သတ်မှတ်ချက်တွေ ပြည့်မီရင် ကိုရီးယားစစ်ပွဲအဆုံးသတ်ဖို့ ဆွေးနွေးနိုင်မယ်လို့ ကင်ဂျုံအွန်းရဲ့ နှမ ကင်ယိုဂျောင်းပြော

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ နှမ ဖြစ်သူ သြဇာတိက္ကမကြီးတဲ့ ကင် ယိုဂျောင်းက တောင်ကိုရီးယားဘက်က ရန်လိုတဲ့ မူဝါဒတွေကို အဆုံးသတ်ခဲ့ရင် သူတို့ကလည်း ဆွေးနွေးပွဲတွေ ပြန်စဖို့ လိုလားတဲ့အကြောင်း ပြောလိုက်ပါတယ်။

တောင်ကိုရီးယားဘက်က ကိုရီးယား စစ်ပွဲကို တရားဝင်အဆုံးသတ်ဖို့ ထပ်မံ တောင်းဆိုလာတဲ့ အပေါ်မှာ တုံ့ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်ကို ၂ ပိုင်း ကွဲသွားစေခဲ့တဲ့ ကိုရီးယား စစ်ပွဲဟာ ၁၉၅၃ ခုနှစ်က အပစ်ရပ်သဘောတူညီမှုကြောင့် အဆုံးသတ်ခဲ့ပြီး ဖြစ်ပေမယ့် စစ်ပြေငြိမ်း စာချုပ်တော့ မချုပ်ဆိုထားပါဘူး။ ဒါကြောင့် အဲဒီ နှစ်နိုင်ငံဟာ စစ်ပြီးဆုံးသွားပြီလို့ မပြောနိုင်သေးသလို တခါတရံမှာ နှစ်နိုင်ငံ ဆက်ဆံရေး မှာလည်း တင်းမာမှုတွေ မြင့်တက်လာလေ့ ရှိပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ကိုရီးယားနှစ်နိုင်ငံနဲ့ သူတို့ရဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားရဲ့ အကြီးဆုံး စီးပွားရေး မိတ်ဖက်ကြီး ဖြစ်တဲ့ တရုတ်တို့ကို ကိုရီးယားကျွန်းဆွယ်က စစ်ပွဲကို တရားဝင် အဆုံးသတ်ကြောင်း ကြေညာပေးဖို့ အတွက် တောင်းဆိုခဲ့ပါတယ်။

ဒီအဆိုကို မြောက်ကိုရီးယား ဝန်ကြီးက စောလွန်းသေးတယ်လို့ ဆိုပြီး အစောပိုင်းက ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့မှာပဲ မစ္စ ကင်က နိုင်ငံပိုင် မီဒီယာပေါ်ကနေ ဒီ စိတ်ကူးက လေးစားလောက်ပါတယ်လို့ မမျှော်လင့်ဘဲ ကြေညာချက်တခု ထုတ်ပြန် လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအဆိုကို ဆွေးနွေးဖို့ရာမှာ တောင်ဘက်က သူ့အဆိုအရ ''ရန်လိုတဲ့ မူဝါဒတွေ''ကို အဆုံးသတ်ပြီးမှသာ မြောက်ဘက်က ဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ ပြောပါတယ်။

ဘာတွေကို အဆုံးသတ်ရမလဲဆို နှစ်ဖက်နဲ့ ညှိနေတာမျိုးတွေ၊ အဓိပ္ပာယ်မဲ့တဲ့ မလိုမုန်းထားမှုတွေ၊ အကျင့်ဆိုးတွေနဲ့ မြောက်ဘက်က ကိုယ့်ကာကွယ်ရေး အတွက် စစ်ရေးလေ့ကျင့်မှုတွေကို ရန်လိုတဲ့ တုံ့ပြန်မှုမျိုးတွေ လုပ်တာတွေကို စွန့်လွှတ်ရမယ်လို့ ပြောပါတယ်။ ဒီလို အကြောင်းအချက်တွေနဲ့ ညီညွတ်ပြီ ဆိုရင်တော့ စစ်ပွဲ အဆုံးသတ်ကြောင်း ကြေညာဖို့ မျက်နှာချင်းဆိုင် ထိုင်ပြီး ဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ သူက ဆိုပါတယ်။

ဆိုးလ်မြို့ အခြေစိုက် ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာကတော့ သူ့အနေနဲ့ ကင်ဂျုံအွန်းနဲ့ မွန်ဂျေအင်းတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့ နေ့ကိုတောင် သတိရမိသေးတယ်လို့ ဆိုပါတယ်။ ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ မျှော်လင့်ချက်တွေဟာ အင်မတန် ထိန်းရခက်တယ်လို့ ဆိုပါတယ်။

