ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ- တရုတ်ရဲ့ ကိုဗစ် မူဝါဒက အလုပ်ဖြစ်လား

တရုတ်အိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့် ကွင်းပြင်ပတွင် စောင့်ကြပ်နေသော လုံခြုံရေး တပ်သား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ်အိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့် ကွင်းပြင်ပတွင် စောင့်ကြပ်နေသော လုံခြုံရေး တပ်သား

နောက်လမှာ စတင်မယ့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက် ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် လိုအပ်တဲ့ အရေးယူလုပ်ဆောင်ချက်တွေ အားလုံးကို လုပ်ဆောင်ပြီး ဖြစ်တယ်လို့ တရုတ်က ပြောပါတယ်။

ဒီအားကစားပွဲအတွက် တရုတ်က ဘာတွေ စီစဥ်ထားပါသလဲ။ တရုတ်ရဲ့ ကိုဗစ် ကင်းစင်ရေး မူဝါဒက ဘယ်လောက်ထိ အောင်မြင်သလဲဆိုတာ ကြည့်ရအောင်ပါ။

တိုကျိုအိုလံပစ်ပြိုင်ပွဲထက် အရေးယူဆောင်ရွက်မှုတွေ ပိုတင်းကျပ်

တရုတ်က ကိုရိုနာ ဗိုင်းရပ်စ်ကို မောင်းထုတ်နိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။

နိုင်ငံရပ်ခြားကနေ လာအားပေးတဲ့ ပရိသတ်တွေကို တားမြစ်မှာ ဖြစ်ပြီး တရုတ် ပြည်မကလူတွေပဲ ပွဲကို ကြည့်ခွင့်ရမှာဖြစ်ပါတယ်။

ပြည်မက လူတွေကလည်း ပွဲကြည့်ပြီးလို့ အိမ်ပြန်ရင် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တခြားနေရာ ဒေသတွေမှာ နေထိုင်တဲ့သူတွေ အနေနဲ့ မြို့တော် ဘေဂျင်းကို ခရီးမထွက်ဖို့ အကြံပြုထားပါတယ်။

မီဒီယာ၊ အားကစားသမားနဲ့ လေ့လာသူဆိုပြီး အိုလံပစ်နဲ့ သက်ဆိုင်တဲ့သူတွေ သီးသန့်နေရမယ့် နေရာ ၃ ခုကိုလည်း ဖန်တီးထားပါတယ်။

ဒီနေရာတွေထဲကို ဝင်မယ့် ဘယ်သူမဆို ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသား ဒါမှမဟုတ်ရင် ၂၁ ရက် ကွာရန်တင်း ဝင်ထားပြီးသား ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ကိုဗစ် စစ်ဆေးမှုကိုလည်း နေ့စဥ် လုပ်ဆောင်မှာ ဖြစ်ပြီး နှာခေါင်းစည်းကိုတော့ အချိန်မရွေး တပ်ထားရမှာ ဖြစ်ပါတယ်။

အိုလံပစ်အတွက် သတ်မှတ်ထားတဲ့ နေရာတွေမှာ ပြေးဆွဲမယ့် သီးသန့် အမြန်ရထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုလံပစ်အတွက် သတ်မှတ်ထားတဲ့ နေရာတွေမှာ ပြေးဆွဲမယ့် သီးသန့် အမြန်ရထား

ဒီနေရာတွေကနေ ဘယ်သူမှ ထွက်ခွာခွင့်ရမှာ မဟုတ်ပါဘူး။ ပြည်ပကနေ လာတဲ့သူတွေက တရုတ်ကို ရောက်တာနဲ့ ဒီနေရာကို ဝင်ရမှာ ဖြစ်ပြီး နိုင်ငံထဲကနေ မထွက်ခွာမချင်း ဒီနေရာမှာပဲ နေရမှာ ဖြစ်ပါတယ်။

ဒေသခံအလုပ်သမားတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ထမင်းချက်တွေနဲ့ ကားမောင်းသမားတွေကလည်း သီးသန့်နေရမယ့် ၃ နေရာထဲမှာ နေရမှာ ဖြစ်ပါတယ်။

မိသားစုတွေ အပါအဝင် ပြင်ပကမ္ဘာနဲ့ သူတို့က မထိတွေ့ရပါဘူး။

ဒီလို သီးသန့်ခွဲထားတဲ့နေရာမှာ အဆောင်တွေ၊ ဆေးရုံတွေ ပါဝင်ရုံသာမက ပို့ဆောင်ရေးတွေလည်း ပါဝင်ပါတယ်။

တချို့ အိုလံပစ်ပြိုင်ပွဲတွေက ဘေကျင်းရဲ့ အပြင်ဘက်မှာ ကျင်းပမှာ ဖြစ်ပြီး လေဆိပ်တွေ အမြန်ရထား စနစ်တွေကိုလည်း သီးသန့်ခွဲ လုပ်ဆောင်ထားပါတယ်။

