ယူကရိန်းစစ်ပွဲ - နိုင်ငံတချို့က အငြင်းပွားဖွယ် စီမံချက်တွေကို ချမှတ်လာကြ

၂၀၁၉ ခုနှစ် သူအာဏာရလာတဲ့အချိန်ကတည်းက ဌာနေတိုင်းရင်းသားတို့ စောင့်ရှောက်ထိန်းသိမ်းထားရာမြေတွေမှာ သတ္တုတူးဖော်ခွင့် တရားဝင်ခွင့်ပြုဖို့ ဘရာဇီး သမ္မတ ဂျအဲ ဘိုဆန်နာရိုတယောက် ကြိုးစားပမ်းစားလုပ်နေတာပါ။ ယူကရိန်းကို ရုရှားက ဝင်ကျူးကျော်တဲ့နောက်မှာတော့ သူ့အစီအစဉ်ကို ချက်ချင်းတိုးပြီး လုပ်လာပါတော့တယ်။

ရုရှားက တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေအပေါ် မှီခိုနေရတဲ့အရေးကို ဘရာဇီးအနေနဲ့ ရှင်းဖို့လိုပြီလို့ အဆိုတင်ရင်း လွှတ်တော်မှာ အရေးပေါ် မဲခွဲကြဖို့ ဘိုဆန်နာရိုအစိုးရက မတ်လနှောင်းပိုင်းမှာ ပန်ကြားလိုက်ပါတယ်။

ဓာတ်မြေသြဇာ လုပ်ရာမှာ အဓိကကုန်ကြမ်းတခုဖြစ်တဲ့ ပိုတက်ဆီယမ်သတ္တုတွေက ဌာနေတိုင်းရင်းသားတို့နယ်မြေမှာ ရှိတယ်လို့ ဘရာဇီး စိုက်ပျိုးရေးဝန်ကြီးဌာနက ယုံကြည်သတ်မှတ်ထားပြီး ဒီသတ္တုတွေကို တူးဖော်ယူချင် နေပါတယ်။

ဒါပေမယ့် ဒီလို တူးဖော်လို့ ဖြစ်နိုင် မနိုင်ဆိုတာ အပါအဝင် ဘာလို့ ဒီလိုအစီအစဉ် ချမှတ်တာလဲ ဆိုတဲ့ နောက်ကွယ်က ကြံရွယ်ချက်တွေ နဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

ဘရာဇီး ကွန်ကရက်လွှတ်တော်အမတ်အဖြစ်၂၀၁၈ ခုနှစ်မှာ အရွေးချယ်ခံရသူလည်းဖြစ်၊ ဌာနေတိုင်းရင်းသားတွေထဲက ပထမဆုံး လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဂျိုနီယာ ဝါပီချနာက ဒါက "ဘရာဇီးပြည်သူတွေရဲ့ စိတ်ကို ဝေဝါးသွားအောင်လုပ်တာ"၊ "တနိုင်ငံလုံး က ပိုတက်ဆီယမ် သတ္တုသိုက်ရဲ့ ၁၁% ပဲ ဌာနတိုင်းရင်းသားတို့ရဲ့ နယ်မြေမှာ ရှိတာ"လို့ ပြောပါတယ်။

University of Brasilia က ဘူမိဗေဒ ပါမောက္ခ ဆူဇီ ဟပ်ဖ်က ဘယ်လို သတ္တုတူးဖော်တာဖြစ်စေ ရလဒ်တွေ့ရဖို့က ၇ နှစ်နဲ့ ၁၀ နှစ် အနည်းဆုံးကြာတယ်လို့ ဆိုကာ ဒီအစီအစဉ်ရဲ့နောက်မှာ နိုင်ငံရေးအရ အခွင့်ကောင်းယူတာတွေ ပါနေတယ်လို့ ဆိုပါတယ်။

"ဒါက အကျပ်ကိုင်တာပဲ"လို့ ပါမောက္ခ ဟပ်ဖ်က ပြောပါတယ်။ "ဌာနေတိုင်းရင်းသားတို့ရဲ့မြေ အပါအဝင် သတ္တုမိုင်းတွင်းစီမံချက်တွေ လုပ်ဖို့ အခွင့်ကောင်းပဲလို့ ဘိုဆန်နာရိုက တွေးတာ၊ ဓာတ်မြေသြဇာရှားလာတာကို ထောက်ပြပြီး သတ္တုမိုင်းတွင်းတွေ ဆက်လုပ်ဖို့ ပြောနေတာပါ။"

