အာဖဂန်ကို အကြမ်းဖက်ဝါဒီတွေရဲ့ အခြေစိုက်ဖြစ်မသွားအောင် အနောက်နိုင်ငံတွေ ဘယ်လိုတားမလဲ

ယူကေနိုင်ငံအနေနဲ့ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်ကို ဖြစ်နိုင်သမျှ နည်းလမ်းတွေ အားလုံးနဲ့ တိုက်ခိုက်သွားမယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရာ့ဘ်က လတ်တလော ပြောကြားထားရာမှာ ယေဘုယျအားဖြင့် အနောက်နိုင်ငံတွေရဲ့ အာဖဂန်အရေးပေါ် အလေးထားဆောင်ရွက်လိုမှုက မေးခွန်းထုတ်ခံရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မစ္စတာ ရာ့ဘ်က ယူကေဟာ အဲဒီ အိုင်အက်စ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေကို ရှာဖွေ နှိမ်နင်းဖို့အတွက် နိုင်ငံတော်အခြေခံအင်အား အားလုံး အသုံးပြုမယ်လို့လည်း ဆိုခဲ့ပါတယ်။

တကယ့် လက်တွေ့ ယူကေက ဘယ်လိုလုပ်မလဲ ဆိုတဲ့ကိစ္စအတွက် ဘာနည်းဗျူဟာ ရှိသလဲဆိုတာကို မေးခွန်းထုတ်ဖို့လည်း လိုအပ်ရာမှာ တချို့ဝေဖန်သူတွေကတော့ အနှစ်သာရ မပါဘဲ ပြောတဲ့ အားပေးစကားလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်နေတဲ့ ကျွမ်းကျင်သူတွေလည်း ရှိနေပါတယ်။

အနောက်နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးအပိုင်းက ဘယ်လို ကနဦး တုံ့ပြန်နေသလဲ

အမှန်တကယ်ဆိုရင် အနောက်နိုင်ငံတွေရဲ့ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေး ဌာနတွေဟာ အာဖဂန်နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့တွေ အခုလောက် မြန်မြန် တာလီဘန်တွေကို လက်နက်ချ အရှုံးပေးရလိမ့်မယ် ဆိုတာ မှန်းဆနိုင်ဖို့ ပျက်ကွက်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီ ဌာနတွေဟာ နောက်လာမယ့် တာလီဘန် အစိုးရကို သိုသိုသိပ်သိပ် တွေ့ဆုံ ဆက်ဆံဖို့အတွက် လျင်လျင်မြန်မြန်လုပ်လာကြတာကြောင့်လည်း သူတို့အမှန်တကယ် ပျက်ကွက်နိုင်ခဲ့လောက်တယ် ဆိုတာကို ပေါ်လွင်စေပါတယ်။

အမေရိကန်ရဲ့ ဗဟိုထောက်လှမ်ရေးအဖွဲ့ စီအိုင်အေ ဒါရိုက်တာ ဝီလီယံ ဘန်းစ်ဟာ တာလီဘန်တွေက ကာဘူးလ်မြို့ကို သိမ်းပိုက်အပြီး နာရီပိုင်းအတွင်းမှာပဲ အဲဒီ ကာဘူးလ်ကို ရောက်လာပြီး တာလီဘန်တွေရဲ့ နိုင်ငံရေးရာ အကြီးအကဲ မူလာ ဘရာဒါနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းပေးပို့မှုတွေလည်း ရှိခဲ့ပါတယ်။

အခုလို အလျင်အမြန်လာရောက် တွေ့ဆုံမှုတွေ လုပ်ရတာဟာ အာဖဂန်နစ္စတန်နိုင်ငံကို နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှု ကျူးလွန်မယ့်သူတွေ အခြေစိုက်ရာ နေရာ ဖြစ်မသွားဖို့အတွက်လို့လည်း ဆိုနိုင်ပါသည်။

ဗြိတိသျှနိုင်ငံခြားထောက်လှမ်းရေးဌာန အမ်အိုင်စစ် အကြီးအကဲဟောင်း ဆာ အဲလက်စ် ယောင်းဂါး ကတော့

“တာလီဘန်တွေမှာ အခုလို အာဖဂန်ကို အကြမ်းဖက် အခြေစိုက် ဖြစ်မသွားစေဖို့ လုပ်နိုင်မယ့် အင်အားရှိမယ် ဆိုပြီး ကျနော် အကောင်းမြင်ပေးလို့ မရဘူး ဖြစ်နေပါတယ်။ သူတို့မှာ ဒီလို အကြမ်းဖက်အခြေစိုက် ဖြစ်မသွားစေလိုတဲ့ ဆန္ဒရှိရင်တောင် တကယ် လုပ်နိုင်စွမ်း မရှိပါဘူး” လို့ ဘီဘီစီကို ပြောပါတယ်။

အာဖဂန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ကွဲလွဲမှုတွေ ရှိတယ်ဆိုပေမယ့် အခုလို အကြမ်းဖက်ပြဿနာက အားလုံးနဲ့ သက်ဆိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့

