ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားမှာ ဘာကြောင့် အစားအစာ ပြတ်လပ်နေသလဲ
မြောက်ကိုရီးယားနိုင်ငံမှာ အစာရေစာ ရှားပါးမှုတွေ ဖြစ်ခဲ့ဖူးပြီး လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အစားအစာ ပြတ်လပ်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တယ်လို့ သတိပေးလာခဲ့ပါတယ်။
မြောက်ကိုရီးယားပြည်တွင်းက ခိုင်လုံတဲ့ လက်တွေ့ အခြေအနေတွေကို သိရဖို့ကတော့ လျှို့လျှို့ဝှက်ဝှက်ရှိလှတဲ့ မြောက်ကိုရီးယားလို နိုင်ငံမျိုးအတွက် မလွယ်ကူလှပါဘူး။
မြောက်ကိုရီးယားရဲ့ ကုန်ဈေးနှုန်းအခြေအနေ ဘာတွေ ဖြစ်ခဲ့သလဲ
အစားအစာ ပြတ်လပ်မှု ရှိမရှိ ဖော်ပြနိုင်တဲ့ အညွှန်းကိန်းတွေထဲက တခုကတော့ အခြေခံစားသောက်ကုန် ဈေးတက်မှု ဖြစ်ပါတယ်။
မြောက်ကိုရီးယားပြည်တွင်း ပြောင်းဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဒီဇင်ဘာလ မတိုင်ခင် တနှစ်ကာလအတွင်း တစ်ကီလိုကို ဝမ် ၁၀ဝ၀ ကျော်သာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဝမ် ၃၁၃၇ (စတာလင်ပေါင် ၂ ပေါင် ခန့်) အထိ သုံးဆလောက် တက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသတင်းကိုတော့ မြောက်ကိုရီးယားနိုင်ငံမှာရှိတဲ့ အဆက်အသွယ်တွေကရတဲ့ သတင်းတွေကို ရေးသားဖော်ပြပေးနေတဲ့ NK Daily ဝက်ဘ်ဆိုဒ်က ဖော်ပြထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားပြောင်းဆန် ဈေးနှုန်းဟာ လက်ရှိ ဇွန်လလယ် အတွင်းမှာလည်း သိသိသာသာ ထပ်မံ မြင့်တက်ခဲ့တယ် လို့လည်း မြောက်ကိုရီးယားပြည်တွင်းကနေ ဖုန်းနဲ့ လျှို့ဝှက်ဆက်သွယ်နေသူတွေရဲ့ ဆက်သွယ်မှုအရ သိရတယ်လို့ Asia Press ဝက်ဘ်ဆိုဒ်က ပြောပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားပြည်တွင်း ဆန်ဈေးကလည်း မြို့တော်ဖြစ်တဲ့ ပြုံယမ်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ နောက်ပိုင်း အမြင့်ဆုံး ဈေးတက်နေတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ အစိုးရဝန်ထမ်းတွေကိုသာ အဓိက ရိက္ခာထောက်ပံ့ပြီး သာမန်ပြည်သူတွေကိုပေးတဲ့ ရိက္ခာခွဲတမ်းက အများစုအတွက် မလောက်ငဘူးလို့ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ဘန်ဂျမန် ဆစ်ဘာစတိုင်းက ပြောပါတယ်။
အထူးသဖြင့် မြို့ကြီးတွေနဲ့ ဝေးလံတဲ့ နေရာတွေမှာ အစားအစာ မလောက်ငမှုတွေ ပိုရှိနေပြီး လမ်းဘေးဈေးတွေကနေ လူအများစုက အဓိကထား မှီခို ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
ရာသီဥတု အလွန်ဆိုးရွားမှုက မြောက်ကိုရီးယား စိုက်ပျိုးသီးနှံတွေကို ထိခိုက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အစားအစာ ပြတ်လပ်နိုင်တဲ့ကြောင်း နိုင်ငံကို ပြောကြားခဲ့ချိန်မှာ ရာသီဥတုရဲ့ သက်ရောက်မှုကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံအတွင်း ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းက ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းတွေနဲ့ ရေကြီးရေလျှံမှုတွေက မြောက်ကိုရီးယားရဲ့ စိုက်ပျိုးသီးနှံတွေကို သက်ရောက်မှု ရှိခဲ့တယ်လို့ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဧပြီလကနေ စက်တင်ဘာလအတွင်း ကာလဟာ မြောက်ကိုရီးယားနိုင်ငံအတွက် ၁၉၈၁ ခုနှစ်နောက်ပိုင်း စံချိန်တင် မိုးရွာသွန်းမှု များခဲ့တဲ့ ကာလဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် စိုက်ပျိုးရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ GEOGLAM က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အတွင်း ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း အများအပြားရှိရာမှာ ၂၀၂၀ သြဂုတ်လနဲ့ စက်တင်ဘာလအကြား နှစ်ပတ်အတွင်းမှာ ဝင်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း သုံးခုကြောင့် မြောက်ကိုရီးယားမှာ မြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကာဟာ မြောက်ကိုရီးယားနိုင်ငံမှာ ဆန်နဲ့ ပြောင်းဆန် စတင် စိုက်ပျိုးတဲ့ ကာလဖြစ်တဲ့အတွက် စိုက်ပျိုးရေး ထိခိုက်မှုတွေ ကြီးကြီးမားမား ရှိခဲ့နိုင်ပါတယ်။
မြောက်ကိုရီးယား ပြည်တွင်းမှာ လက်ရှိ ဇွန်လကစလို့ အစားအစာ ရှားပါးလာနိုင်ရာမှာ အစိုးရက ပြီးခဲ့တဲ့ ဆောင်းဦးရာသီက သိုလှောင်ထားတဲ့ အစားအစာတွေ များများ မရှိခဲ့ပဲ ရာသီဥတုကြောင့် အဓိက ဖြစ်နိုင်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို ၂၀၂၀ သြဂုတ်လ အစောပိုင်းမှာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာဂူပစ် တိုင်ဖုန်း မုန်တိုင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် ထိခိုက်မှု အချက်အလက်တွေကိုတော့ နိုင်ငံပိုင် သတင်းဌာနက အသေးစိတ် တင်ပြခဲ့တာကို တွေ့ရပါတယ်။
အဲဒီ မုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ရာမှာ စိုက်ပျိုး မြေဧက တသိန်းလောက်အထိ ပျက်စီးခဲ့ပြီး အိမ်ခြေ ၁၆၆၈၀ ပျက်စီးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် အဲဒီမုန်တိုင်းဝင်ရောက်ပြီးနောက်ပိုင်း ထပ်မံ ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေမှာတော့ အခုလို မုန်တိုင်းရဲ့ သက်ရောက်မှု အတိအကျကို မဖော်ပြခဲ့ဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယားကို ဝင်ရောက်တဲ့ မုန်တိုင်းတွေရဲ့ သက်ရောက်မှု ကြီးမားရတဲ့ အကြောင်းရင်းတခုကတော့ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားနေခဲ့တဲ့ သစ်တောပြုန်းတီးမှုပဲ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မြောက်ကိုရီးယားနိုင်ငံအတွင်း ကြုံရတဲ့ စီးပွားရေး ကျပ်တည်းမှုကြောင့် လောင်စာအတွက် သစ်ပင်ခုတ်ထွင်မှုတွေ များပြားခဲ့ပြီး ပုံမှန် သစ်ပင်ပြန်စိုက်တဲ့ စီမံကိန်းတွေ ရှိခဲ့တဲ့ကြားက သစ်တောပြုန်းတီးမှုတွေကြောင့် ရေကြီးမှုတွေလည်း ပိုဆိုးခဲ့ရပါတယ်။
ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ရဲ့ ပြီးခဲ့တဲ့ မေလက ထုတ်ပြန်တဲ့ အစီအရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံမှာ သစ်တော ဧရိယာ ဧက ၆၈,၀ဝ၀ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
၂၀ဝ၁ ခုနှစ်ကစပြီး မြောက်ကိုရီးယားပြည်တွင်း သစ်တောဧရိယာ ဆုံးရှုံးမှုဆိုရင် ဧကပေါင်း ၂၃၃,၀ဝ၀ အထိ ရှိတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံအကြောင်း အဓိကရေးသားတဲ့ 38 North ဘလော့ဂ် အရဆိုရင်လည်း ပြည်တွင်းမှာ သဘာဝဘေးအန္တရာယ် ကိုင်တွယ်မှု ဆိုင်ရာ တိုးတက်မှုရှိလာပေမယ့် မလုံလောက်သေးဘူးလို့ ဆိုပါတယ်။
