ယူကရိန်းစစ်ပွဲ- အနောက်အုပ်စုကြား သဘောထားကွဲပြားမှု ဖြစ်နိုင်ခြေ ၅ ရပ်

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်လိုက်တာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ သဘောထားက တညီတညွတ်တည်း ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ရုရှားကျူးကျော်စစ် အနေအထားက ရေရှည်ဖြစ်လာပြီး အသွင်လည်း ပြောင်းလာမယ်ဆိုရင်တော့ အဲဒီ သဘောထား ညီညွတ်မှုကလည်း ဆက်ရှိမရှိ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

အခုလို အနောက် မဟာမိတ်အုပ်စုအကြား သဘောထား ကွဲပြားသွားစေနိုင်တဲ့ အခြေအနေ ငါးခု ရှိတာကို ဘီဘီစီ သံတမန်ရေးဆိုင်ရာ သတင်းထောက် ဂျိမ်းစ် လန်းဒေးလ်က သုံးသပ်တင်ပြခဲ့ပါတယ်။

အနောက်နိုင်ငံတွေ စစ်ရေး ရည်ရွယ်ချက်အရ သဘောထားကွဲနိုင်သလား

ရုရှားက ယူကရိန်းကို မကျူးကျော်ခင်က အနောက် လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ အချင်းချင်း မဟာမိတ် ဖြစ်မှု အတိုင်းအတာကို မေးခွန်းထုတ်မှုတွေရှိခဲ့ပြီး အမျိုးသားရေး ခံစားချက်ကို ဦးစားပေးတဲ့ နိုင်ငံတွေလည်း ရှိခဲ့တာကို တွေ့ရပါတယ်။

အထူးသဖြင့် အမေရိကန်နဲ့ နေတိုးစစ်စာချုပ်အဖွဲ့ဝင် ဥရောပနိုင်ငံတွေအကြား ကာကွယ်ရေး အသုံးစရိတ် မျှခံမှုနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကနေ မဟာမိတ်ဖြစ်မှု အတိုင်းအတာကို မေးခွန်းထုတ်လာတာတွေ ရှိခဲ့ပြီး အမေရိကန်ဘက်ကလည်း ယခင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှာ 'အမေရိကန်အရေး ပထမ ဦးစားပေး' ဆိုတဲ့ ကြွေးကြော်မှုနဲ့အတူ အမျိုးသားရေး ဆန်သွားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု ဖြစ်လာတဲ့အခါမှာတော့ တညီတညွတ်တည်း ရုရှားကို ဆန့်ကျင်တဲ့နေရာမှာ စည်းလုံးခဲ့ကြတာကို တွေ့ရပါတယ်။

အနောက်နိုင်ငံတွေက ယူကရိန်းကို ငွေအား၊ လက်နက်အားနဲ့ အလုံးအရင်း ထောက်ပံ့နေကြဆဲလည်း ဖြစ်ပေမယ့် ရေရှည်ဘယ်လောက်အထိ တညီတညွတ်တည်း ဆက်သွားမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

အခုလို ယူကရိန်းကို ထောက်ပံ့နေရာမှာ ရုရှားကို လုံးဝ အနိုင် တိုက်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ထောက်ပံ့တာလား၊ ယူကရိန်း မနိုင်မချင်း ဆက်ထောက်ပံ့မှာလား ဆိုတဲ့ စစ်ရေး ရည်မှန်းချက်တွေက အနောက်နိုင်ငံတွေအကြား ကွဲပြားသွားနိုင်ပါတယ်။

ဒါ့အပြင် ယူကရိန်းနဲ့ ရုရှားတို့ တဖက်ဖက်က အောင်နိုင်သွားမှုနဲ့ ရှုံးနိမ်သွားမှုတွေကို လက်တွေ့ ဘယ်လို ကန့်သတ်ချက်တွေနဲ့ တိုင်းတာမှာလဲ ဆိုတဲ့ နေရာမှာတောင် အချင်းချင်း အယူအဆ ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။

ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဆိုရင်လည်း ပါလီမန်မှာ အမတ်တွေကို ပြောကြားခဲ့ရာမှာ ရုရှားသမ္မတ ပူတင် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားအောင် အားလုံးတညီတညွတ်တည်း လိုအပ်တာ မှန်သမျှ လုပ်ဆောင်ရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားသမ္မတ ပူတင်က ဘယ်လို ဖြစ်သွားရင် ရှုံးနိမ့်တယ်လို့ ယူဆနိုင်သလဲ ဆိုတာကိုတော့ မစ္စတာ ဂျွန်ဆင်က ထည့်မပြောခဲ့တာကို တွေ့ရပါတယ်။

