ရုရှားက ယူကရိန်းကို ဘာ့ကြောင့်ကျူးကျော်တာလဲ၊ ပူတင်လိုချင်တာက ဘာလဲ

    • ရေးသားသူ, ပေါလ်ကာဘီ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

ဥရောပထဲက လူဦးရေ ၄၄ သန်းရှိတဲ့ ဒီမိုကရေစီနိုင်ငံ ယူကရိန်းကို ရုရှားက လေကြောင်း၊ ကြည်းကြောင်းနဲ့ ရေကြောင်းတွေကနေ ထိပ်လန့်စရာ အင်အားနဲ့ စစ်ချီပြီး တိုက်ခိုက် နေပါပြီ။

ယူကရိန်းကို ကျူးကျော်မယ်ဆိုတာ မဟုတ်ပါဘူးလို့ သမ္မတ ဗလာဒီမီယာ ပူတင်က လပေါင်းများစွာ ငြင်းဆိုလာခဲ့ပေမယ့် အခုတော့ သူက ငြိမ်းချမ်းရေးစာချုပ်ကို ဆုတ်ဖြဲလိုက်ပြီး ယူကရိန်းကို မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်စတဲ့ နယ်စပ်နေရာစုံက ဝင်နေပါပြီ။

အထိအခိုက် အသေအပျောက်စာရင်းတွေ တက်လာတာနဲ့အတူ ဥရောပရဲ့လုံခြုံရေးကို ပူတင်က ခြိမ်းခြောက်နေပြီလို့ စွပ်စွဲကြပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ ဥရောပတခုလုံးမှာ ဘယ်လို အခြေအနေတွေ ကြုံရနိုင်ပါလဲ။

ရုရှားတပ်တွေက ဘယ်နေရာတွေကို တိုက်ခိုက်နေလဲ၊ဘာ့ကြောင့်လဲ။

ယူကရိန်း တနံတလျားမှာရှိတဲ့ မြို့တွေနားက လေဆိပ်တွေ၊ စစ်စခန်းတွေက ပထမဆုံး တိုက်ခိုက်ခံရပါတယ်။ မြို့တော် ကိယက်ဗ်က နိုင်ငံတကာလေဆိပ်လည်း အတိုက်ခိုက် ခံရပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကာကစ်ဗ်မြို့နားကို ရုရှား တင့်ကားတွေ၊ တပ်ဖွဲ့တွေ ဝင်လာပါတယ်။ အဲဒီမြို့က လူဦးရေ ၁ သန်း ၄ သိန်းလောက်ရှိပြီး လုဟန်စ့်နဲ့ နီးပါတယ်။ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ကြီးတွေဖြစ်တဲ့ အိုဒက်ဆာနဲ့ မာရီယာပူးလ်မြို့တွေ ကိုလည်း ရုရှားတပ်တွေ ရောက်လာပါတယ်။

ယူကရိန်းက အစဉ် အမြဲခြိမ်းခြောက်နေမှုတွေကြောင့် ရုရှားနိုင်ငံအနေနဲ့ "လုံခြုံရေး၊ တိုးတက်ရေး၊ ဖြစ်ထွန်းနေရေး ဆိုတာတွေကို" မခံစားရတော့ဘူးလို့ ဒီလို ကျူးကျော်မှု မစခင် အချိန်ပိုင်းလေးမှာ သမ္မတပူတင်က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောခဲ့ပါတယ်။