ရုရှားကျူးကျော်မှုနဲ့ဆက်စပ်ပြီး နိုင်ငံ့စီးပွားရေးကို ရိုက်ခတ်လာတဲ့အပေါ် ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ အငြင်းပွားစရာ ပေါ်လစီ တွေ၊ လုပ်ငန်းစီမံချက်တွေကို တင်ပြလာကြပါတယ်။ အဲဒီထဲက အငြင်းပွားစရာအဖြစ်ဆုံး တချို့ကို ဒီမှာ ဖော်ပြထားပါတယ်။

တရုတ်က မော်စကိုနဲ့ စီးပွားရေးပိုကောင်းလာ

ရုရှားကို ဆန့်ကျင်ပြီး စစ်ကို ရှုတ်ချဖို့ ဒါမှမဟုတ် အရေးယူပိတ်ဆို့ဖို့ကိုမလုပ်ဘဲ ငြင်းဆန်နေတဲ့အတွက် အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ဝေဖန်မှုကို တရုတ် ခံနေရပါတယ်။ ဘေဂျင်းဟာ လက်တွေ့မှာ မော်စကိုနဲ့ ဆက်ဆံရေးကို တိုးမြှင့်နေတာပါ။

ယူကရိန်းကျူးကျော်မှု မစခင် သီတင်းပတ် တပတ်လောက်မှာပဲ ရုရှားဆီက ကျောက်မီးသွေး ဒေါ်လာ ၂၀ ဘီလျံ ကျော်ဖိုး ဝယ်ယူဖို့ တရုတ်က သဘောတူခဲ့ပါတယ်။

မစ္စတာပူတင်က တရုတ်နဲ့ သဘောတူလာတဲ့ ဒေါ်လာ ၁၁၇.၅ ဘီလျံတန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ စာချုပ်ကိုလည်း ထုတ်ဖော်ပြောခဲ့ ပါတယ်။

ရုရှားက ဂျုံနဲ့ဘာလီ တင်ပို့မှု ကန့်သတ်ထားတဲ့အပေါ်လည်း တရုတ်က ဖယ်ရှားပေးလိုက်ပါတယ်။ (အရင်က ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုကြောင့် ဒီလို စိုက်ပျိုးရေးထွက်ကုန်တွေကို ရုရှားရဲ့ ဒေသတချို့ဆီကပဲ တရုတ်က တင်သွင်းခွင့်ပြုခဲ့တာပါ)

ဘီဘီစီ Reality Check ဌာနက ရရှိခဲ့တဲ့ တရုတ် အကောက်ခွန်ဌာန အချက်အလက်တွေအရ လွန်ခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ် ပထမ ၃လပတ် ကာလမှာ ရုရှားနဲ့ ကုန်သွယ်မှုက ၂၈% တက်လာခဲ့ပါတယ်။ ဒီလိုတက်မယ့် အလားအလာလည်း ဆက်ပြီးရှိနေပါတယ်။

၂၀၂၁ ခုနှစ် မှာ ရုရှားကုန်သွယ်မှု စုစုပေါင်း ပမာဏရဲ့ ၁၈% က တရုတ်နဲ့ပါ။ တန်ဖိုးက ဒေါ်လာ ၁၄၇ ဘီလျံရှိပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလမှာ ဘေဂျင်းက ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို သမ္မတ ပူတင် လာသွားစဉ်က ၂ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ ကုန်သွယ်မှုကို ၂၀၂၄ မှာ ဒေါ်လာ ၂၅၀ ဘီလျံထိ ဖြစ်လာဖို့ သဘောတူခဲ့ကြပါတယ်။

ဗြိတိန်က နျူကလီးယားဘက် သွားပြီ

စွမ်းအင်ကဏ္ဍဘက်ကို ကြည့်ရင် နဂိုကတည်းက စွမ်းအင် ကုန်ကျစရိတ်တက်နေတဲ့ ဗြိတိန်ဟာလည်း ရုရှားကျူးကျော်မှုအရေး နောက်ပိုင်းမှာ ပိုများတဲ့ ဖိအားအောက် ရောက်လာပါတယ်။

ဧပြီလ ၇ ရက်နေ့မှာတော့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန် နိုင်ငံ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ဖို့ အတွက် "နျူကလီးယားစွမ်းအင်ကို ကြီးကြီးမားမား တိုးမြှင့်မယ့်" အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