နည်းလမ်းရှာရမယ်လို့လည်း သူက ပြောပါတယ်။

အာဖဂန် အကြမ်းဖက်အရေးမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍ

အာဖဂန်ဟာ အကြမ်းဖက်သမားတွေ အခြေစိုက်တဲ့နေရာ ဖြစ်မသွားဖို့ ကြိုးစားရာမှာ ပါကစ္စတန်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း အဓိက အရေးပါနေပါတယ်။

လက်ရှိ MI6 အကြီးအကဲ ရစ်ချတ်မော ဆိုရင် ဒီကိစ္စကို ဆွေးနွေးဖို့အတွက် ပါကစ္စတန်စစ်ဦးစီးချုပ်နဲ့ လတ်တလော တွေ့ဆုံ စကားပြောခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် ထောက်လှမ်းရေးဌာန ISI ဟာ ဒေသတွင်း စစ်သွေးကြွ အုပ်စုတချို့ကို ထောက်ပံ့ပေးနေတဲ့ ကြားကပဲ ပါကစ္စတန်မှာ ပြည်တွင်း ဂျီဟက်ဒ် အကြမ်းဖက်ဝါဒကြောင့် သေဆုံး ဒဏ်ရာရမှုတွေက ရှိနေတာကို တွေ့ရပါတယ်။

စီအိုင်အေလိုပဲ အမ်အိုင်စစ် ကလည်း တာလီဘန်တွေနဲ့ ကာလ်ဘူးမှာရော ကာတာနိုင်ငံ ဒိုဟာမြို့မှာပဲ တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

အခုလို တွေ့ဆုံခဲ့ရာမှာ အမ်အိုင်စစ် ဘက်က ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တဲ့အချက်ကတော့ တာလီဘန်တွေက နိုင်ငံတကာ အသိအမှတ်ပြုမှု ရချင်တယ်ဆိုရင် ယခင်ကလိုပဲ အာဖဂန်ကို အကြမ်းဖက်သမားတွေ အခြေစိုက်ဖြစ်နေတဲ့ အခြေအနေကို ခွင့်မပြုတော့ဖို့ ဆိုတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

အမ်အိုင်စစ် က အခုလို တာလီဘန်တွေနဲ့ တွေ့ဆုံ စကားပြောတယ်ဆိုတဲ့ ကိစ္စဟာ အရင်ကတည်းကလည်း ရှိခဲ့ပြီး အခုမှ ဖြစ်လာတာ မဟုတ်ဘူး ဆိုပေမယ့် တာလီဘန်တွေ အာဖဂန်ကို သိမ်းလိုက်ပြီး နောက်ပိုင်း အမေရိကန်နောက်ခံပြု အာဖဂန် အခြေစိုက် အကြမ်းဖက်နှိမ်နင်းရေး ပုံစံကတော့ ပြောင်းလဲ သွားခဲ့ပြီလို့ ဆိုပါတယ်။

တာလီဘန်တွေက အာဖဂန် တစ်နိုင်ငံလုံးနီးပါးကို သိမ်းပိုက်လိုက်ပြီ ဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေက ထောက်လှမ်းရေးတွေ၊ အထူးသဖြင့် စီအိုင်အေနဲ့ အမ်အိုင်စစ် တို့အတွက် ယခင်ကရှိထားတဲ့ ယုံကြည်နိုင်တဲ့ အာဖဂန်ပြည်တွင်း လုံခြုံရေးတပ်ဖွဲ့တွေကို အားကိုးပြီး အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွေ လုပ်လို့မရတော့ပါဘူး။

ယခင်ကဆိုရင် မြောက်အတ္တလန္တိတ်စစ်စာချုပ် နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေနဲ့တကွ အာဖဂန်ရောက် နိုင်ငံတကာတပ်ဖွဲ့ဝင်တွေဟာ အယ်လ်ကိုင်းဒါး၊ အိုင်အက်စ်ကေနဲ့တကွ တခြား ဂျီဟက်ဒ်ဝါဒီအဖွဲ့တွေရဲ့ လျှို့ဝှက်လှုပ်ရှားမှုတွေကို ဖော်ထုတ်ဖို့အရေးမှာ ယခင်အာဖဂန် အစိုးရရဲ့ နိုင်ငံတော် လုံခြုံရေးရာ ညွှန်ကြားမှုဌာနရဲ့ ထောက်လှမ်းရရှိတဲ့ သတင်းတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလတစ်လျှောက် အရေးပါခဲ့ပါတယ်။

အခုလို အရေးပါတဲ့အတွက်ကြောင့်ပဲ အာဖဂန်မှာ အနောက်နိုင်ငံတွေက တပ်ဖွဲ့တွေ ရှိနေတဲ့ ကာလ အနှစ် ၂၀ အတွင်းမှာ အာဖဂန်မှာ အခြေတည်တဲ့ နိုင်ငံတကာ အကြမ်းဖက်လုပ်ဆောင်မှု တခုမှမရှိခဲ့ဘူးလို့လည်း ပြောဆိုနိုင်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံ ထောက်လှမ်းရေးတွေ ဘယ်လို ဆက်လှုပ်ရှားနိုင်သလဲ

