ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို တရုတ်ဘက်က တားလို့ရနိုင်စရာ ရှိသလား

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ ရုရှားနဲ့ အားသစ်လောင်းပြီး တိုးမြှင့်လိုက်တဲ့ ဆက်ဆံရေးမှာ ဘာကန့်သတ်မှုမှ မရှိဘူး ဆိုပြီး ပြီးခဲ့တဲ့ တလလောက်ကပဲ ပြောဆိုထားခဲ့ပါတယ်။

မစ္စတာရှီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို တရုတ်မြို့တော် ဘေဂျင်းမှာ ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့တဲ့ ကာလမှာ အခုလို ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ပူတင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိစဉ်မှာ ဆောင်းရာသီ အိုလံပစ် နိုင်ငံတကာ အားကစားပြိုင်ပွဲ ဖွင့်ပွဲကိုလည်း မစ္စတာရှီနဲ့အတူ ကြည့်ရှုခဲ့ပါတယ်။

မစ္စတာ ပူတင်ဟာ အဲဒီကနေ ရုရှားပြန်ရောက်လာပြီး ရက်သတ္တပတ် သိပ်မကြာခင်မှာပဲ ယူကရိန်းကျူးကျော်စစ်ကို စတင်လိုက်ပါတော့တယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို တရုတ်ကနဦး တုံ့ ပြန်ချက်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရုရှားသမ္မတ ပူတင်က ယူကရိန်းက ခွဲထွက်ရေးလှုပ်ရှားနေတဲ့ ဒေသနှစ်ခုဖြစ်တဲ့ လူဟန့်စ်နဲ့ ဒွန်းနက်စ်က် တို့ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် အသိအမှတ်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဒီနယ်တွေကိုလည်း ရုရှားတပ်တွေကို စတင်စေလွှတ်ခဲ့ပြီး နောက် သုံးရက်အကြာမှာတော့ ယူကရိန်းရဲ့ တခြားဒေသတွေကိုလည်း ရုရှားနယ်စပ်ဘက်ကနေ စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အပေါ် တရုတ်က အစဦးပိုင်းမှာ ဆန့်ကျင်တဲ့ ပုံစံရော၊ ကန့်ကွက်တဲ့ ပုံစံနဲ့ ပါ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ လက်ရှိ မတ်လဆန်းပိုင်းမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ရုရှား-ယူကရိန်း အပစ်ရပ်ရေး ညှိနှိုင်းဆွေးနွေးရာမှာ တရုတ်နိုင်ငံက အခန်းကဏ္ဍတခုက ပါဝင်ချင်တဲ့ ဆန္ဒရှိကြောင်း စကားဦး သန်းလာခဲ့ပါတယ်။

တရုတ်က ယူကရိန်းအရေးအတွက် ဘာတွေ ထပ်ပြောလာခဲ့သလဲ

တရုတ်နိုင်ငံပိုင် သတင်းတွေမှာဆိုရင်လည်း “တရုတ်က ယူကရိန်းရဲ့ အချုပ်အချာအာဏာကို ခိုင်ခိုင်မာမာ ရပ်တည်ထောက်ခံတယ်ဆိုတာကို ထပ်လောင်း ပြောကြားလိုကြောင်း” နဲ့ “စစ်ပွဲ ရပ်ဆိုင်းရေးအတွက် လိုအပ်တဲ့ ကြိုးစားအားထုတ်မှုမှန်သမျှ လုပ်ဆောင်ဖို့ တရုတ်ဘက်က အဆင်သင့် ဖြစ်ကြောင်း” မစ္စတာ ဝမ်ယိက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအပေါ် ဦးတည်ပြောဆိုမှုကို ဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ အခုလို စစ်ရေးအခြေအနေတွေ ဖြစ်နေတဲ့အပေါ် “စိတ်မကောင်းကြောင်း” နဲ့ အရပ်သားတွေ ထိခိုက် အနာတရ ဖြစ်မှာကို အလွန်စိုးရိမ်ကြောင်းတို့ကို လတ်တလောမှာ စတင် ပြောဆို ထုတ်ပြန်လာပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအတွင်း ရုရှားကျူးကျော်စစ်ကို ရှုတ်ချကြောင်း ကြေညာချက်အပေါ် မဲခွဲရာမှာ တရုတ်ဘက်က ကန့်ကွက်မဲ ပေးမယ်လို့ အများက ယူဆခဲ့ကြပေမယ့် ဒီကိစ္စအပေါ် မဲဝင်မပေးပဲ နေခဲ့တဲ့အထဲမှာ အိန္ဒိယနဲ့ တရုတ်တို့လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