မစ္စတာ ဂျွန်ဆင် အနေနဲ့ ယူကရိန်းကို ထောက်ပံ့မှုနဲ့ ရုရှားဇွတ်တိုးမှုကို တားဆီးတယ် ဆိုတဲ့နေရာမှာ ရုရှားအစိုးရနဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ရေး အထိ မရည်ရွယ်ဘူး ဆိုတာကိုတော့ သူက ကန့်သတ် သတ်မှတ်ချက်အနေနဲ့ ထည့်သွင်း ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။

အခုလို သတ်မှတ်ရခြင်း အကြောင်းကတော့ မစ္စတာ ပူတင်က သူတို့ရဲ့ စစ်ပွဲဟာ အနောက်အုပ်စုနဲ့ သူနဲ့အကြား စစ်ပွဲလို့ ပုံဖော်လာမှာ ဖြစ်တဲ့အတွက်လို့ ယူကေဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီလို ပုံဖော်ခံရတာမျိုးကိုလည်း လက်မခံသင့်ဘဲ ယူကရိန်းပြည်သူတွေကို ကာကွယ်ရေးအတွက် အနောက်နိုင်ငံတွေက ကူညီရတာ ဖြစ်တယ်ဆိုတဲ့ ပန်းတိုင်ထားရမယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့တာကို တွေ့ရပါတယ်။

အခုလို ရုရှားကို တန်ပြန်ဖို့အတွက် ယူကရိန်းကို ကူညီတဲ့ နေရာမှာ ယူကေထားတဲ့ ရည်မှန်းချက်နဲ့ အမေရိကန်ဘက်က ရည်မှန်းချက်တို့က အနာဂတ်အထိ မရောက်ပဲ လက်ရှိ အခြေအနေမှာတင်ပဲ ကွဲလွဲနေတာကို တွေ့နေရပါတယ်။

အကြောင်းကတော့ မကြာသေးခင်ကပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ယူကရိန်းကို ဝင်တိုက်နေတဲ့ ရုရှားတပ်တွေကို အနိုင်ရသွားရုံနဲ့ လုံလောက်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ရုရှားကို ယူကရိန်းကို ကျူးကျော်သလိုမျိုး နောက်ထပ် လုပ်လို့ မရလောက်တဲ့အထိ အားနည်းသွားစေချင်တာ ဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အဲဒီ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ရုရှား ကာကွယ်ရေး ကဏ္ဍ အပါအဝင် စီးပွားရေး ဒဏ်ခတ်မှုတွေလုပ်တာ၊ ရုရှားရဲ့ စစ်အင်အားကို သိသိသာသာ ထိခိုက်သွားတဲ့အထိ တိုက်ခိုက်နိုင်အောင် ယူကရိန်းကို ထောက်ပံ့ပေးတာတွေလည်း လုပ်လာနိုင်ပါတယ်။

ဒါပေမဲ့ အခုလို ရည်မှန်းချက်မျိုးအထိကတော့ အနောက်အုပ်စုက နိုင်ငံတိုင်းမှာ ရှိချင်မှ ရှိနိုင်ပြီး အနောက်အုပ်စုက ရုရှားနိုင်ငံ တည်ရှိမှုကိုအထိ ခြိမ်းခြောက်လာနေတယ်ဆိုတဲ့ ရုရှားသမ္မတ ပူတင်ရဲ့ ဝါဒဖြန့် ပြောဆိုမှုအကွက်ထဲ ဝင်သွားမှာကို စိုးရိမ်တဲ့ နိုင်ငံတွေလည်း ရှိမှာ ဖြစ်ပါတယ်။

ယူကရိန်းကို စစ်ရေးထောက်ပံ့မှု ပုံစံမှာ အနောက်နိုင်ငံတွေ သဘောထားကွဲနိုင်သလား

လောလောဆယ်မှာ အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်ရေး အရ ထောက်ပံ့မှု အပိုင်းမှာ အများစု သဘောထား တူညီကြတာ ရှိတယ် ဆိုပေမယ့် အသေးစိတ်ပိုင်း တချို့မှာ ကွဲလွဲမှု ရှိနေတာကို တွေ့ရပါတယ်။

တချို့ အနောက်နိုင်ငံတွေ အနေနဲ့ လက်ရှိ ပဋိပက္ခမှာ သွေးစွန်းတာတွေ ပိုများလာမှာ စိုးရိမ်တဲ့အတွက် ယူကရိန်းကို အင်အားကြီး လက်နက်တွေ ထောက်ပံ့ရေးမှာ တွန့်ဆုတ်တာမျိုးတွေ ရှိနေပါတယ်။

