အာဖဂန်နစ္စတန်- တာလီဘန်လက်ရောက်သွားတဲ့ စစ်လက်နက်များ

မကြာသေးခင်က ဆိုရှယ်မီဒီယာတွေမှာ တက်လာတဲ့ ဗီဒီယို တခုထဲမှာ တာလီဘန် လက်နက်ကိုင်တွေ အမေရိကန် စစ်တပ်ရဲ့ အထင်ကရ Black Hawks ရဟတ်ယာဥ် တစင်းကို ကန်ဒါဟာ လေဆိပ်မှာ ကြည့်နေတာကို တွေ့ရပါတယ်။

အဲဒီ ဒလက် ၄ ခုနဲ့ ရဟတ်ယာဥ်ကို ပြေးလမ်းပေါ်က စက်ဖွင့်ပြီး ရွှေ့နေတာကို ကြည့်ရင်ပဲ တာလီဘန်တွေဟာ တချိန်ကလို နောက်ပွင့် ထရပ်ကားပေါ်မှာ ကရှဲလ်နီကော့ဗ် တရမ်းရမ်းနဲ့ လက်နက်ကိုင်တွေ မဟုတ်တော့ဘူး ဆိုတာကို ပြနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက် ကဘူးလ်မြို့ အစွန်းရောက် အစ္စလာမ်မစ် တွေလက်ထဲ ကျဆုံးခဲ့ပြီး နောက်ပိုင်းမှာ ကတည်းက တာလီဘန်တွေနဲ့ သူတို့ ရထားတဲ့ အမေရိကန်လုပ် စစ်လက်နက် ပစ္စည်းတွေရဲ့ ပုံတွေကို မြင်လာရပါတယ်။

မတွေ့ရသလို သံချေးတက်နေတဲ့ လက်နက်ဟောင်းတွေ ကိုင်ထားတာလည်း မတွေ့ရဘဲ တကယ့် ပီဘိ စစ်သားပုံထွက်လို့ နေပါတယ်။

အာဖဂန် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ တမြို့ပြီး တမြို့မှာ လက်နက်ချ ခဲ့ကြအပြီး အဲဒီလက်နက်တွေကို သူတို့ ရခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ကဆို တာလီဘန်ဟာ ကမ္ဘာပေါ်က ရှိသမျှ အစွန်းရောက် အဖွဲ့တွေထဲမှာ လေတပ်ရှိတဲ့ တခုတည်းသော အဖွဲ့ဖြစ်တယ်လို့တောင် ဆိုရှယ်မီဒီယာပေါ်မှာ ရေးနေကြပြီ ဖြစ်ပါတယ်။

တာလီဘန်မှာ လေယာဥ် ဘယ်နှစ်စင်း ရှိသလဲ

အမေရိကန်ပြည်ထောင်စု အခြေစိုက် အာဖဂန်နစ္စတန် ပြန်လည်တည်ထောင်ရေး ဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာတော့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမထိ အာဖဂန်လေတပ်မှာ တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ လေယာဥ်မျိုးစုံ အပါအဝင် ၁၆၇ စင်း ရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ၁၆၇ စင်းထဲက တာလီဘန် လက်ထဲရောက်သွားတာ ဘယ်နှစ်စင်း ရှိနေလဲ ဆိုတာတော့ မသိရသေးပါဘူး။ Planet Labs က ဘီဘီစီကို ပေးခဲ့တဲ့ ကန်ဒါဟာ လေဆိပ်ကို ရိုက်ယူထားတဲ့ ဂြိုလ်တု ဓာတ်ပုံတွေထဲမှာ လေယာဥ်ပြေးလမ်းဘေးမှာ ဘယ်လောက်ရပ်ထားသလဲ ဆိုတာတွေ့နေရပါတယ်။

တာလီဘန်တွေ လက်ထဲ ကျအပြီး ၆ ရက်မြောက်မှာ ရိုက်ကူးထားတဲ့ ပုံထဲမှာတော့ MI-17 ရဟတ်ယာဥ် အနည်းဆုံး ၂ စင်း၊ Black Hawk (UH-60) ၂ စင်းနဲ့ နောက် (UH-60) လို့ပဲ ယူဆရတဲ့ ရဟတ်ယာဥ် တစင်းရပ်ထားတာကို တွေ့ရတယ်လို့ ဒေလီမြို့ အခြေစိုက် Observer Research Foundation က စစ်ဘက်လေကြောင်းရေးရာ ကျွမ်းကျင်သူ Angad Singh က ပြောပါတယ်။

ဒါပေမယ့် ဇူလိုင် ၁၆ ရက်မှာ ဂြိုဟ်တုကနေ ရိုက်ကူးခဲ့တဲ့ ပုံရိပ်တခုထဲမှာတော့ Black Hawk ၉ စင်း၊ MI-17 ၂ စင်းနဲ့ တောင်ပံသေ လေယာဥ် ၅ စင်းရပ်ထားတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် လေယာဥ်တချို့ အဲဒီကနေ ထွက်သွားခဲ့ကြတာ ဒါမှမဟုတ် တခြား လေတပ်စခန်းတွေကို ရွှေ့ပစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တာလီဘန်က အာဖဂန်ထဲမှာ Herat၊ Khost၊ Kunduz နဲ့ Mazar-i-Shari တို့ အပါအဝင် ကျန်နေတဲ့ လေတပ်စခန်း ၉ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ လေတပ်စခန်းတွေကို ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ပုံတွေ မရှိတာကြောင့် လေယာဥ် ဘယ်လောက် ရသွားခဲ့သလဲ ဆိုတာ သေချာမပြောနိုင်ပါဘူး။

