ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းအကျပ်အတည်း - ရုရှားကျူးကျော်ဝင်ရောက်မှု အချိန်မရွေး စနိုင်တယ်လို့ အမေရိကန် သတိပေး
ယူကရိန်းနိုင်ငံထဲကို ရုရှားဘက်က အချိန်မရွေး ကျူးကျော်ဝင်ရောက်နိုင်ပြီး အမေရိကန်နိုင်ငံသားတွေအားလုံး အဲဒီကနေ ချက်ချင်းထွက်ခွာသင့်တယ်လို့ အမေရိကန်ဘက်က သတိပေးလိုက်ပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စတင်နိုင်တဲ့ ကျူးကျော်ဝင်ရောက်မှုကြောင့် ထွက်ခွာဖို့ ခက်ခဲနိုင်ပြီး အရပ်သားတွေလည်း အန္တရာယ်ကျရောက်နိုင်တယ်လို့ အိမ်ဖြူတော်ဘက်က သောကြာနေ့မှာ ပြောပါတယ်။
ရုရှားနိုင်ငံကတော့ နယ်စပ်အနီးမှာ စစ်အင်အား ၁၀၀,၀၀၀ ကျော် စုဝေးထားပေမဲ့ ယူကရိန်းနိုင်ငံထဲကို ကျူးကျော်ဖို့ မရှိဘူးလို့ ထပ်တလဲလဲ ငြင်းဆိုထားပါတယ်။
အမေရိကန်ရဲ့ ထုတ်ပြန်ချက်ဟာ ယူကရိန်းနိုင်ငံတွင်းမှာရှိနေတဲ့ နိုင်ငံသားတွေကို သတိပေးချက် အသစ်တွေ ထုတ်ပြန်ဖို့အတွက် ကမ္ဘာတဝန်း တခြားနိုင်ငံတွေကို လှုံ့ဆော်ပေးခဲ့ပါတယ်။
ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေကလည်း ယူကရိန်းကနေ အမြန်ဆုံး ထွက်ခွာကြဖို့ သူ့နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။
အမေရိကန်နဲ့ ရုရှားနိုင်ငံတွေကတော့ ယူကရိန်းနိုင်ငံ ကိယက်မြို့တော်မှာရှိနေတဲ့ သူတို့ရဲ့ သံတမန်ဝန်ထမ်းတွေကို ပြောင်းရွှေ့ပေးနေပြီလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အမေရိကန် သံရုံးဝန်ထမ်းတွေဟာ ပိုလန်နယ်စပ်အနီးက ယူကရိန်းနိုင်ငံ အနောက်ခြမ်းကို ပြောင်းရွှေ့တော့မယ်လို့ AP သတင်းဌာနမှာ ရေးသားထားပါတယ်။
ရုရှားအစိုးရပိုင် သတင်မီဒီယာ RIA Novosti သတင်းဌာနကလည်း ရုရှားသံတမန်တချို့ ယူကရိန်းက သူတို့ သံရုံးကနေ ထွက်ခွာနေကြပြီလို့ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံလုံးကတော့ ဒီသတင်းတွေကို အတည်ပြုမထားပါဘူး။
ဒါပေမဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ ယူကေသံမတ်ကြီး မယ်လင်ဒါ ဆင်မွန်စ်ကတော့ သူရော အဓိက အဖွဲ့သားတွေအားလုံး ကိယက်မြို့မှာပဲ ရှိနေကြတယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။
သံခင်းတမန်ခင်းနည်းလမ်းကနေတဆင့် တင်းမာမှုတွေ ဖြေလျှော့ဖို့ ကြိုးပမ်းချက်တွေလည်း စနေနေ့မှာ ဆက်ရှိနေပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ နှစ်ဦးလုံးဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဖုန်းပြောကြဖို့ ရှိပါတယ်။
တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေဟာ ဆောက်တည်ရာမရအောင် ပြဿနာ မီးထွန်းရှာနေတယ်လို့ ရုရှားနိုင်ငံက စွပ်စွဲထားပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ် ဆယ်လီဗန်ကတော့ "လက်ရှိအချိန်မှာ ရုရှားတပ်ဖွဲ့တွေဟာ အဓိက စစ်ဆင်ရေးကြီးတခုကို စတင်နိုင်စွမ်းရှိတဲ့ အခြေအနေမှာ ရောက်နေပြီ" လို့ ပြောပါတယ်။
အမေရိကန် အာဏာပိုင်တွေရဲ့ အရေးပေါ် သတိပေးချက်တွေထဲမှာ တင်းမာမှုတွေ ရှိနေတယ်ဆိုတာ သိသာထင်ရှားတယ်လို့ ဆိုပါတယ်။
"အနာဂတ်ကို ကျွန်တော်တို့ မခန့်မှန်းနိုင်ပါဘူး။ ဘာဖြစ်တော့မလဲဆိုတာလည်း တိတိကျကျ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ အန္တရာယ် အင်မတန်များပြီး နိုင်ငံတွင်းကနေ နှိုင်းနှိုင်းချင့်ချင့် ထွက်ခွာကြဖို့က လက်ရှိမှာ ခြိမ်းခြောက်မှုတခု ဖြစ်လာနေတယ်" လို့ ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ကျူးကျော်ဝင်ရောက်ဖို့ အပြီးသတ် ဆုံးဖြတ်ချ ချပြီး မပြီးဆိုတာတော့ အမေရိကန် အစိုးရဘက်က အတိအကျ မသိသေးပေမယ့် စစ်ဆင်ရေးလုပ်တာ မှန်ကန်ကြောင်း ပြဖို့အတွက် ကရင်မ်မလင်နန်းတော်ဘက်က အကြောင်းပြချက်တခု ရှာနေတယ်လို့ မစ္စတာ ဆယ်လီဗန်က ဆိုပါတယ်။
လေကြောင်းကနေ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စတင်နိုင်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ယူကရိန်း နယ်စပ်တွေမှာ ရုရှားစစ်တပ်တွေ ထပ်မံ တိုးချဲ့ချထားတာနဲ့ လာမယ့် ရက်ပိုင်းတွေအတွင်း ပင်လယ်နက်ထဲမှာ ရုရှား စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ ပြင်ဆင်ခဲ့တာတွေနဲ့ ပတ်သက်လို့ အမေရိကန် အာဏာပိုင်တွေက သတိပေးပြောဆိုခဲ့အပြီးမှာ မစ္စတာ ဆယ်လီဗန်ရဲ့ မှတ်ချက်ပေးပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။
ရုရှားဘက်က စစ်ဆင်ရေးလုပ်တဲ့အခါ ပိတ်မိနေတဲ့ နိုင်ငံသားတိုင်းကို ကယ်ထုတ်ဖို့အတွက် စစ်အင်အား စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတ ဘိုင်ဒန်က ပြောထားပါတယ်။
အမေရိကန် သမ္မတ ဘိုင်ဒန်ဟာ အတ္တလန္တိတ်သမုဒ္ဒရာတဖက်ခြမ်းက ခေါင်းဆောင်တွေနဲ့ သောကြာနေ့မှာ ဗီဒီယိုကနေတဆင့် ဆွေးနွေးပြောဆိုခဲ့ပြီး ယူကရိန်းထဲကို ကျူးကျော်ဝင်ရောက်ခဲ့ရင် ရုရှားနိုင်ငံအပေါ် ပြင်းထန်တဲ့ စီးပွားရေး အကျိုးဆက်တွေနဲ့ ဖိအားပေးဖို့အတွက် ပူးတွဲဆောင်ရွက်မှုတခုကို အဲဒီအစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဖော့ဒ် ဘရက်ခ်က စစ်အင်အား နောက်ထပ် ၃၀၀၀ ကို ပိုလန်နိုင်ငံထဲ တပ်ဖြန့်ချထားခဲ့ပြီး လာမယ့်သီတင်းပတ်ထဲမှာ ရောက်ဖို့ မျှော်လင့်ရတယ်လို့ အမေရိကန်က ပြောပါတယ်။
အဲဒီ တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံထဲမှာ တိုက်ခိုက်မှာ မဟုတ်ပေမယ့် အမေရိကန် မဟာမိတ်တွေကို ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။