ရုရှားရဲ့ ယူကရိန်းအရေးဟန့်တားမှု လက်မခံဘူးလို့ အမေရိကန် သတိပေး

ရုရှားက ယူကရိန်းနဲ့ ပတ်သက်ပြီး စည်းနီ ဟန့်တား သတ်မှတ်မှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးလိုက်ပါတယ်။

ရုရှားအစိုးရ အနေနဲ့ ယူကရိန်းနိုင်ငံအတွင်းကို ကျူးကျော် ဝင်ရောက်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေရာမှာ အခုလို ကျူးကျော်ဖို့ အလွန်ခက်ခဲသွားအောင် အမေရိကန်က လုပ်မှာ ဖြစ်တယ်လို့လည်း မစ္စတာဘိုင်ဒန်က ပြောပါတယ်။

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ နေတိုးနိုင်ငံတွေက ယူကရိန်းပြည်တွင်းကို တပ်သား ဒါမှမဟုတ် လက်နက်တွေ ပို့လွှတ်တာဟာ ရုရှားက လက်မခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်တာဖြစ်ပြီး ခိုင်မာတဲ့ တုံ့ပြန်မှု ပြန်လုပ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လတ်တလော ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

နေတိုးတပ်ဖွဲ့ဝင်တွေဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းက စပြီး ပိုလန်၊ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူရေးနီးယား နိုင်ငံတို့မှာ သူတို့ရဲ့ တပ်တွေ ချထားနေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သတင်းဌာနတွေကတော့ အမေရိကန်ထောက်လှမ်းရေး အရာရှိတွေ အနေနဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရုရှားက ယူကရိန်းကို ကျူးကျော်လာမှာ စိုးရိမ်နေကြကြောင်း သတင်းတွေ ဖော်ပြခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကတော့ ရုရှားဟာ သူတို့နဲ့ နယ်စပ်မှာ တပ်သားအင်အား ၉၄၀ဝ၀ လောက်အထိ အင်အားတိုး ချလာတယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုလို တင်းမာနေတဲ့ အခြေအနေကို ညှိနှိုင်းဆွေးနွေးဖို့အတွက် ရုရှားနဲ့ အမေရိကန်သမ္မတတို့ ဒီတပတ်အတွင်းမှာ ဗီဒီယိုဖုန်းဆက် တွေ့ဆုံ စကားပြောဖို့တော့ စီစဉ်ထားကြပါတယ်။

အမေရိကန် သမ္မတ ဘိုင်ဒန်အနေနဲ့ ရုရှားခေါင်းဆောင်နဲ့ အတော်ကြာကြာ ဆွေးနွေးရဖို့ရှိပြီး ဘယ်သူ ချမှတ်တဲ့ မကျော်ရ စည်းနီ ဆိုတာတွေကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်က ဘယ်လို လုပ်ဆောင်မှုတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ မစ္စတာ ဘိုင်ဒန်က တိတိကျကျ မပြောဆိုခဲ့ပေမယ့် အမေရိကန်နဲ့ ယူကရိန်းအာဏာပိုင်တွေကတော့ ရုရှားအပေါ် ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ လုပ်ဖို့ အသင့်ရှိတယ်လို့ ဒီတပတ်ထဲမှာ ပြောဆိုထားကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင်ကန်နဲ့ တွေ့ဆုံပြီးချိန်မှာ အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှု အသစ်တွေ ထပ်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းနယ်စပ်မှာ တပ်ချထားမှု အနေအထား

ရုရှားနိုင်ငံဟာ စစ်မျက်နှာ အမျိုးမျိုးဖွင့်ပြီး ယူကရိန်းကို ဝင်ရောက်ဖို့ စီစဉ်နေရာမှာ စုစုပေါင်း တပ်အင်အား ၁၇၅၀ဝ၀ အထိ ပါဝင်နိုင်တဲ့ စစ်ဆင်ရေးတွေကို လာမယ့်နှစ် အစောပိုင်းမှာ စတင်နိုင်တယ်ဆိုပြီး အမေရိကန်နိုင်ငံထုတ် ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအရာရှိတွေ အနေနဲ့ ရုရှားဘက်က လူအများထောက်ခံမှုရအောင် သတင်းဖြန့်ချိ လှုပ်ရှားမှုတွေ လုပ်လာတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

အခုလို ပြုလုပ်ရာမှာ အဓိကအားဖြင့် ယူကရိန်းနဲ့ နေတိုးအဖွဲ့ကို မီဒီယာတွေနဲ့ တဆင့်ခံ ပြောကြားသူတွေကတဆင့် ဝေဖန်ရှုတ်ချမှုတွေကို ကျူးကျော်မှု မလုပ်ခင်မှာ ဖြန့်ချိ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

ရုရှားကဘက်က ရှေ့ဆက် တိုးလာနိုင်ခြေ အရှိဆုံးကာလကတော့ လာမယ့် ဇန်နဝါရီ လကုန်ပိုင်းလောက် ဖြစ်နိုင်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီ ရက်ဇ်နီးကော့ဗ်က ဆိုပါတယ်။

ယူကေဘက်က ဆိုရင်လည်း ဗိုလ်ချုပ် ဆာ နစ်ခ် ကာတာက အဲဒီ ဒေသအတွင်း ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် ပြင်ပြင်ဆင်ဆင် ရှိထားသင့်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ စစ်မဖြစ်လာဘူးလို့ တိတိပပ မျှော်လင့်မထားဘူး ဆိုပေမယ့်လည်း နေတိုးအဖွဲ့အနေနဲ့ အဲဒီလို အခြေအနေအတွက် အဆင့်သင့်ဖြစ်ထားဖို့ လိုမယ်လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ ပဋိပက္ခဖြစ်လာတာ လတ်တကော ကာလရောက်မှ မဟုတ်ပါဘူး။ ၂၀၁၄ မှာ ယူကရိန်းရဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ဒေသက ရုရှားပိုင်နက် ဖြစ်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ရုရှားဟာ ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးသမားတွေကို ကျောထောက်နောက်ခံပေးလာခဲ့ပြီး အဲဒီ ဒေသတွင်း တိုက်ပွဲတွေမှာ လူပေါင်း ၁၄၀ဝ၀ လောက် သေကြေခဲ့တဲ့အထိ တိုက်ပွဲ ပြင်းထန်မှုတွေလည်း ရှိခဲ့ပါတယ်။

လတ်တလော အနေအထားမှာ ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇီလန်းစကီးဟာ ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး ရုရှားထောက်ခံတဲ့ ရုပ်သံဌာန သုံးခုကို ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။