တရုတ်ရဲ့ ရုရှားနဲ့ ဆက်ဆံရေး မူဝါဒက ပြောင်းသွားတာလား

ယူကရိန်းအရေးမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ပြောဆိုချက်တွေကို ကြည့်မယ်ဆိုရင် ရုရှားနဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ ဆက်ဆံရေး မူဝါဒကို ပြောင်းလဲတာထက် ကြားနေ ဖြေရှင်းဖို့ ကြိုးစားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ရှန်ဟိုင်းအခြေစိုက် ဘီဘီစီ သတင်းထောက် ရော်ဘင်ဘရန့်က သုံးသပ်ပါတယ်။

တရုတ်အနေနဲ့ ယူကရိန်းရဲ့ အချုပ်အချာအာဏာကို လေးစားတဲ့အပြင် တစ်ဖက်မှာလည်း ရုရှားဘက်က “အကြောင်းပြချက် ခိုင်မာတဲ့ လုံခြုံရေး စိုးရိမ်ချက်တွေ” ကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်တို့က နှစ်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းဖို့နဲ့ အကန့်အသတ်မရှိတဲ့ မဟာမိတ်တွေ ဖြစ်ကြောင်း ပူးတွဲ ကြေညာချက်ဆိုရင် အင်္ဂလိပ်ဘာသာပြန်မှာ စာလုံးရေ ၅၀ဝ၀ လောက် ရှိတဲ့အထိ ရှည်လျားပြီး အဲဒီအထဲမှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် နေတိုးအဖွဲ့ ရဲ့ တိုးချဲ့လာမှုကို ဒီနှစ်နိုင်ငံစလုံးက တညီတညွတ်တည်း ဆန့်ကျင်ပါတယ် ဆိုတဲ့ အချက်လည်း ပါဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ကြေညာချက်ထဲမှာ အာတိတ်သမုဒ္ဒရာက စလို့ အာကာသသိပ္ပံကဏ္ဍ အထိ ကဏ္ဍပေါင်းစုံ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အချက်တွေပါဝင်ပြီး အနာဂါတ် တရုတ်-ရုရှား ဆက်ဆံရေး ပိုမိုနီးစပ်လာဖို့ပဲ ရှိပါတယ်။

တရုတ်ရဲ့ ရုရှားရေး မူဝါဒ ရေသောက်မြစ်

တရုတ်အနေနဲ့ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးဆိုရင် လိုအပ်ရင် အင်အားသုံးမယ်ဆိုတဲ့အထိ ပြောဆိုထားတာ ဖြစ်တဲ့အတွက် ရုရှားကျူးကျော်စစ်ကို တရုတ်က မရှုတ်ချခြင်းက ထိုင်ဝမ်ကို တရုတ်က အနာဂါတ်မှာ ကျူးကျော်ရင် ရုရှားဘက်က ထောက်ခံမှုရအောင် လုပ်တာလည်း ဖြစ်နိုင်တယ်လို့ မစ္စတာ ဘရန့်က သုံးသပ်ပါတယ်။

စီးပွားရေးအရ ရုရှားထက်ပိုပြီး ကိုယ်ပိုင် ရပ်တည်နိုင်စွမ်းရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး ရှိလာတယ် ဆိုပေမယ့် အမေရိကန်နဲ့တကွ မဟာမိတ် အစုအပေါင်းတွေနဲ့ လုံးဝ ခွဲခြား ရပ်တည်မယ့် အလားအလာတော့ မရှိသေးတာကို တွေ့ရပါတယ်။

တရုတ်အနေနဲ့ အနာဂတ်မှာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးအပိုင်းတွေမှာ ပိုမို ပါဝင်ဆောင်ရွက်လိုတဲ့အတွက်လည်း ဒီကိစ္စတွေမှာ ကမ္ဘာ့နိုင်ငံတွေ အားလုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေရမှာလည်း ဖြစ်ပါတယ်။

ဒီလို အနေအထားမှာ တရုတ်နဲ့ ရုရှားတို့ က အကန့်အသတ် မရှိတဲ့ မဟာမိတ်တွေ အဖြစ် ကြေညာထားတယ် ဆိုပေမယ့်လည်း တရုတ်အနေနဲ့ စစ်တိုက်နေတဲ့ နိုင်ငံတနိုင်ငံနဲ့ ဆက်ဆံရေးကို သတိထားမှာ ဖြစ်ပါတယ်။

အမှန်တကယ်ဆိုရင် တရုတ်က ရုရှားကျူးကျော်စစ်မှာ ထောက်ခံတာထက် ကြားဝင်ဖြေရှင်းတဲ့ အခန်းကဏ္ဍမှာ နေရာယူဖို့ ကြိုးစားနေပြီ ဆိုကတည်းကိုက ရုရှားနဲ့ ဆက်ဆံရေးမှာ ခြေတလှမ်းနောက်ဆုတ်ပြီး၊ ဖြန်ဖြေသူနေရာအဖြစ် တဆင့်မြှင့် ရပ်တည်ဖို့ ဆုံးဖြတ်လာတာ ဖြစ်နိုင်ပါတယ်။