"နျူကလီးယားဓာတ်ပေါင်းဖို အသစ်တခုဖြစ်လာဖို့ အရင်က ၁၀ နှစ်ကြာစောင့်ရပေမယ့် အခုဆိုရင် နှစ်တိုင်း နှစ်တိုင်း ဓာတ်ပေါင်းဖို အသစ်တခု ရစေမယ်"လို့ မစ္စတာ ဂျွန်ဆင်က ဆိုပါတယ်။

လောင်စာစွမ်းအင် စရိတ်တွေ မြင့်လာတဲ့ အပေါ် ရုန်းကန်နေရတဲ့ ဗြိတိန် ပြည်သူတွေအတွက် ဒီစွမ်းအင် ဗျူဟာက သိပ်အကူအညီ ဖြစ်မှာ မဟုတ်ဘူးလို့ ဝေဖန်ကြတာတွေလည်း ထွက်ပေါ်နေပါတယ်။

စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်သူ ဘီဘီစီ သတင်းထောက် ရော်ဂျာ ဟာရာဘင်က ဒီဗျူဟာအရ လုပ်မယ့် လုပ်ဆောင်ချက်တွေအပေါ် သဘာဝပတ်ဝန်းကျင်သမားတွေ၊ စွမ်းအင်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက မယုံနိုင်အောင်ဖြစ်နေကြသလို၊ ဒေါသတွေ ထွက်နေကြတယ်လို့ ဆိုပါတယ်။

"နျူကလီးယားတိုးမြှင့်မယ်ဆိုတဲ့အပေါ် တုံ့ပြန်တာတွေက အမျိုးမျိုးပါ။ တချို့ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူတွေက ဒီအစီအစဉ်က သိပ်ကို အန္တရာယ်များတယ်လို့ ပြောကြပါတယ်။ မြို့တိုင်းအတွက် ဓာတ်ပေါင်းဖို အသေးစားလေးတွေ တခုစီထားမယ် ဆိုပြီး တချို့နိုင်ငံရေးသမားတွေ ပြောနေတဲ့အပေါ်လည်း သူတို့ ပြက်လုံးတွေ ကြားရသလို ဖြစ်နေပါတယ်။ တချို့ ရာသီဥတု ပြောင်းလဲရေး အတွက် ကမ်ပိန်းလုပ်နေသူတချို့ကတော့ နျူကလီးယား စွမ်းအင်ကို လောင်စာလိုအပ်ချက်အားလုံးရဲ့ တစိတ် တပိုင်းအဖြစ် ရည်ရွယ်ထုတ်လုပ်အသုံးပြုမယ်ဆိုရင် လက်ခံနိုင်ကြပါတယ်။"

လျှော့စျေးနဲ့ရတဲ့ ရေနံကို အိန္ဒိယက သိမ်းကျုံးဝယ်

ဗြိတိန်နဲ့ နှိုင်းယှဉ်ရင် အိန္ဒိယသွားတာက ဆန့်ကျင်ဘက် လားရာပါ။ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ကြားနေခဲ့တဲ့ အိန္ဒိယဟာ ရုရှား ဆီက ရေနံကို ပိုဝယ်ယူသုံးစွဲနေပါတယ်။

အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့နေတာတွေကြောင့် မော်စကိုက လျှော့စျေးနဲ့ ပေးနေတဲ့ ရေနံကို အိန္ဒိယက ဝယ်ယူရာမှာ စစ်ပွဲဖြစ်ချိန်ကစလို့ ဧပြီ ၄ ရက်အထိ အနည်းဆုံး စည်ပေါင်း ၁၄ သန်း ဝယ်ယူခဲ့တယ်လို့ ရိုက်တာ သတင်းတွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ အိန္ဒိယက ရုရှားဆီကနေ ရေနံ စည်ပေါင်း ၁၂ သန်း ဝယ်ယူခဲ့တယ်လို ဘီဘီစီ Reality Check ဌာနက လေ့လာ တွေ့ရှိ ထားပါတယ်။

တခြားနိုင်ငံတွေက ရုရှားကျူးကျော်မှုကို ရှုတ်ချနေချိန်မှာ အိန္ဒိယက ရုရှားကို ဝိုင်းကျဉ်ဖို့ ငြင်းပယ်နေတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ဂျနီဖာ ဆာကီးက မတ်လနှောင်းပိုင်းက ပြောပါတယ်။