တဖက်မှာတော့ တချို့ အနောက်နိုင်ငံတွေက ပိုမို အားကောင်းတဲ့ လက်နက်ခဲယမ်းနဲ့ ကျည်ဆန်တွေကို တိုးမြှင့်ပြီး ပေးပို့နေတာလည်း တွေ့နေရပါတယ်။

ယူကေပါလီမန်အတွင်းက ကာကွယ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဖြစ်သူ တိုဘိုင်းရက်စ် အယ်လ်ဝုဒ် က ဆိုရင် ယူကေအနေနဲ့ ယူကရိန်းကို ရှုံးမသွားအောင် လက်နက်တွေ ထောက်ပံ့ပေးနိုင်ပေမယ့် အနိုင်ရဖို့ သေချာတဲ့အထိ မပေးနိုင်သေးတဲ့အတွက် ယူကေဘက်က လက်နက်တွေ တိုးပြီး ထောက်ပံ့ဖို့ လိုနေတယ်လို့ ဘီဘီစီကို ပြောကြားထားပါတယ်။

ယူကေအနေနဲ့ ယူကရိန်းကို ကူညီရာမှာ လက်ရှိ ရှေ့တန်းစစ်မြေပြင်ကို မဆုံးရှုံးရုံ တမယ် ထောက်ပံ့ပေးနေလို့မဖြစ်ဘဲ အနိုင်တိုက်ထုတ်နိုင်တဲ့အထိ ပေးရမှာ ဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အခြား အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို ကာကွယ်ပေးရင်း ရုရှားနဲ့ သွယ်ဝိုက် စစ်တိုက်ရသလို ဖြစ်သွားတဲ့ အနေအထားလည်း မဖြစ်ချင်ကြတာကို တွေ့ရပါတယ်။

အခုလို အတိအလင်း ဖြစ်သွားခဲ့မယ်ဆိုရင် အနောက်နိုင်ငံတွေကို စတင် ပစ်မှတ်ထား တိုက်ခိုက်ဖို့ ရုရှားကို တွန်းအားပေးသလို ဖြစ်သွားမှာကို စိုးရိမ်တဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။

ရုရှားအနေနဲ့လည်း စစ်ပွဲ အရှိန်မြင့် ကြီးမား ကျယ်ပြန့်လာမယ်ဆိုရင် အနောက်နိုင်ငံတွေရဲ့ ယူကရိန်းကို ထောက်ပံ့တဲ့ လက်နက်လမ်းကြောင်းကို တိုက်ခိုက်တာ၊ အွန်လိုင်းကနေ ဆိုင်ဘာ တိုက်ခိုက်တာနဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ သုံးလာတာမျိုးအထိ ပြန်လည် တုံ့ပြန် လာနိုင်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် ကိုယ်တိုင်ကလည်း နျူးကလီးယား စစ်ပွဲ ဖြစ်သွားနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ပြင်းပြင်းထန်ထန် ပွင့်ပွင့်လင်းလင်း သတိပေးထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးအရ ပဋိပက္ခဖြေရှင်းဖို့ နည်းလမ်းရှာရာမှာအနောက်နိုင်ငံတွေသဘောထား ကွဲနိုင်မှု

ယူကရိန်း-ရုရှား ပဋိပက္ခ အခြေအနေက စစ်ရေးအရ မပြီးမပြတ်နိုင်ဘဲ ဖြစ်နေတယ်ဆိုရင် နိုင်ငံရေး ဖြေရှင်းဖို့ ဖိအားတွေလည်း များလာနိုင်ပါတယ်။

လက်ရှိအခြေအနေမှာ အနောက်နိုင်ငံတွေက ယူကရိန်းအစိုးရပိုင်း လုပ်ဆောင်သမျှကို ထောက်ခံ ထောက်ပံ့ပေးနေမယ်လို့ ယူဆချင်စရာ ဖြစ်ပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်ရေးပြေငြိမ်းပြီး နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းဖို့ တွန်းအားပေးတဲ့ လမ်းကြောင်းပြောင်းလာချိန်မှာ ယူကရိန်းခေါင်းဆောင်ပိုင်းက စစ်ဆက်တိုက်ချင်နေသေးတယ်ဆိုရင် အနောက်နိုင်ငံတွေက ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

နောက်ထပ် တဖက်လှည့်နဲ့ ပြန်စဉ်းစားကြည့်ရရင် ယူကရိန်းက ရုရှားကို အလျှော့ပေးတဲ့ သဘော သက်ရောက်သွားတဲ့ ပြေငြိမ်းမှုမျိုးကို အနောက်နိုင်ငံတွေအကြား လက်ခံသူနဲ့ လက်မခံသူ ကွဲပြားသွားတာတွေလည်း ရှိလာနိုင်ပါတယ်။