သူ့ပြောဆိုချက်တွေထဲ မမှန်ကန်တာတွေ၊ ကြောင်းကျိုးဆီလျော်မှု မရှိတာတွေ အများကြီးပါ ပေမယ့် သူ့ပန်းတိုင်က လူမျိုးတုံးသတ်ဖြတ်ခံနေရတာတွေကနေ ပြည်သူတွေကို အကာ အကွယ်ပေးဖို့ဖြစ်ပြီး ယူကရိန်းမှာ စစ်အင်အားတွေလျှော့ချရေး၊ နာဇီစိတ်ဓာတ်တွေ ဖယ်ရှားရေးအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းမှာ ဂျီနိုဆိုက်ဒ်လည်း မရှိသလို သမ္မတက ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ခံထားရတဲ့ ဂျူးတယောက်ပါ။ ဒုတိယ ကမ္ဘာစစ်မှာ ရုရှားက နာဇီဂျာမနီတွေကို တိုက်ခိုက်ဝင်ရောက်ကျူးကျော်တာကို ကြိုက်ခဲ့တဲ့ သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက "သူဘယ်လိုလုပ်ပြီး နာဇီ တယောက် ဖြစ်မှာလဲ" လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားလိုလားတဲ့ သမ္မတ ဗစ်တာ ယန်နူကိုဗစ်ခ်ျ အုပ်ချုပ်မှုကို ယူကရိန်းမှာ လပေါင်းများစွာ လူတွေက ဆန္ဒပြပြီး ဖြုတ်ချခဲ့တဲ့နောက် သမ္မတပူတင်က ယူကရိန်းဟာ အစွန်းရောက်တွေရဲ့လက်ထဲရောက်သွားပြီလို့ အကြိမ်ပေါင်းများစွာ စွပ်စွဲပါတယ်။

နောက် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတောင်ပိုင်းက ခရိုင်းမီးယားကို ဝင်သိမ်းတယ်၊ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ခွဲထွက်ရေးသမားတွေကို ကူညီအားပေးပါတယ်။ အဲဒီအချိန်ကတည်းကဖြစ်နေတဲ့ နိုင်ငံ အရှေ့ပိုင်းက စစ်ပွဲမှာ လူပေါင်း ၁၄,၀၀၀ အသက်ဆုံးခဲ့ပြီးပါပြီ။

၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ ပူတင်က ယူကရိန်းနယ်စပ်တွေနားမှာ ရုရှားတပ်အင်အားတွေ အကြီးအကျယ်ချခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တုန်းက ချုပ်ဆိုနိုင်ခဲ့တဲ့ မင့်စ် သဘောတူညီချက် ကို ဖျက်ပစ်ပြီး ဒီသီတင်းပတ်အတွင်းထဲမှာပဲ ခွဲထွက်ရေးသူပုန်တွေက အမည်မှည့်ခေါ် ထားတဲ့ ပြည်သူ့သမ္မတ နိုင်ငံတွေ လွတ်လပ်သွားပြီလို့ သူကြေညာခဲ့ပါတယ်။

ယူကရိန်းက ဥရောပသမဂ္ဂနဲ့ နေတိုးမဟာမိတ်အဖွဲ့တွေထဲဝင်မှာကို ရုရှားက ကန့်ကွက်နေတာ အတော်ကြာပါပြီ။ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီဆိုတာကို ကြေညာရင်း သူက နေတိုးဟာ သူ့နိုင်ငံ အနာဂတ်ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ရုရှားက ဘယ်အထိသွားမှာလဲ၊ ဘယ်လောက်အန္တရာယ်ရှိသလဲ

ယူကရိန်းက ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ အစိုးရကို ရုရှားက ဖြုတ်ချတဲ့အထိ သွားမှာလားဆိုတာ အခုအချိန်ထိမရှင်းသေးပါဘူး။ ဒါပေမယ့် ဘေလာရုစ်ကနေ ယူကရိန်း မြောက်ပိုင်းက ကာကစ်ဗ်မြို့ကို ဝင်တယ်ဆိုတော့ ခွဲထွက်ရေးတောင်းဆိုနေတဲ့ အရှေ့ဘက်က ဒေသထက်ကိုကျော်ပြီးရုရှားက သွားတာပါ။

ကျူးကျော်တာမစခင်ကလည်း ယူကရိန်းနယ်စပ်တလျှောက် ရုရှားတပ်အင်အား ၂ သိန်း ကျော်ချထားပြီး ယူကရိန်းအရှေ့ပိုင်းကိုပဲ မစ္စတာပူတင်က အာရုံထားခဲ့ပါတယ်။

လုဟန့်စ်နဲ့ ဒွန်းညက်စ်ဒေသတွေကို လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် ရုရှားက အသိအမှတ်ပြု ထားခြင်းအားဖြင့် ဒီဒေသတွေကို ယူကရိန်းလို့ သူက သတ်မှတ်တော့မှာ မဟုတ်ပါဘူး။