အနှစ် ၇၀ ကျော်နေပြီ ဖြစ်တဲ့ ကိုရီးယား ကျွန်းဆွယ်က စစ်ပွဲ အဆုံးသတ်ရေးကို ဆိုးလ်ဘက်က မျှော်လင့်နေခဲ့တာဟာ ၅ နှစ်လောက် ရှိနေပြီလို့ ဆိုပါတယ်။

ဒါပေမယ့် လာမယ့် မတ်လမှာ သူ့ကို ဆက်ခံသူကိုတောင် ရွေးချယ်ကြတော့မှာ ဆိုတော့ သမ္မတ မွန်ဂျေအင်းမှာ အချိန်က နည်းလာနေပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က နှစ်နိုင်ငံဆက်ဆံဖို့ အတွက် တည်ဆောက်ထားတဲ့ ရုံးအဆောက်အအုံကို ဖောက်ခွဲ ဖြိုဖျက်ပစ်ခဲ့ပါတယ်။ အဲဒီတုန်းက ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့က ရွှေပြည်တော် မျှော်လေတိုင်း ဝေးဆိုသလို ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ကင်ယိုဂျောင်းရဲ့ ကြေညာချက် တခုကြောင့် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာခဲ့ပြန်ပါပြီ။

ဒါပေမယ့် ဆွေးနွေးမှုတွေ မစတင်ခင် စဉ်းစားရမယ့် အချက်တွေနဲ့ ကြိုတင်သတ်မှတ်ချက်တွေ အပြင် တကယ်လို့ ဆိုတာတွေနဲ့ ဒါပေမယ့် ဆိုတာတွေ လည်း ရှိနေပြန်ပါတယ်။

ဆိုတော့ ဒါတကယ် စိတ်ပါလက်ပါ ပြောခဲ့တာပါလား။ ကင်ယိုဂျောင်းဟာ ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် အခုကိစ္စမှာ သူက တောင်ကိုရီးယားဘက်ကို ပြန်ပြီး ပုတ်ထုတ်ထားပြန်ပါတယ်။

မြောက်ဘက်က ဆွေးနွေးဖို့ ထိုက်တန်တဲ့ အပြုအမူမျိုးနဲ့ နေပြမှသာ ဆွေးနွေးမယ်ဆိုပြီး မပြောရုံတမယ် ပဲ ဖြစ်ပါတယ်။ ဆိုတော့ ဘယ်တော့ ဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ပါဘူး။

တောင်ကိုရီးယားကလည်း ဒီလ အစောပိုင်းမှာ သူတို့ရဲ့ ရေငုပ်သင်္ဘောကနေ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ မြောက်ဘက်က လက်နက်စမ်းသပ်မှု လုပ်ခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလို စမ်းသပ် ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

နောက်ပြီး နှစ်စဉ် ကျင်းပတဲ့ အမေရိကန်နဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကိုလည်း မြောက်ကိုရီးယားက အမြဲတမ်း ဝေဖန်ပြစ်တင်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ အတွင်းက အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ နျူကလီးယား ဖျက်သိမ်းရေးအတွက် ဆွေးနွေးခဲ့ကြပြီး အဆင်မပြေခဲ့တဲ့ နောက်ပိုင်းကတည်းက နှစ်နိင်ငံ ဆက်ဆံရေးကလည်း တိုးတက်မှု မရှိသလောက် ဖြစ်ပါတယ်။

မစ္စတာ မွန်းကလည်း သူ့ သမ္မတ သက်တမ်းအတွင်း မြောက်ပိုင်းနဲ့ ဆွေးနွေးဖို့ကို ကြိုးစားနေခဲ့ပါတယ်။ အရင်ကဆို ကိုရီးယား စစ်ပွဲ တရားဝင် အဆုံးသတ်မှ မြောက်ဘက်က နျူကလီးယား စွန့်လွှတ်ဖို့ဟာ ဖြစ်လာနိုင်မယ်လို့တောင် ပြောခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားကတော့ သူတို့ စီးပွားရေးကို ယိုင်နဲ့ လဲပြိုကျစေတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အရင်ဆုံး အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားဘက်က နျူကလီးယား လက်နက်တွေကို အရင်စွန့်မှသာ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးမယ်လို့ ပြောနေခဲ့တာ ဖြစ်ပါတယ်။