ဓာတ်မြေသြဇာ မလုံလောက်မှု
မြောက်ကိုရီးယားနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်နေတဲ့ အကြောင်းအရာတွေထဲမှာ လူသိနည်းတဲ့ အချက်တခုကတော့ စိုက်ပျိုးရေး အထွက်တိုးရေးအတွက် လိုအပ်တဲ့ ဓာတ်မြေသြဇာရဖို့ ခက်ခဲလာမှု ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ ဆိုရင်လည်း ပြည်တွင်း စိုက်ပျိုးရေး ဦးဆောင်သူတွေ အနေနဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်ဖို့ လွယ်ကူစေတဲ့ အရင်းအမြစ်တွေကို ပြောင်းလဲသင့်ကြောင်း သတိပေးပြောကြားထားခဲ့ပါတယ်။
လူနဲ့တကွ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ မစင်တွေ အားလုံးကိုသာမက၊ မြေဆွေးအစရှိတဲ့ သဘာဝ အရင်းအမြစ်တွေကိုပါ သုံးသင့်တယ်ဆိုပြီး ကင်ဂျုံအွန်းက ရေးသားခဲ့တဲ့ စာတစောင်ကို နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
နီကေးအာရှ သတင်းဌာနရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဖော်ပြချက်အရ မြောက်ကိုရီးယားနိုင်ငံဟာ ပြည်တွင်းမှာ လိုအပ်တဲ့ ဓာတ်မြေသြဇာကို လောက်ငအောင် မထုတ်လုပ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒီလို မလောက်ငရတဲ့ အကြောင်းအရင်းတွေ ရှိတဲ့အနက် အဓိက တခုကတော့ တနိုင်ငံလုံးအတွက် ဓတ်မြေသြဇာတွေ ထုတ်လုပ်နေတဲ့ အဓိကစက်ရုံတွေထဲက တရုံမှာ ယိုယွင်းလာတဲ့ စက်ပစ္စည်းတွေကို လဲလှယ်ဖို့ အစားထိုး ပစ္စည်းမရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် မြောက်ကိုရီးယားနဲ့ အကြီးဆုံး ကုန်သွယ်ဖက် တရုတ်နဲ့ နယ်စပ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့ရလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခံရမှုကြောင့် အလွန် ကန့်သတ်ခံရတဲ့ ကုန်သွယ်ရေး
မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုတွေ ရှိနေတာကြောင့် တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ အတော်လေး အကန့်အသတ်ရှိနေခဲ့ပြီးသား ဖြစ်ပါတယ်။
အဲဒီအထဲမှာ ချွင်းချက် ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြောက်ကိုရီးယားကို နှစ်စဉ် ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံကနေ ၃.၅ ဘီလျံ အထိ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် ကိုဗစ်အခြေအနေကြောင့် ၂၀၂၀ နှစ်စကစပြီး နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်အပြီးမှာတော့ အဲဒီပမာဏက အလွန်အမင်း ကျဆင်းသွားခဲ့ပါတယ်။
၂၀၂၀ ဇန်နဝါရီလအတွက် နယ်စပ် မပိတ်ခင် တရုတ်ဘက်က ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ဖိုး ရှိရာကနေ နယ်စပ်ပိတ်ပြီး နောက်တလ ဖေဖော်ဝါရီမှာ သန်း ၂၀ သာ ရှိတော့တဲ့အထိ ကျသွားခဲ့ပါတယ်။
အခုလို လစဥ် ကုန်သွယ်မှု ပမာဏက နောက်ပိုင်းမှာ အတက်ရှိခဲ့ပေမယ့် ၂၀၂၀ နှစ်အကုန်မှာ ထွက်လာတဲ့ တနှစ်အတွင်း တရုတ်ဘက်က ကုန်ပစ္စည်းတင်ပို့မှု စာရင်းဇယားအရ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ဖိုးလောက်သာ ရှိပါတော့တယ်။