အခုလို အခြေအနေနှစ်မျိုးစလုံးကို ယူကရိန်းကို လက်နက်ထောက်ပံ့နေတဲ့ ပုံစံနဲ့ ပတ်သက်လို့ အပြောင်းအလဲ လုပ်ရာမှာ အနောက်နိုင်ငံတွေ အကြား သဘောထားကွဲလွဲနိုင်ပြီး ယူကရိန်းက အလျှော့ပေးလိုက်ပေမဲ့ ရုရှားကို စီးပွားရေး ဆက်ပြီး ဒဏ်ခတ်ထားလိုတဲ့ အနောက်နိုင်ငံတွေလည်း ရှိလာနိုင်ပါတယ်။

ဒါတွေက နောင်ဖြစ်လာနိုင်တဲ့ ကွဲလွဲနိုင်ခြေ ဖြစ်တယ် ဆိုပေမဲ့ လက်ရှိ အခြေအနေမှာ ဆိုရင်လည်း ယူကရိန်းအရေး နိုင်ငံရေးအရ အဖြေရှာရာမှာ ရုရှားသိမ်းသွားတဲ့ ယူကရိန်းနယ်မြေတွေ ပြန်ရရေး ဦးစားပေးမလား၊ စစ်အပြီး ကျန်ရှိတဲ့ ယူကရိန်းနယ်မြေ လုံခြုံရေးနဲ့ အချုပ်အချာအာဏာ အခြေခိုင်ရေးကိုပဲ ဦးစားပေးမလား ဆိုတာကို အနောက်နိုင်ငံတွေက မူဝါဒချမှတ်မှု ဆိုင်ရာ တာဝန်ရှိသူတွေ အငြင်းအခုံ ဖြစ်နေရပြီ ဖြစ်ပါတယ်။

အနောက်နိုင်ငံက ထိပ်တန်း အစိုးရ အရာရှိတဦးကတော့ ရုရှားသမ္မတ ပူတင်က အင်အားသုံးပြီး ယူကရိန်းရဲ့ အချုပ်အချာအာဏာပိုင် နယ်နိမိတ်ကို အောင်အောင်မြင်မြင် အသွင်ပြောင်း နိုင်သွားတယ် ဆိုတဲ့ အခြေအနေကို လက်ခံလို့မဖြစ်ဘူးလို့ ပြောဆိုထားတာကို တွေ့ရပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မတိုင်ခင် အနေအထား အထိ စစ်ရေးပြန် ဆုတ်ပေးဖို့ အနောက်အုပ်စုက တောင်းဆိုမလား ဒါမှမဟုတ် တချို့ နေရာတွေကပဲ ပြန်ဆုတ်ပေးဖို့ တောင်းဆိုမလား ဆိုတာတွေလည်း အငြင်းအခုံ ဖြစ်လာနိုင်ပါတယ်။

ယူကေနိုင်ငံခြားရေး ဝန်ကြီးကတော့ ရုရှားသမ္မတ ပူတင်ဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မတိုင်ခင် ရုရှား ထိန်းချုပ်မှုအောက် ရောက်ပြီးသား ဖြစ်တဲ့ ကရိုင်းမီးယား၊ ဒွန်းညက်စ်ခ်နဲ့ လူဟန့်စ်ခ် နယ်တွေကနေပါ နိုင်ငံတကာ ဥပဒေ လိုက်နာခြင်းအားဖြင့် ရေရှည်မှာ ဆုတ်ခွာပေးစေချင်တယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ အခုလို ယူကေခေါင်းဆောင်ရဲ့ ခံယူချက်အတိုင်း အခြား အနောက်နိုင်ငံတွေက ယူဆချင်မှ ယူဆမှာ ဖြစ်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

ရုရှားကို စွမ်းအင်ကဏ္ဍ စီးပွားရေး ဒဏ်ခတ်တဲ့ ပုံစံမှာ အနောက်နိုင်ငံတွေ သဘောထားကွဲနိုင်သလား

လက်ရှိ အနေအထားမှာ ရုရှားရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ဖို့ သဘောတူထားကြတယ် ဆိုပေမဲ့ ဘယ်လောက်အထိ ထပ်တိုးမလဲ ဆိုတာနဲ့ ဘယ်လောက် ပြင်းပြင်းထန်ထန် လုပ်မလဲ ဆိုတဲ့ ကိစ္စတွေမှာ သဘောထားတရပ်တည်းထားဖို့ အထိတော့ လက်ခံထားမှု မရှိတာကို တွေ့ရပါတယ်။