အမေရိကန်နဲ့ ယူကေတို့ အဓိကအဖြစ် လုပ်ဆောင်နေတဲ့ အနောက်နိုင်ငံ ထောက်လှမ်းရေးတွေ အနေနဲ့ နယ်မြေခံ သတင်းပေး မရှိတော့တဲ့အခါမှာ အွန်လိုင်းပေါ်က အကြမ်းဖက်သမားအချင်းချင်း ဆက်သွယ်မှုကို ထောက်လှမ်းတာနဲ့ မောင်းသူမဲ့ တိုက်လေယာဉ် စေလွှတ် တိုက်ခိုက်တာ နှစ်ခုကို ဆက်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်တဲ့အပိုင်းမှာ ကာတာနိုင်ငံ အယ်လ်ယူဒိ လေတပ်စခန်းကတစ်ဆင့် အမေရိကန်တပ်တွေက အာဖဂန်ပြည်တွင်း စစ်ဆင်ရေးတွေကို ဆက်လုပ်နိုင်နေဦးမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း နယ်မြေခံ သတင်းပေး မရှိတော့တဲ့အချိန်မှာ ဒီစစ်ဆင်ရေးတွေရဲ့ ထိရောက်မှု လျော့ကျသွားနိုင်တဲ့အပေါ် အစားထိုးလုပ်နိုင်တဲ့ အခြေအနေကတော့ မရှိသေးဘူး ဖြစ်နေပါတယ်။

ယူကေနိုင်ငံရဲ့ ထောက်လှမ်းရေးဌာနတစ်ခုဖြစ်တဲ့ အစိုးရဆက်သွယ်ရေးဌာနချုပ် GCHQ နဲ့ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးအဖွဲ့ NSA တို့ဟာ ဆီးရီးယားနဲ့ အီရတ်လို နိုင်ငံတွေက အကြမ်းဖက် အဖွဲ့တွေ ဖြန့်ကြက် လှုပ်ရှားတဲ့ နေရာတွေကို ထောက်လှမ်းရှာဖွေရာမှာ အရေးပါခဲ့ပြီး အခုလို ဆက်လက် ထောက်လှမ်းနိုင်ဖို့အတွက် ဒေသတွင်း သတင်းပေးကွန်ရက်တွေ ပြန်လည် ဖွဲ့စည်းဖို့ လိုအပ်လာရာမှာ ဒီလို တည်ဆောက်ဖို့က နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။

အိုင်အက်စ်တွေက ရန်သူအဖြစ် ကြေညာထားပြီးသား ဖြစ်တဲ့ တာလီဘန်နှင့် အယ်လ်ကိုင်းဒါးတို့ရဲ့ အခန်းကဏ္ဍ

အာဖဂန်အခြေစိုက် အိုက်အက်စ်အဖွဲ့ဖြစ်တဲ့ အိုင်အက်စ်ကေဟာ တာလီဘန်ရော အယ်လ်ကိုင်းဒါးကိုပါ ရန်သူအဖြစ် ကြေညာထားခဲ့ပြီးသား ဖြစ်တဲ့အတွက် အမေရိကန်အလားတူပဲ တာလီဘန်ကလည်း သူတို့နဲ့ ဆက်လက်ပြီး ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အခုလို အနေအထားမှာ အယ်လ်ကိုင်းဒါးရဲ့ အခန်းကဏ္ဍ အနေအထားကတော့ ရှင်းရှင်းလင်းလင်း မရှိလှပဲ ဖြစ်နေပါတယ်။

ကုလသမဂ္ဂရဲ့ ပြီးခဲ့တဲ့ ဇွန်လထုတ် အစီအရင်ခံစာ တစ်ခုအရ ဆိုရင်တော့ အာဖဂန်ပြည်တွင်းမှာ တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးတို့ဟာ လူမျိုးချင်း တူညီမှုအရနဲ့ မိသားစုကတစ်ဆင့် နီးစပ်မှုတွေအရ ခိုင်မာတဲ့ ဆက်ဆံရေး တစ်ခု ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အနေအထားမှာ အိုစမာ ဘင်လာဒင်ရဲ့ လုံခြုံရေး ဦးစီးချုပ်ဟောင်း အာမင် အူလ်ဟာ့က် ဟာ အာဖဂန်ကို ပြန်ရောက်လာနိုင်တယ် ဆိုတဲ့အတွက် အမေရိကန်တွေအတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာပြန်ပါတယ်။

အာမင် အူလ်ဟာ့က်ကို အမေရိကန်နိုင်ငံက အထူးအရေးပါတဲ့ နိုင်ငံတကာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး အမေရိကန်တွေ အာဖဂန်မှာ မရှိတော့တဲ့နောက်မှာ စိတ်အေးလက်အေး ပြန်လာနိုင်ခြေ ရှိတယ် ဆိုတဲ့ အနေအထားကြောင့် အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေကတော့ အာဖဂန်ကို မျက်စိထောက်ဒေါက်ပြီး စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။