အိုလံပစ်ပြိုင်ပွဲဝင်တဲ့သူတွေ စီးမယ့်ယာဥ်တွေရှေ့မှာလည်း အနီရောင် သင်္ကေတနဲ့ တပ်ထားမှာ ဖြစ်ပါတယ်။

ဒီယာဥ်တွေနဲ့ ပြည်သူတွေ မတော်တဆ တိုက်မိခဲ့ရင်တောင် ထိတွေ့တာကို ရှောင်ကျဥ်ဖို့ ယာဥ်စည်းကမ်း ထိန်းသိမ်းတဲ့ တာဝန်ရှိသူတွေက လူတွေကို အကြံပြုထားပါတယ်။

ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘာတွေ လုပ်ထားပြီးပြီလဲ

နိုင်ငံခြားသားတွေ တရုတ်ကို ဝင်ထွက် သွားလာတာကို အထူး တင်းကျပ်ထားပါတယ်။

အမှန်က ကပ်ရောဂါ စတင်ကတည်းက ပြည်တွင်း သွားလာမှုကိုလည်း ကန့်သတ်ထားတာပါ။

တရုတ်ကို ဝင်ခွင့်ရထားတဲ့ ခရီးသွားတွေကတော့ ရောက်ရောက်ချင်းကို စစ်ဆေးခံရပါတယ်။

အဲဒီနောက် အစိုးရက သတ်မှတ်ထားတဲ့ ဟိုတယ်တွေမှာ မဖြစ်မနေ ၂ ပတ် ကွာရန်တင်းဝင်ရပါတယ်။

လေယာဥ်ပေါ်က မဆင်းမီ နိုင်ငံတကာ ခရီးသည် အားလုံးကို အပူချိန်ကို စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေယာဥ်ပေါ်က မဆင်းမီ နိုင်ငံတကာ ခရီးသည် အားလုံးကို အပူချိန်ကို စစ်ဆေး

အဲဒီနောက် ၇ ရက်က စောင့်ကြည့်ခံရပြီး လူမှုဘဝဆိုင်ရာ ထိတွေ့မှုတွေကို တားမြစ်ထားပါတယ်။ ဒါ့အပြင် ဒေသခံ ကျန်းမာရေး တာဝန်ရှိသူကိုလည်း ပုံမှန် သတင်းပို့ရပါတယ်။

ပြည်တွင်းနဲ့ ပြည်ပမှာ ရှိတဲ့ နိုင်ငံသားတွေ နိုင်ငံတကာကို သိပ်မသွားအောင် အရေးမကြီးဘူးဆိုရင် ပတ်စ်ပို့တွေ သက်တမ်းတိုးတာ၊ အသစ်ထုတ်ပေးတာကို ရပ်တန့်ထားပါတယ်။

တရုတ်မှာ မြို့ တမြို့ကနေ တမြို့သွားတာကိုလည်း ထိန်းချုပ်ထားပါတယ်။

အိုလံပစ်ပြိုင်ပွဲနီးကပ်လာတာနဲ့ အမျှ ကိုဗစ် ရောဂါတွေ့တဲ့ မြို့တွေကိုလည်း တရုတ်က လော့ခ်ဒေါင်းချလိုက်ပါတယ်။

ကျီအန်းမြို့ လော့ခ်ဒေါင်းချပြီးတဲ့နောက် မြို့ခံတွေက လိုအပ်တာတွေကို လာရောက် ယူဆောင်နေစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျီအန်းမြို့ လော့ခ်ဒေါင်းချပြီးတဲ့နောက် မြို့ခံတွေက လိုအပ်တာတွေကို လာရောက် ယူဆောင်နေစဥ်

ဒီလို ကန့်သတ်လိုက်ရာမှာ လူတွေကိုလည်း ဆေးရုံသွားတာတို့လို အရေးပေါ် ကိစ္စရှိမှသာ အိမ်တွေကနေ ထွက်ခွင့်ပြုထားပါတယ်။

ရဲတွေနဲ့ ဒေသခံ စေတနာ ဝန်ထမ်းတွေရဲ့ စောင့်ကြပ်မှုကိုလည်း တိုးမြှင့်ထားပြီး စည်းကမ်းကို ချိုးဖောက်တဲ့သူတွေကို ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်ဆောင်ပါတယ်။

လူအများစုကို ကိုဗစ်ရှိမရှိ စစ်ဆေးရာမှာ တစ်ဦးတစ်ယောက်မှာ ကိုဗစ် စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုရင် ကွာရန်တင်း စင်တာကို ပို့ပါတယ်။ သက်ဆိုင်ရာ မိသားစုဝင် တွေကိုလည်း သတိပေးပြီး အချိန်တိုတွင်းမှာ အိမ်တွေကနေ ပြောင်းရွှေ့စေပါတယ်။

မလိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ပြီး အစားအသောက်နဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ရောင်းတဲ့ ဆိုင်တွေပဲ ဖွင့်ခွင့်ပြုပါတယ်။

ကျောင်းတွေကို ပိတ်လိုက်ပြီး အများပြည်သူသုံး ပို့ဆောင်ရေးတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ယာဥ်သွားယာဥ်လာအားလုံးကိုလည်း တားမြစ်လိုက်ပါတယ်။

တရုတ်ရဲ့ ကိုဗစ်ကင်းမဲ့ရေး မူဝါဒ ဘယ်လောက် အောင်မြင်လဲ

ကပ်ရောဂါကို ထိန်းချုပ်တဲ့နေရာမှာ တရုတ်က သိသိသာသာ အောင်မြင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ကုန်မှာ တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၄၆၀၀ ကျော်ပဲရှိခဲ့တယ်လို့ Our World in Data အချက်အလက်တွေအရ သိရပါတယ်။

အမေရိကန်မှာ ၈ သိန်း၃သောင်းကျော်နဲ့ ဗြိတိန်မှာ ၁ သိန်းခွဲနီးပါး သေဆုံးခဲ့ပါတယ်။

လူ ၁သန်းမှာဆိုရင် ၃ယောက်ပဲ တရုတ်မှာ သေဆုံးခဲ့ပြီး အမေရိကန်မှာ ၂၅၀၀နဲ့ ဗြိတိန်မှာ ၂၁၉၀ ထိရှိခဲ့ပါတယ်

တရုတ်၊ အမေရိကန်နဲ့ ဗြိတိန်မှာ လူသေဆုံးမှု စာရင်း
ဓာတ်ပုံ ပုံစာ, တရုတ်၊ အမေရိကန်နဲ့ ဗြိတိန်မှာ လူသေဆုံးမှု စာရင်း

တရုတ်မှာ ကူးစက်မှုကလည်း အရမ်းကို နည်းပါတယ်။ ကပ်ရောဂါ ကာလမှာ နိုင်ငံတဝန်း တရက်ကို လူ ၁၅၀ ပဲ ကူးပါတယ်။

တရုတ်အစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားတွေရဲ့ တိကျမှုအပေါ် သံသယတွေရှိနေပေမဲ့ တခြားနိုင်ငံတွေက ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းကို ယှဥ်ကြည့်ရင် တရုတ်က ပိုနည်းနေတာကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။

တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်း ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးပြီလို့ ကြေညာပါတယ်။

ဒီလို အခြေအနေတွေအောက်မှာ လူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ စီးပွားရေးတွေကို ပေးဆပ်ရပေမဲ့ ကိုဗစ် ကင်းစင်ရေး ပေါ်လစီကို တရုတ်က တကိုယ်တော် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

၂၀၂၁ နောက်ပိုင်းမှာ သြစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူတို့ကလည်း ကိုဗစ်ကင်းစင်ရေး မူဝါဒနီးပါး တင်းကြပ်တဲ့ စည်းမျဥ်းတွေကို အကောင်ထည်ဖော်ခဲ့ကြပါတယ်။

ဗီဒီယို ပုံစာ, တရုတ်က ဆောင်းရာသီအိုလံပစ်အတွက် ပြင်ဆင်မှု

ဒယ်လ်တာ မျိုးကွဲကိုဗစ် ကူးစက်မှုတွေရှိပေမဲ့ ဒီနိုင်ငံတွေက ကိုဗစ် ကာကွယ်ဆေး ထိုးနှုန်းကို ပိုတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒီနိုင်ငံ ၃ ခုမှာ ကိုဗစ် ကူးစက်မှုနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ကာကွယ်ဆေးက အပြင်းအထန်ဖျားနာမှုတွေနဲ့ သေဆုံးမှုတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။

တရုတ်ကို နမူနာထားပြီးပြောရမယ်ဆိုရင် တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကို ပယ်ဖျက်လိုက်မယ်ဆိုရင် ကူးစက်မှုက ပျံ့နှံ့သွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

"လက်ရှိတရုတ်ဖြစ် ကာကွယ်ဆေးတွေနဲ့ မျိုးကွဲတွေကို ကြည့်လိုက်ရင် တရုတ်က ပြန်ဖွင့်လိုက်ရင် အဖွင့်လှိုင်းလုံးက ဆောင့်ဝင်လာလိုက်မယ်" လို့ ဟောင်ကောင်တက္ကသိုလ်က ပါမောက္ခလည်း ဖြစ် ကူးစက်ရောဂါ ပျံ့ပွားခြင်းနဲ့ ကာကွယ်မှုဆိုင်ရာ ကျွမ်းကျင်သူ ဘန်ကောလင်းက ပြောပါတယ်။