အမှန်တကယ်လည်း ရုရှားရဲ့ စွမ်းအင်ကို နိုင်ငံစီးပွားရေးအတွက် မရှိမဖြစ် အားကိုးရတဲ့ အနောက်နိုင်ငံတွေလည်း ရှိနေရာမှာ လက်ရှိ စစ်ရေး ပဋိပက္ခက မပြီးပြတ်ဘဲ ဆက်သွားမယ်ဆိုရင် စီးပွားရေး ဒဏ်ခတ်တဲ့ပုံစံ နဲ့ ပတ်သက်လို့ အနောက်အုပ်စု အကြား သဘောထား ကွဲလွဲမှုတွေ ရှိလာနိုင်ပါတယ်။

အခုလို ဖြစ်လာမယ်ဆိုရင် ရုရှားကို စွမ်းအင်ပိုင်း စီးပွားရေး ဒဏ်ခတ်မှု လျှော့လိုတဲ့ အနောက်နိုင်ငံတွေ ရှိလာနိုင်သလို ပြောင်းပြန်အားဖြင့် ရုရှားဘက်ကို ပိုပြီး စီးပွားရေး ဒဏ်ခတ်မှု ဖိအားပေးခြင်းအားဖြင့် ရုရှားဘက်က ပြန်လျှော့အောင် လုပ်ဖို့ ကြိုးစားချင်တဲ့ အနောက်နိုင်ငံတွေလည်း ရှိလာနိုင်ပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ ရုရှားကို ဖိအားပေးရင်း ကိုယ့်နိုင်ငံတွေမှာ စီးပွားရေး ထိခိုက်တာနဲ့ အထွေထွေ ကုန်ဈေးနှုန်းတက်တာတွေ ဖြစ်လာမယ်ဆိုရင် လူထု မကျေနပ်မှုနဲ့အတူ လူထုဆန္ဒအရ လိုက်လျော ပေးရတာတွေလည်း ရှိလာနိုင်ပါတယ်။

ယူကရိန်းရဲ့ ရေရှည် အနာဂါတ်နဲ့ ပတ်သက်လို့ အနောက်အုပ်စုတွေ ဘယ်လို သဘောထားကွဲနိုင်သေးသလဲ

ယူကရိန်းရဲ့ ရေရှည် အနာဂါတ်ကို စဉ်းစားရာမှာ အနောက်နိုင်ငံတွေက ထောက်ပံ့နေတဲ့ ယူကရိန်း ခေါင်းဆောင်ပိုင်း အတွင်းမှာကိုပဲ အကွဲအပြဲတွေ ရှိလာမလားဆိုတဲ့အချက်လည်း အရေးကြီးပါတယ်။

အခုလို ဖြစ်လာမယ်ဆိုရင် အနောက်နိုင်ငံတွေအကြားမှာလည်း ယူကရိန်းကို ဘယ်လို ထောက်ပံ့မလဲ ဆိုတဲ့ကိစ္စက ခေါင်းခဲစရာ၊ သဘောမတူစရာ ကိစ္စတွေ များလာမှာ ဖြစ်ပါတယ်။

ယူကရိန်းခေါင်းဆောင်ပိုင်းမှာ ရုရှားကို ဆက်လက်တိုက်ခိုက်နေရေး လိုလားတဲ့ အမျိုးသားရေးသမားတွေ အားကောင်းလာနိုင်သလို အဲဒီ အုပ်စုနဲ့ ဆန့်ကျင်ဘက် စစ်ပြေငြိမ်းလိုတဲ့ အုပ်စုတို့ ပြည်တွင်းစစ် ဖြစ်ကြတဲ့အထိ ဖြစ်နိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

အမေရိကန် နိုင်ငံ လုံခြုံရေး ကောင်စီဝင်ဟောင်း ဖြစ်တဲ့ ရုရှားရေးရာ ကျွမ်းကျင်သူ ဖီယိုနာ ဟေးလ်ကတော့ ယူကရိန်းအနေနဲ့ ရုရှားရန်က ကာကွယ်ဖို့အတွက် နျူးကလီးယားလက်နက် ကိုင်ဖို့အထိ စဉ်းစားလာနိုင်ပြီး အဲဒီ အခြေအနေမှာ ဥရောပက ယူကရိန်းကို လက်နက်ထောက်ပံ့မှုနဲ့ အီးယူဝင်ခွင့်တွေ ပေးဦးမှာလား ဆိုတာတွေ ငြင်းခုန်စရာ ဖြစ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။