တကယ်မှာက အဲဒီဒေသတွေရဲ့ ၃ ပုံ ၁ ပုံလောက်ကိုသာ ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ တွေက ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပေမယ့် အခုလို ရုရှားက ကျူးကျော်လာပြီးနောက်မှာ ခွဲထွက်ရေးအဖွဲ့တွေ ကြေညာထားတဲ့အတိုင်း အခုထိန်းချုပ် ထားတဲ့ ပြင်ပက တခြား နယ်မြေတွေကိုပါ သိမ်းသွားနိုင်ပါတယ်။

ယူကရိန်းက ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း သူ့ရဲ့လက်နက်ကိုင်အင်အားကို ပြင်ဆင် တည်ဆောက် ထားပါတယ်။ အရန်တပ်ဖွဲ့ဝင်အင်အားတွေကို အသက် ၁၈နှစ် နဲ့ ၆၀ နှစ်ကြားအထိ ဆင့်ခေါ်ထားပါတယ်။ ဒါပေမယ့် ရုရှားရဲ့ စစ်အင်အားနဲ့ နှိုင်းစာရင် ကွာလွန်းတာက သိသာပါတယ်။

အခုကျူးကျော်မှုကနေ ရုရှားနဲ့ ယူကရိန်းတို့နဲ့ နယ်စပ်ချင်းထိနေတဲ့ နိုင်ငံတွေကိုလည်း သက်ရောက်မှုတွေက ရှိလာမှာပါ။ လက်ဗီးယား၊ ပိုလန်၊ မောလ်ဒိုဗာ နိုင်ငံတွေက သူတို့ဆီ ကိုဝင်လာမယ့် ဒုက္ခသည်တွေအရေးအတွက် ပြင်ဆင်ထားရပြီလို့ ဆိုပါတယ်။ မောလ်ဒိုဗာနဲ့ လစ်သူရေးနီးယားနိုင်ငံတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

အနောက်ကမ္ဘာကဘာလုပ်ပေးနိုင်လဲ

နေတိုးအဖွဲ့က သူ့တိုက်လေယာဉ်တွေကို အဆင်သင့်ပြင်ထားပေမဲ့ ယူကရိန်းကို သူတို့ တပ်အင်အားတွေ မပို့ဘူးဆိုတာကို အရင်ကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

ယူကရိန်းကို အကြံပေးတွေ၊ လက်နက်တွေ၊ စစ်မြေပြင်ဆေးရုံတွေ ကူညီမယ်လို့ ဆိုထားပါတယ်။

ရုရှားအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့တာတွေတော့ လုပ်ထားပါတယ်။ ဂျာမနီက ရုရှားကနေ သူတို့ဆီကို သွယ်တန်းထားတဲ့ နော့ဒ် ၂ ဓာတ်ငွေ့ပိုက်လိုင်း Nord Stream 2 ကို ရပ်လိုက်ပါပြီ။ ဒီပိုက်လိုင်းက ရုရှားနဲ့ ဥရောပကုမ္ပဏီတွေ အကြီးအကျယ်ရင်းနှီးမြှုပ်နှံ ထားတဲ့ ပိုက်လိုင်းပါ။

ဥရောပသမဂ္ဂနိုင်ငံတွေကလည်း ရုရှားကို ကျယ်ပြန့်တဲ့ အရေးယူဒဏ်ခတ်တာတွေလုပ်ဖို့ တညီတညွတ်တည်း သဘောတူထားပါတယ်။

အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လမ်းကြောင်းတွေကိုသုံးပြီး ရုရှားရဲ့ ငွေပေးငွေယူ ဘဏ္ဍာရေးကိစ္စတွေ မလုပ်နိုင်အောင် အမေရိကန်က ပိတ်တာအပါအ၀င် ရုရှားကနိုင်ငံရေးမှာ လွှမ်းမိုးနေတဲ့ စီးပွားရေးသမားကြီးတွေကိုလည်း ဒဏ်ခတ် အရေးယူထားပါတယ်။

