ကလေးတွေအတွက် ကိုဗစ်ကာကွယ်ဆေး ဘယ်နိုင်ငံတွေမှာ ထိုးနေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာတဝန်း ကိုဗစ် ကာကွယ်ဆေးတွေကို ၁၈ နှစ်အောက် လူငယ်တွေကိုပါ ထိုးနှံပေးဖို့ စီစဥ်လာတဲ့ နိုင်ငံတွေ တိုးလာနေပါတယ်။
မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စုက စည်းမျဥ်း၊ စည်းကမ်း ထိန်းသိမ်းသူတွေက Pfizer ဖိုင်ဇာကာကွယ်ဆေးကို အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို ထိုးပေးဖို့ သင့်တယ်ဆိုပြီး မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ဖိုင်ဇာ ကာကွယ်ဆေးဟာ အသက် ၁၂ နှစ်နဲ့ အထက်ဆို ထိုးပေးဖို့ သင့်တော်ကြောင်း ပြောထားပါတယ်။
ကလေးသူငယ်တွေကို ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံရေးအတွက် ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံအလိုက် မူဝါဒပိုင်း ကွာဟချက်တွေ ကြီးကြီး မားမား ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု
အသက် ၅ နှစ်နဲ့ အထက်ကို ဖိုင်ဇာထိုးပေး
အခုသီတင်းပတ် အစောပိုင်းကပဲ အမေရိကန် အစားအစာနဲ့ ဆေးဝါးဆိုင်ရာ အာဏာပိုင် အဖွဲ့ (FDA) က ဖိုင်ဇာကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကြေညာချက်တခု ထုတ်ခဲ့ပါတယ်။ အဲဒီထဲမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်အထိ ကလေးတွေအတွက် ဖိုင်ဇာဆေးဟာ ကိုဗစ် ရောဂါလက္ခဏာတွေကို ၉၅ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ပြောထားပါတယ်။
၁၂ နှစ်နဲ့ အထက် ကလေးတွေအတွက်တော့ ပြီးခဲ့တဲ့ မေလ မှာ ခွင့်ပြုပေးခဲ့ပြီး ဇွန်လ အတွင်းမှာပဲ ထိုးနှံမှုတွေ စတင်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
FDA က ဖိုင်ဇာဆေးထိုးပေးနိုင်ခြင်းကြောင့် နှလုံး ရောင်တာလို ရောဂါလက္ခဏာတွေ အပါအဝင် အန္တရာယ်တော်တော်များများကို တားဆီးနိုင်လို့ အကျိုးဖြစ်စေတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန် ဆေးကုမ္ပဏီ Moderna မိုဒါးနားကလည်း သူတို့ရဲ့ ကိုဗစ် ကာကွယ်ဆေးဟာ အသက် ၆ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေမှာ အားကောင်းတဲ့ ပဋိပစ္စည်း မြန်မြန် ထုတ်ပေးနိုင်တာကို တွေ့ရကြောင်း ပြောပါတယ်။
တရုတ်
အသက် ၃ နှစ်နဲ့ အထက်ကို Sinovac ဆေး ထိုးခွင့်ပြု
ပြီးခဲ့တဲ့ ဇွန်လ အတွင်းက စပြီး တရုတ်ပြည်မှာ အသက် ၃ နှစ်ကနေ ၁၇ နှစ်အထိကို Sinovac ဆိုင်နိုဗက်ဆေးတွေ ထိုးခွင့်ပြုခဲ့ပါတယ်။
တရုတ်ဟာ နှစ်ကုန်ပိုင်းမှာ သူ့လူဦးရေ ၁.၄ ဘီလျံရဲ့ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။
ဒီလိုဖြစ်လာဖို့ ဆိုရင် တရုတ်ဟာ အရွယ်ရောက်ပြီးသူတွေ အပြင် အသက် ၁၈ နှစ် အောက်တွေကိုပါ ကာကွယ်ဆေးတွေ ထိုးပေးဖို့ လိုမှာ ဖြစ်ပါတယ်။
တရုတ်ပြည်မှာ ကာကွယ်ဆေးက မထိုးမနေရလို့ သတ်မှတ်ထားတာ မဟုတ်ပေမယ့် တချို့ ဒေသတွေမှာ အာဏာပိုင်တွေက ကျောင်းသားတွေကို လာမယ့် စာသစ်နှစ်မှာ သူ့ တမိသားစုလုံး ကာကွယ်ဆေး ၂ ခါ မထိုးရသေးရင် ကျောင်းတက်ခွင့် ပြုမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပ
ဆေးထိုးနှုန်း မတူညီကြ
ပြီးခဲ့တဲ့ မေလ အတွင်းမှာ ဥရောပ ဆေးဘက်ဆိုင်ရာ အေဂျင်စီ (EMA) က ဖိုင်ဇာဆေးကို အသက် ၁၂ နှစ်ကနေ ၁၅ နှစ် အရွယ်တွေကိုပါ ထိုးပေးဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အီးယူ နိုင်ငံတွေအကြား ကာကွယ်ဆေးတွေ ထိုးနှံပေးလာကြပေမယ့် တနိုင်ငံနဲ့ တနိုင်ငံ ဆေးထိုးနှုန်းတွေက မတူညီကြပါဘူး။
ဒိန်းမတ်မှာ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အကြားနဲ့ စပိန်မှာ အသက် ၁၂ နှစ်ကနေ ၁၉ နှစ်အကြား ကို ကာကွယ်ဆေးထိုးပေးနေပြီး အဲဒီထက် ငယ်ရွယ်တဲ့ ကလေးတွေမှာလည်း အနည်းဆုံး ဆေးတလုံးတော့ ထိုးပြီး ကြပြီ ဖြစ်ပါတယ်။
ပြင်သစ်ကလည်း ခပ်မြန်မြန် ထိုးပေးနေပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၇ နှစ် အရွယ်တွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ ဆေးတလုံး ထိုးပြီး ကြပြီ ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့ အထိ ၆၄ ရာခိုင်နှုန်း ဆေး ၂ လုံး ထိုးပြီး ပြီဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်အောက် တွေအနေနဲ့ ရုပ်ရှင်ရုံ၊ ပြတိုက်၊ စားသောက်ဆိုင်တွေနဲ့ စျေးကြီးတွေကို ဝင်ချင်ရင် ကျန်းမာရေး ကင်းလွတ်ခွင့် ဒါမှမဟုတ် ကိုဗစ် မရှိကြောင်း ဆေးစစ်ချက်တွေကို ပြမှသာ ဝင်ခွင့်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျာမနီမှာတော့ ကနဦးမှာ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အထိကို တခြား ရောဂါအခံ ရှိနေသူဆိုမှသာ ကာကွယ်ဆေး ထိုးပေးပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဒဲလ်တာ မျိုးကွဲ ကူးစက်ပျံ့နှံ့ပြီး နောက်ပိုင်းမှာ အဲဒီ ဆေးထိုးခွင့် ရှိတဲ့ အသက်ကို ၁၂ နှစ်နဲ့ အထက် ရှိသူ ဆို ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
ဆွီဒင်မှာတော့ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်ကြား တွေအတွက် အဆုတ်ရောဂါ ရှိသူတွေ၊ ပြင်းထန်တဲ့ ပန်းနာရင်ကြပ် ရောဂါ ရှိသူတွေနဲ့ တခြား အသက်န္တရာယ်ရှိတဲ့ ကျန်းမာရေး ပြဿနာ ရှိသူတွေကို ကာကွယ်ဆေး ထိုးပေးနေပါတယ်။
အီးယူ အဖွဲ့ဝင် မဟုတ်တဲ့ နော်ဝေ နိုင်ငံမှာတော့ မကြာသေးခင်ကပဲ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား တွေကို ကာကွယ်ဆေးတွေ စပြီး ထိုးပေးပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပထမတလုံးကိုပဲ ထိုးပေးသွားမှာ ဖြစ်ပြီး ဒုတိယ တလုံး ထိုးပေးဖို့ကို နောက်ပိုင်းမှ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ကလေးငယ်လေးများအတွက် ကာကွယ်ဆေး
တချို့ နိုင်ငံတွေမှာတော့ သက်ဆိုင်ရာ အစိုးရတွေက အင်မတန် ငယ်ရွယ်တဲ့ အရွယ်တွေကိုလည်း ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု မှာ အသက် ၃ နှစ်နဲ့ အထက်ကို ပြီးခဲ့တဲ့ သြဂုတ်လက စတင်ပြီး တရုတ်ထုတ် Sinopharm ဆိုင်နိုဖမ်းကာကွယ်ဆေး ထိုးပေးနေပါတယ်။ အာဂျင်တီးနား နိုင်ငံမှာလည်း အလားတူ ဆောင်ရွက်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ချီလီ နိုင်ငံကတော့ အသက် ၆ နှစ်နဲ့ အထက်ကို တရုတ်ကာကွယ်ဆေး ဆိုင်နိုဗက် ထိုးပေးပါတယ်။ အဲဒီ ကုမ္ပဏီကပဲ မကြာသေးခင်က စပြီး တောင်အာဖရိက နိုင်ငံအတွင်းမှာ အသက် ၆ လ အရွယ်ကလေးတွေကနေ ၁၇ နှစ် အထိကို ကာကွယ်ဆေး စမ်းသပ်ထိုးပေးနပါတယ်။
ကျူးဘား နိုင်ငံမှာတော့ ပြည်တွင်းဖြစ် Soberana 02 ကာကွယ်ဆေး ကို အသက် ၂ နှစ်နဲ့ အထက်က စပြီး ထိုးနှံပေးနေပါတယ်။
