘီလျံဖြစ်ပါတယ်။ ဒါပေမဲ့ဒီနှစ်ထဲမှာ ပေးဆပ်ချိန်ကျရောက်တဲ့ ကြွေးမြီပမာဏက ဒေါ်လာ ၄ ဘီလျံရှိပါတယ်။
ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ မရှိမဖြစ်စားကုန်တွေပြတ်လပ်မှုကို သက်သာစေရေးအတွက် အခုလောလောဆယ် အသစ်ခန့်အပ်လိုက်တဲ့ ဗဟိုဘဏ်အကြီးကဲသစ်က အတိုးနှုန်းကို နှစ်ဆနီးပါးတိုးမြှင့်လိုက်ပါတယ်။
မြို့တော်ကိုလံဘိုရဲ့ လူနေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးမမှန်ဖြစ်ခဲ့လို့ ဒီသီတင်းပတ်တွေအတွင်း လူအများအပြားလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။
သီရိလင်္ကာအစိုးရဟာ IMF နဲ့ ချေးငွေစိုက်ထုတ်ကူညီမှုအစီအစဉ် bailout အတွက် မကြာခင်မှာဆွေးနွေးတော့မှာဖြစ်ပါတယ်။ အဲသလိုမဆွေးနွေးမီ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ငွေကြေးတန်ဖိုးကိုအကြီးအကျယ်လျှော့ချသတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စားသောက်ကုန်ပြတ်လပ်မှု၊ ငွေကြေးဖောင်းပွမှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။