"တချိန်ကျရင် ဒီကာလအကြောင်းကို သမိုင်းစာအုပ်ရေးကြတဲ့အချိန်မှာ ဘယ်သူက ဘယ်လိုရပ်ခဲ့သလဲဆိုတာကို ထည့်ရေးကြမယ် ဆိုတာ တွေးထားပါ။ ကျူးကျော်တဲ့ ရုရှားဦးဆောင်သူတွေကို အားပေးတာမျိုးက ဆိုးကျိုးသက်ရောက်တာတွေ ဖြစ်လာမှာပါ" လို့ ဆာကီး က ဆိုပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ် ဂျိုက်ရှန်ကာက စျေးပေါတဲ့ ရေနံကို ဝယ်ယူခွင့် သူ့နိုင်ငံမှာ ရှိတယ်လို့ ဆိုပါတယ်။

"ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဝယ်ဆုံးနိုင်ငံတွေက ဥရောပနိုင်ငံတွေပါ၊ ရေနံစျေးတွေ တက်လာတဲ့အချိန်မှာ စျေးပေါတဲ့ ဆီက ရေနံဝယ်တာ သဘာဝကျတယ်လို့ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။

အိန္ဒိယဟာ သူ့ရေနံလိုအပ်ချက်ရဲ့ ၈၀% ကို ပြည်ပကနေ သွင်းရတာဖြစ်ပြီး ရေနံ တင်သွင်းမှု အားလုံးရဲ့ ၆၀% က ပင်လယ်ကွေ့ နိုင်ငံတွေ ဆီက ပါ။ အိန္ဒိယ ရေနံတင်သွင်းမှုရဲ့ ၁% လောက်တောင်မရှိတဲ့ ပမာဏကိုသာ ရုရှားဆီက တင်သွင်းတာလို့ အိန္ဒိယ အစိုးရ အရာရှိ တွေက ပြောပါတယ်။

အီဂျစ်ရဲ့ ပေါင်မုန့်ဒုက္ခ

ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်သက်ရောက်မှုတွေက စွမ်းအင် ထောက်ပံ့ရေးပိုင်းတွင်သာ မကပါဘူး။ စိုက်ပျိုးသီးနှံနဲ့ ဓာတ်မြေသြဇာ ဘက်တွေမှာလည်း သက်ရောက်မှုများပြီး စျေးတွေ ထောင်တက်ကုန်ပါတယ်။

ဒီပဋိပက္ခဟာ"ဒုတိယ ကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်း ကမ္ဘာမှာ အကြီးဆုံးသော အစားအစာ အကျပ်အတည်းကို ဆိုက်စေတာပဲ"လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကပြောပါတယ်။

အီဂျစ်ဟာ အစားအစာစျေးတွေ ထိုးတက်မှုဒဏ်ကို အကြီးအကျယ် ခံနေရပါတယ်။ ယူကရိန်းနဲ့ ရုရှားက ကမ္ဘာမှာ ဂျုံ အများအပြား တင်ပို့တဲ့နိုင်ငံတွေ ဖြစ်ပြီး အီဂျစ်က ကမ္ဘာမှာ ဂျုံ အတင်သွင်းရဆုံး နိုင်ငံပါ။

ပေါင်မုန့်စျေးမတက်အောင် အစိုးရက အမတော်ကြေးစိုက်ထုတ်ပြီး ထေပေးရတာက အီဂျစ်မှာ သဘာဝပါ။ ပေါင်မုန့်စျေး တက်လို့ လူထုဆန္ဒပြပွဲတွေ ဖြစ်ဖူးတာကလည်း အဲဒီမှာ အကြိမ်ကြိမ်ပါ။

ပေါင်မုန့်စျေးတွေ ၂၄% လောက် နိုင်ငံတဝန်းမှာ တက်သွားတဲ့နောက် မတ်လ ၁၇ ရက်နေ့မှာ သမ္မတ အက်ဘ်ဒဲ ဖာတာ အယ် စီစီ က ပေါင်မုန့်စျေးကို ကန့်သတ်တာ ၃ လကြာ လုပ်မယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ စျေးကန့်သတ်တာကို ချိုးဖောက်ရင် ဒဏ်ငွေ အများ အပြား ချမှတ်မယ်လို့လည်း အာဏာပိုင်တွေက ကြေညာထားပါတယ်။

ဒါပေမယ့် ပေါင်မုန့်ဖုတ်တဲ့ မုန့်ဖိုတွေ ခံသာအောင် ဘယ်လိုအစီအစဉ်တွေ လုပ်ပေးမယ် ဆိုတာမျိုး မပါတဲ့ အတွက် အများက အံ့သြကြ သလို၊ စိုးရိမ်လည်း စိုးရိမ်နေကြပါတယ်။