တခြားနိုင်ငံတွေမှာရော
အသက် ၁၂ နှစ်နဲ့ အထက်တွေကို ကာကွယ်ဆေး ထိုးပေးနေကြတဲ့ နိုင်ငံတွေလည်း တော်တော် များများ ရှိနေပါပြီ။ အဲဒီထဲမှာ ဘရာဇီးနိုင်ငံလည်း ပါဝင်ပါတယ်။ သူတို့ ဆီက တချို့ ဒေသတွေမှာ စည်းကမ်းထိန်းသိမ်းသူတွေက ခွင့်ပြုချက် ရပြီဆိုတာနဲ့ ၅ နှစ်နဲ့ အထက်ကို ဖိုင်ဇာဆေး ထိုးပေးသွားမယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
အာရှတိုက်က အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့မှာလည်း အသက် ၁၂ နှစ်နဲ့ အထက်ကို ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခွင့်ပြုထားပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်အတွင်းက အိန္ဒိယနိုင်ငံက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က သူတို့ဆီက ဆေးကုမ္ပဏီ Zydus Cadila က ဖော်စပ်တဲ့ ကာကွယ်ဆေးကို အသက် ၁၂ နှစ်နဲ့ အထက်ကို အရေးပေါ် ထိုးပေးဖို့ ခွင့်ပြုပေးလိုက်ပါတယ်။
အရင်ဆုံး ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ ရှိတဲ့ ကလေးတွေကို ထိုးပေးမှာ ဖြစ်ပါတယ်။ ကျန်ကလေး တွေကိုတော့ အရွယ်ရောက်ပြီးသူတွေကို ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ အစီအစဥ်တွေ ပြီးတာနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံ ပေးသွားကြမှာ ဖြစ်ပါတယ်။
တူရကီနိုင်ငံမှာတော့ ကျောင်းပိတ်ရက်တွေ ပြီးဆုံးလို့ ကျောင်းတွေလည်း ဖွင့်ဖို့ အသစ်ဖြစ်နေကြပြီ ဖြစ်တာကြောင့် အသက် ၁၂ နှစ်နဲ့ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးတော့မယ်လို့ စက်တင်ဘာလအတွင်းကပဲ ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ဘာပြောသလဲ
WHO ရဲ့ အဆိုအရ ကလေးတွေနဲ့ မြီးကောင်ပေါက် အရွယ်တွေမှာလည်း အရွယ်ရောက်ပြီးသူတွေနဲ့ စာရင် သိပ်မပြင်းထန်တဲ့ ကိုဗစ် ဖြစ်တာမျိုးတွေ ရှိပါတယ်။
အဲဒါကြောင့် ကမ္ဘာ့အစိုးရတွေကို သူတို့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေရဲ့ ဦးစားပေး ရည်မှန်းချက်တွေကို စဉ်းစားသုံးသပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ကလေးငယ်တွေထဲက ပြင်းထန်တဲ့ ကိုဗစ် ၁၉ ကူးစက်ခံရနိုင်ခြေများသူတွေမှ အပ အသက်အရွယ် ပိုကြီးသူတွေ၊ နာတာရှည် ဝေဒနာသည်တွေနဲ့ ကျန်းမာရေးလုပ်သားတွေလောက် ကာကွယ်ဆေး အရေးတကြီး ထိုးနှံပေးစရာ မလိုဘူးလို့ WHO က ပြောထားပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ မဟာဗျူဟာပိုင်း အကြံပေးတဲ့ ကျွမ်းကျင်သူများ အဖွဲ့ (SAGE) ကတော့ Pfizer/BionTech ဆေးကို အသက် ၁၂ နှစ်နဲ့ အထက် ရှိသူတွေအတွက် အသုံးပြုဖို့ သင့်တော်ကြောင်း ကြေညာထားပါတယ်။
သူတို့က အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား တွေထဲမှာ ကူးစက်ခံရခြေများနေသူတွေကို တခြား ဦးစားပေး ထိုးနှံပေးရမယ့် သူတွေလိုပဲ ကာကွယ်ဆေး ထိုးပေးသင့်တယ်လို့ ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကလေးသူငယ်ကို ကာကွယ်ဆေး စမ်းသပ် ထိုးနှံပေးတာတွေ လုပ်နေဆဲ ဖြစ်ပြီး မူဝါဒပိုင်းမှာ အပြောင်းအလဲ လုပ်ရလောက်မယ့် အထောက်အထားသစ်တွေ ရတာနဲ့ အကြံပြုချက် အသစ်တွေ ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။