နှစ်နိုင်ငံ နယ်စပ်ဂိတ် အဝင်အထွက်ကို ဂြိုဟ်တုဓါတ်ပုံတွေကတဆင့် လေ့လာရာမှာလည်း ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် နှစ်ဖက် နယ်စပ်ဂိတ်တွေဖြစ်တဲ့ မြောက်ကိုရီးယားဘက်က ဆီနွီဂျူနဲ့ တရုတ်ဘက်က တန်တုံတို့ရဲ့ ကားနဲ့ ရထားတွဲ အသွားအလာဟာ သိသိသာသာ ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် မူဝါဒနဲ့ သုတေသန ဖော်ဆောင်ရေး (Think Tank) အဖွဲ့ရဲ့ သုတေသီတွေဟာ ၂၀၁၉ စက်တင်ဘာလအတွင်းမှာ နယ်စပ်ဂိတ်တဝိုက် ကားအစီး ၁၀ဝ လောက် တွေ့ရပေမယ့် ၂၀၂၁ မတ်မှာတော့ ကား ၁၅ စီးသာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် လက်ရှိ ၂၀၂၁ မတ်လအတွင်းမှာပဲ နယ်စပ်ဖြတ်ကျော်တဲ့ ရထားတွဲ အရေအတွက်က ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တွေ့ရှိမှုထက် ပိုများနေတာ တွေ့ရတဲ့အတွက် ကုန်သွယ်ရေး ပြန်တက်လာတော့မယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် ယခင်လို ပုံမှန် နယ်စပ်ဖွင့်ထားတဲ့ အခြေအနေမျိုး အထိ ဖြစ်လာမယ့် အရိပ်အယောင်တော့ မမြင်ရသေးဘူးလို့ ဆိုပါတယ်။
အစားအစာ အထောက်အပံ့ရရှိရေး အကျပ်အတည်း
မြောက်ကိုရီးယားနိုင်ငံဟာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ခံနေရပေမယ့် နိုင်ငံတကာကလာတဲ့ အစားအသောက် အထောက်အပံ့ကတော့ ချွင်းချက် ဖြစ်ပါတယ်။
မြောက်ကိုရီးယားကို အစားအသောက် အဓိက လှူဒါန်းနေတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နယ်စပ်ပိတ်ထားတဲ့ အခြေအနေကြောင့် တခြား အစားအသောက် အထောက်အပံ့ရဖို့ကတော့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ မြောက်ကိုရီးယားကို အစားအသောက် လှူဒါန်းမှုဟာ ကိုဗစ်ကပ်ရောဂါ အခြေအနေ စဖြစ်လာတဲ့ အချိန်ကစပြီး နောက်ပိုင်း ၈၀ ရာခိုင်နှုန်းအထိ လျော့ကျ သွားခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကန့်အသတ်တွေကြောင့် နိုင်ငံတကာ အစားအစာထောက်ပံ့ရေး အဖွဲ့အစည်း အများစုကလည်း မြောက်ကိုရီးယားပြည်တွင်းမှာ ကူညီလုပ်ကိုင်ပေးလို့ မရဘဲ ဖြစ်နေပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အဖွဲ့ဝင် ခွန်းလီရဲ့ ဘီဘီစီကို ပြောကြားမှုအရ ဆိုရင် မြောက်ကိုရီးယားပြည်တွင်းမှာ အိမ်ထောင်စုတခုအလိုက် အစားအစာဆိုင်ရာ စစ်တမ်းကောက်ယူမှု မလုပ်နိုင်တာ ကိုဗစ်ကပ်ရောဂါအခြေအနေ မစခင် ကတည်းက လို့ ဆိုပါတယ်။
ဒီလို အခက်အခဲတွေ ရှိနေတဲ့ကြားကပဲ ၂၀၂၀ အတွင်းမှာ WFP ဟာ မြောက်ကိုရီးယားပြည်သူ ၇၃၀,ဝ၀ဝ လောက်အတွက် အစားအစာနဲ့ အာဟာရ အားဖြည့်မှု ဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့ရဲ့ အစီအရင်ခံစာ အရဆိုရင် မြောက်ကိုရီးယားမှာ နောက်ထပ် နှစ်လ၊ သုံးလ လောက်ပဲ နိုင်ငံသားတွေကို အစားအစာ ခွဲတမ်းပေးဖို့ ကျန်ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေကြောင့် မြောက်ကိုရီးယား ပြည်တွင်းကို အစားအစာ ရောင်းချတာပဲဖြစ်ဖြစ် လှူဒါန်းတာပဲ ဖြစ်ဖြစ် ပြုလုပ်ပြီး ဖြည့်တင်း မပေးနိုင်ရင် မြောက်ကိုရီးယား အိမ်ထောင်စုတွေဟာ ၂၀၂၁ သြဂုတ်လနဲ့ အောက်တိုဘာလအကြား ကာလမှာ အစားအစာ ဆိုးဆိုးဝါးဝါး ပြတ်လပ်မှု ဒဏ်ခံရနိုင်တယ်လို့လည်း အဲဒီ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။