ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်နဲ့ ဆွေးနွေးဖို့ရော ထိပ်တိုက် ရင်ဆိုင်ဖို့ရော ပြင်ဆင်ထားမယ်လို့ ကင်ဂျုံအွန်းပြော
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရော ထိပ်တိုက် ရင်ဆိုင်ဖို့ရော ပြင်ဆင်ထားဖို့လိုတယ်၊ အထူးသဖြင့် ထိပ်တိုက်တွေ့ဖို့ အပြည့်အဝ ပြင်ဆင်ထားရမယ်လို့ ပြောလိုက်ပါတယ်။
ဒါဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အစိုးရနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တိုက်ရိုက် မှတ်ချက်ပေး ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အစောပိုင်းက အမေရိကန် အစိုးရသစ်ဘက်က သံရေး တမန်ရေး ဆက်သွယ်မှုတွေ စဖို့ လုပ်လာတုန်းက ငြင်းပယ်ခဲ့ပါတယ်။
အမေရိကန်က မြောက်ကိုရီးယားကို သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ဖို့ တိုက်တွန်းနေတာ ဖြစ်ပြီး ပြုံယမ်းဘက်က ဒါကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပါတယ်။
နောက်ပြီး မြောက်ကိုရီးယားဟာ နျူကလီးယား စမ်းသပ်မှုတွေ လုပ်နေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ တင်းတင်းကြပ်ကြပ် ချမှတ်ထားပါတယ်။
ပြုံးယမ်းမြို့တော်မှာ ဒီသီတင်းပတ်ထဲ စတင်ကျင်းပတဲ့ အကြီးတန်း ခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ မစ္စတာ ကင်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် တခု ရှိနေစေဖို့၊ တိုင်းပြည်လွတ်လပ်စွာ တိုးတက်ဖွံ့ဖြိုးရေး အတွက် နိုင်ငံ့ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာတဲ့အခါ အသင့်ဖြစ်နေအောင် အပြည့်အဝ ပြင်ဆင် ထားကြဖို့ အထူးလိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ကိုရီးယား ကျွန်းဆွယ်မှာ တစုံတခု ဖြစ်လာခဲ့ရင် ထိန်းချုပ်နိုင်အောင် မြောက်ကိုရီးယားက အလေးပေးပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ရှားပါးလာနေတာကို တရားဝင် အသိအမှတ်ပြု ဝန်ခံခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းတုန်းက မစ္စတာ ဘိုင်ဒန် အပါအဝင် G7 နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက မြောက်ကိုရီးယားကို သူတို့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စီမံကိန်းတွေကို စွန့်လွှတ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဝရုန်းသုန်းကား ဆက်ဆံရေး
မစ္စတာကင်က မစ္စတာ ဘိုင်ဒန်အစိုးရနဲ့ ဆက်ဆံရတာက တင်းမာမှုတွေကြောင့် ဝရုန်းသုန်းကား နိုင်လှတယ်လို့ ပြောနေခဲ့ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ မစ္စတာ ဘိုင်ဒန်က မစ္စတာ ကင်ကို လူရမ်းကား ဆိုပြီး ခေါ်ခဲ့ပါတယ်။
တခါ မစ္စတာ ဘိုင်ဒန် သမ္မတ အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင် ရက်ပိုင်း အလိုမှာ မြောက်ကိုရီးယားက ဒုံးကျည်အသစ်တွေနဲ့ စစ်ရေးပြ အခမ်းအနားကျင်းပပြီး အင်အားပြခဲ့ပါတယ်။
ဧပြီလအတွင်းကတော့ မစ္စတာ ဘိုင်ဒန်က မြောက်ကိုရီးယားဟာ ကမ္ဘာ့ လုံခြုံရေးအတွက် အင်မတန် အန္တရာယ်ကြီးတယ်လို့ ရည်ညွှန်းခဲ့ပါတယ်။
အဲဒီ အပေါ်မှာ မြောက်ကိုရီးယားဘက်က ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ သူတို့က မစ္စတာ ဘိုင်ဒန်ဟာ သူတို့ နိုင်ငံအပေါ် ရန်လိုတဲ့ မူဝါဒတွေကို အတင်းအကြပ် ချမှတ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဝါရှင်တန်ကလည်း မကြာသေးခင်ကဘဲ သူတို့ရဲ့ မြောက်ကိုရီးယား ဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်မှုတွေ လုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ကိုရီယားကျွန်းဆွယ်မှာ လုံးဝ နျူကလီးယား ကင်းစင်သွားရေးကို ဆက်လက် ကြိုးပမ်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စတာ ဘိုင်ဒန်က သံတမန်နည်းလမ်းကို သုံးပြီး ခပ်ပြတ်ပြတ် ဟန့်တား သွားမယ်လို့ ပြောထားပါတယ်။
အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး တာဝန်ခံ ဂျန် ပါစကီက သူတို့ မူဝါဒက အပေးအယူတွေ လုပ်တာ၊ ဗျူဟာမြောက် စိတ်ရှည်ရှည်ထား ညှိနှိုင်းတာမျိုးတွေကို ဦးစားပေးသွားမှာ မဟုတ်ကြောင်း ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးနည်းနဲ့ သွားနိုင်ဖို့ လက်တွေ့ကျကျ တွက်ချက် ချဥ်းကပ် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ရဖို့သာ ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောပါတယ်။
မစ္စတာကင်ဟာ မစ္စတာဘိုင်ဒန်ရှေ့က သမ္မတ ဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ၃ ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် နျူကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကတော့ ခရီးမရောက်ခဲ့ပါဘူး။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က Ewha Womans University ရဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက တွဲဖက် ပါမောက္ခ Leif-Eric Easley ကတော့ မစ္စတာ ဘိုင်ဒန်ရဲ့ ချဥ်းကပ်ပုံက သံတမန်ရေးနဲ့ တလှမ်းချင်း သွားရင်း မြောက်ကိုရီးယား ရေးရာ ကိစ္စတွေအတွက် မဟာမိတ်နိုင်ငံတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပြီးမှ ဆုံးဖြတ်မယ့် သဘောဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် အစိုးရဘက်က ဘယ်လို ပုံစံနဲ့ သွားမယ်ဆိုတဲ့ လမ်းပြမြေပုံလိုမျိုး ချပြထားတာ မရှိပါဘူး။
သူတို့က ပြုံယမ်းနဲ့ ညှိတဲ့အခါမှာ တိုးတက်တဲ့ အဖြေမျိုး ရနိုင်ဖို့ ဘယ်အချိန် ဘယ်လိုနေရာမှ တွေ့မယ်ဆိုတာမျိုးနဲ့ ပတ်သက်ပြီး ပြောင်းလွယ်ပြင်လွယ် လုပ်လို့ ရအောင်ထားချင်တဲ့ သဘောမျိုး ရှိပါတယ်။
တချိန်တည်းမှာပဲ ဝါရှင်တန်ဘက်က သူ့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ ဗျူဟာပိုင်းတွေ ဆွေးနွေးတာ၊ စစ်ရေး လေ့ကျင့်မှုတွေနဲ့ ဒုံးလက်နက် ကာကွယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမှာလည်း ဖြစ်ကြောင်း သူက ပြောပါတယ်။
သုံးသပ်ချက်၊ ဘီဘီစီ ကိုရီးယားဌာန
ဘီဘီစီရဲ့ ကိုးရီးယား ဘာသာ ဌာနက နရီ ကင်ကတော့ ကင်ဂျုံအွန်းရဲ့ ဆွေးနွေးရေးနဲ့ ထိပ်တိုက်ရင်ဆိုင်ရေး နှစ်ခွပြောထားတဲ့ သတင်းစကားက သမ္မတ ဘိုင်ဒန်ရဲ့ အမေရိကန်ရဲ့ မြောက်ကိုရီးယားအပေါ် သံတမန်ရေးနဲ့ ခပ်တင်းတင်း ဟန့်တားမယ်ဆိုတဲ့ ချဥ်းကပ်မှုကို ရောင်ပြန်ဟပ်နေသလိုပဲလို့ ဆိုပါတယ်။
ဒီလို အဓိပ္ပါယ် နှစ်ခွပြောလိုက်တာက မြောက်ကိုရီးယား ဟာ အမေရိကန် အစိုးရသစ်နဲ့ ပတ်သက်ရင် မီးစင်ကြည့်ကမယ့် သဘောမျိုးပဲ ဆက်ကိုင်ထားတဲ့ သဘောဖြစ်ပါတယ်။
ဒါပေမယ့် ဒီစကားရဲ့ နောက်ကွယ်မှာပဲ မြောက်ကိုရီးယားဟာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ စိတ်ဝင်စားနေတာကိုလည်း အချက်ပြလိုက်တာ ဖြစ်ပါတယ်။
နောက်ပြီး ထိပ်တိုက် ရင်ဆိုင်တွေ့နိင်ဖို့ ပြင်ဆင်ထားရမယ်သာ ပြောပေမယ့် ကင်ရဲ့ သတင်းစကားထဲမှာ အမေရိကန်ကို တိုက်ရိုက် ဝေဖန်တာမျိုး၊ ရန်စတဲ့ စကားမျိုး သုံးစွဲတာတော့ မရှိပါဘူး။
နောက် တချက်က မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ရှားပါးလာတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေတွေကြောင့်လည်း ပါလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းတွေ ကြောင့် နိုင်ငံတကာကပိတ်ဆို့ အရေးယူထားတဲ့ အတွက် စီးပွားရေးကလည်း အထိနာနေပြီး ကပ်ရောဂါ ကူးစက်မှုကို ထိန်းဖို့ နယ်စပ်တွေကိုလည်း ပိတ်ထားရပါတယ်။
ဆိုတော့ အခု သတင်းစကားဟာ မြောက်ကိုရီးယားက တွေ့ဆုံဆွေးနွေးဖို့ လိုလားလာတာကို ပြသလိုက်သလို ဖြစ်ပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားဟာ အမေရိကန်က တောင်းဆိုနေတဲ့ နျူကလီးယား လုံးဝ ကင်းစင်ရေးကိုတော့ လက်ခံလိမ့်မယ် မဟုတ်ပါဘူး။
ရေတိုမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုတွေနဲ့ စားနပ်ရိက္ခာ ရှားပါးလာမှုတွေကြောင့် ပြည်ပ ဆက်ဆံရေးထက် ပြည်တွင်းရေးကို ပိုအာရုံစိုက်ရမှာ ဖြစ်ကြောင်း နရီ ကင်က သုံးသပ်ထားပါတယ်။