ယူကေက ရုရှားအဓိကဘဏ်ကြီး ၅ ခုနဲ့ ဘီလျံနာ သူဌေးကြီး ၃ ယောက်ကို ပစ်မှတ်ထား အရေးယူထားပါတယ်။

ပူတင် လိုချင်တာက ဘာလဲ

ကျူးကျော်တာမစခင် အရင် သီတင်းပတ်တွေ၊ လတွေကတည်းက အနောက်ဆီကနေ သူတို့ "လုံခြုံရေးအာမခံချက်" လိုချင်တယ်လို့ ရုရှားက ကြိမ်ဖန်များစွာ တောင်းဆိုထားပါတယ်။ နေတိုးက အရှေ့ဘက်ကို ချဲ့ထွင်လာတာကို သူတို့ မကျေနပ်ကြောင်းပြောနေခဲ့တာပါ။

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဆာဂေး ရက်ဘ်ကော့ဗ်က "ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် ဘယ်တော့မှ မဖြစ်စေရဘူးဆိုတာကို အာမခံဖို့ လိုအပ်တယ်" လို့ ပြောခဲ့ပါတယ်။

မစ္စတာပူတင်ရဲ့ တခြားအဓိကကျတဲ့ တောင်းဆိုမှုကလည်း နေတိုးက "ရုရှားနယ်စပ်နားမှာ လက်နက်တွေ နေရာချထားလို့ မရဘူး" ဆိုတာပါ။ နောက်ပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း နေတိုးကို ဝင်တဲ့ အရှေ့ဥရောပနိုင်ငံတွေကနေ နေတိုးရဲ့ စစ်အင်အားတွေ၊ စစ်အခြေခံ အဆောက်အအုံတွေကို ဖယ်ရှားဖို့လည်း သူက တောင်းဆိုထားပါတယ်။

ရုရှားဟာ နေတိုးကို ၁၉၉၇ ခုနှစ်မတိုင်ခင် မြေပုံဆီကို ပြန်သွားစေလိုတာပါ။

နေတိုးက ဘာတွေပြောထားလဲ

နေတိုးက သူတို့ဟာ ကာကွယ်ရေးမဟာမိတ်အဖွဲ့ဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံသစ်တွေကို အမြဲတံခါးဖွင့် ကြိုဆိုတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတကလည်း နေတိုးကို ဝင်နိုင်ဖို့ "ရှင်းလင်းပြီး ဖြစ်နိုင်စွမ်းတဲ့ အချိန် ဘောင်"ကိုချမှတ်ပေးပါလို့ ဆိုထားပါတယ်။ ဒါပေမဲ့ တကယ် နေတိုးကို သူတို့ဝင်နိုင်ဖို့က မဖြစ်နိုင်သေးဘဲ ကြာဦးမယ်ဆိုတာကို ဂျာမနီ ဝန်ကြီးချုပ်က ရှင်းလင်းအောင် ပြောထားပါတယ်။

သမ္မတ ပူတင် ကတော့ နေတိုးဟာ "အရှေ့ဘက်ကို သူတို့ တလက်မမှ မတိုးပါဘူး" ဆိုပြီး အနောက်နိုင်ငံတွေက ၁၉၉၀ ခုနှစ်မှာ ကတိပြုထားတယ်လို့ ခံယူထားပါတယ်။

အဲဒီ ကတိပေးထားချိန်ဟာ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်ကာလက ဖြစ်ပြီးအဲဒီတုန်းက ဆိုဗီယက်သမ္မတ မီခေးလ် ဂေါ်ဘာချော့ဗ်ကို ကတိပေးခဲ့ကြတာပါ။

အဲဒီတုန်းက အရှေ့ဂျာမနီကို ရည်ရွယ်ပြောဆိုခဲ့ကြတာဖြစ်ပြီး ဂျာမနီပြန်လည်ပေါင်းစည်းရေး ကိစ္စမှာ နှစ်ဖက်ဆွေးနွေးခဲ့ကြစဉ်ကပါ။

မစ္စတာ ဂေါ်ဘာချော့ဗ်က အဲဒီအချိန်က "နေတိုး ချဲ့ထွင်ရေး ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဘာမှ မဆွေးနွေးခဲ့ကြပါဘူး" လို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။