"ကုန်ကြမ်းတွေစျေးက တက်နေတာ၊ ဥပမာ ပေါင်မုန့်ဖုတ်ဖို့ လိုတဲ့ သဘာဝဓာတ်ငွေ့လောင်စာဖိုး၊ လျှပ်စစ်မီးဖိုး စတာတွေက တက်နေတာ။ ပေါင်မုန့်စျေးတက်တာက အဲဒီစျေးတွေ တက်တာကြောင့်လည်း ပါတယ်" လို့ ကိုင်ရို ကုန်သည်ကြီးများ အသင်းရဲ့ မုန့်ဖုတ်လုပ်ငန်းများဆိုင်ရာ လုပ်ငန်းရှင် အက်တီယာ ဟာမက်က ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည်အရေး အတွက် မေးခွန်းတွေ

ယူကရိန်းစစ်ပွဲကနေ ထွက်ပေါ်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဝင်ပြေးတာက ဥရောပနိုင်ငံတွေတင် မကပါဘူး။

မတ်လနှောင်းပိုင်းလောက်မှာ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း ဒုက္ခသည် တသိန်း ကို အမေရိကန်နိုင်ငံက လက်ခံနိုင်တယ်လို့ ကြေညာပြီးတဲ့နောက် အမေရိကန် မက္ကဆီကို နယ်စပ်မှာ ယူကရိန်းဒုက္ခသည်တွေ ပုံပြီးရောက်လာပါတယ်။ အမေရိကန်က ဗီဇာနဲ့မှ လက်ခံပေမယ့် မက္ကဆီကိုကို ဝင်ဖို့က ယူကရိန်းတွေ အတွက် ဗီဇာမလိုအပ်ပါဘူး။

ဒါပေမယ့် မစ္စတာ ဘိုင်ဒန်က ယူကရိန်းတွေကို ပြည်ဝင်ခွင့် ဘယ်လိုပေးမလဲဆိုတဲ့ လုပ်ငန်းစဉ် အသေးစိတ်ကို မချပြထားတော့ အမေရိကန် အစိုးရအရာရှိ တွေအနေနဲ့ အခက်ကြုံနေရပါတယ်။ အမေရိကန်မှာ ကိုဗစ်ဆိုင်ရာ နယ်စပ်ရေးရာ အရေးပေါ် လုပ်ထုံး လုပ်နည်းကို လာမယ့် မေလကုန် လောက်ဆိုရင် ဖယ်ရှားဖို့ရှိပါတယ်၊ အဲဒီအချိန်မှာ လက်တင်အမေရိကနိုင်ငံတွေကနေ ရွှေ့ပြောင်း ဝင်ရောက်သူတွေ အဲဒီ နယ်စပ်ကို အလုံးအရင်းနဲ့ ရောက်လာကြလိမ့်မယ်လို့ မှန်းဆနေကြတာပါ။

တခြားအကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ သူတွေထက် ယူကရိန်းပြည်သူတွေကို ပထမဦးစားပေး ပြည်ဝင်ခွင့်ပေးမှာကို ရွှေ့ပြောင်းဝင်ရောက်သူများအရေး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြ ပါတယ်။

တရားဝင်စာရင်းတွေအရ အရေးပေါ် နယ်စပ်လုပ်ထုံးလုပ်နည်းတွေ ချမှတ်လိုက်တဲ့ ၂၀၂၀ ခုနှစ် မတ်လ ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အကြားမှာ ရွှေ့ပြောင်းဝင်ရောက်သူနဲ့ ခိုလှုံခွင့်လျှောက်သူ ၁.၇ သန်းခန့်ကို အမေရိကန် အရာရှိတွေက ပြည်ဝင်ခွင့် မပေးဘဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဟေတီက အန်ဂျီအို တဖွဲ့ဖြစ်တဲ့ Haitian Bridge Alliance ရဲ့ အမှုဆောင် ဒါရိုက်တာ မစ္စက် ဂွာလင်း ဂျိုဇက်ဖ်က "ကျွန်မတို့ ယူကရိန်းပြည်သူတွေကို အားပေးတယ်၊ ကြိုဆိုတယ်" လို့ ပြောပါတယ်။

"ယူကရိန်းပြည်သူတွေကို ကမ်းလှမ်းတဲ့ လူသားဆန်မှုတွေမျိုး တခြားပြည်သူတွေကိုလည်း ရစေချင်တာက ကျွန်မတို့ လိုလားနေတဲ့ ရည်မှန်းချက် ပန်းတိုင်ပါပဲ။"