တာလီဘန် လက်နက်ကိုင်တွေနဲ့ ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ အဲဒီလေဆိပ်တွေက သိမ်းဆည်းရရှိခဲ့ကြတဲ့ လေယာဥ်တွေနဲ့ မောင်းသူမဲ့ ဒရုန်းတွေရဲ့ ပုံတွေကို တင်နေကြပါတယ်။ တချို့ လွတ်လပ်မှုရှိတဲ့ ဝက်ဆိုက်ဘ်တွေမှာဆို အဲဒီလေယာဥ်တွေရဲ့ တည်နေရာတွေကိုပါ ဖော်ပြပေးထားကြပါတယ်။

တဖက်မှာတော့ တချို့ လေယာဥ်ပျံတွေကို တာလီဘန်တွေလက်ထဲ မရောက်ခင်မှာပဲ အာဖဂန်နစ္စတန်ထဲက မောင်းထွက်သွားနိုင်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒေလီမြို့က အမည်မဖော်ပြလို့တဲ့ လေကြောင်းရေးရာ ကျွမ်းကျင်သူတယောက်ကတော့ ဥဇဘက်ကစ္စတန်က Termez လေဆိပ်ကို ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်က ရိုက်ကူးထားတဲ့ ပုံတွေမှာ MI-17၊ MI-25 နဲ့ Black Hawk တွေအပါအဝင် ရဟတ်ယာဥ် အစင်း ၂၀ ကျော်၊ A-29 အပေါ့စား တိုက်ခိုက်ရေး လေယာဥ်နဲ့ C-208 လေယာဥ်တွေကို တွေ့ရကြောင်း ပြောပါတယ်။

တာလီဘန်တွေ တခြား ဘာစစ်လက်နက် ပစ္စည်းတွေ ရလိုက်သေးသလဲ

တာလီဘန်ရဲ့ လေတပ်အင်အားနဲ့ ပတ်သက်လို့ မေးခွန်းတွေ ရှိနေပေမယ့် သူတို့မှာ အဆင့်မြင့်တဲ့ သေနတ်တွေ၊ ကားတွေကိုတော့ ကောင်းကောင်းကိုင်တွယ်တတ်တာ ငြင်းစရာ မရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နောက်ပြီး အဲဒီ အရာတွေက အာဖဂန်နစ္စတန်မှာ တောင်ပုံရာပုံရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၃ ကနေ ၂၀၁၆ အကြားမှာ အမေရိကန်ဟာ သူတို့နဲ့ အတူ တိုက်ပွဲ ဝင်ခဲ့တဲ့ အာဖဂန်တပ်ဖွဲ့တွေအတွက် စစ်လက်နက် ပစ္စည်းတွေ အမြောက်အများ ပံ့ပိုးပေးခဲ့ပါတယ်။ ရိုင်ဖယ် သေနတ်မျိုးစုံ အလက်ပေါင်း ၃၅၈,၅၃၀၊ စက်သေနတ် ၆၄,၀၀၀ နဲ့ လက်နက်ကြီး ၂၅,၃၂၇ လက် အပြင် ဘက်စုံသုံး Humvee ယာဥ်ပေါင်း ၂၂,၁၇၄ စင်း ပေးအပ်ခဲ့တယ်လို့ အမေရိကန် အစိုးရရဲ့ စာရင်းတခုမှာ ဖော်ပြထားပါတယ်။

နေတိုးတပ်ဖွဲ့တွေ ၂၀၁၄ မှာ တိုက်ခိုက်ရေး တာဝန်တွေ ရပ်ဆိုင်းခဲ့ပြီးတဲ့ နောက်မှာ အာဖဂန် တပ်ဖွဲ့တွေက နိုင်ငံလုံခြုံရေး တာဝန်တွေစတင် ထမ်းဆောင်ခဲ့ရပါတယ်။ တာလီဘန်နဲ့ တိုက်ခိုက်ရာမှ ရုန်းကန်နေရတဲ့ အတွက် အမေရိကန်က နောက်ထပ် စစ်လက်နက် ပစ္စည်းတွေ ပံ့ပိုးပေးခဲ့သလို သက်တမ်းကြာနေပြီ ဖြစ်တဲ့ လက်နက်တွေကိုလည်း အစားထိုး ပေးခဲ့ပါတယ်။ ၂၀၁၇ တနှစ်တည်းမှာတင် M16 ရိုင်ဖယ် အလက်ပေါင်း ၂၀,၀၀၀ နီးပါးကို ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း နှစ်တွေမှာလည်း ဆက်လက်ပြီး ပံ့ပိုးပေးခဲ့ပါတယ်။ Sigar ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၁၇ ကနေ ၂၀၂၁ အတွင်း M4 ရိုင်ဖယ် ၃,၄၉၈ လက် နဲ့ ဘက်စုံသုံး ယာက် ၃,၀၁၂ စင်းကို ပေးခဲ့ပါတယ်။

အာဖဂန်နစ္စတန် စစ်တပ်မှာ ရွေ့လျား တိုက်ခိုက်ရေးယာဥ်တွေလည်း ရှိပါတယ်။ အချိန်တိုအတွင်း တပ်ဖွဲ့တွေကို ရွှေ့ပြောင်းရာမှာ သုံးတာဖြစ်ပါတယ်။ အဲဒီယာဥ်တွေဟာ လူနဲ့ စစ်လက်နက်ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ်။

စစ်လက်နက် ပစ္စည်းသစ်တွေနဲ့ တာလီဘန် ဘာလုပ်နိုင်သလဲ

ဒါကတော့ သူတို့ လက်ထဲ ဘာရထားသလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ တာလီဘန်တွေဟာ လေယာဥ်တွေကို ခပ်လွယ်လွယ်နဲ့ ရခဲ့တာ မှန်ပေမယ့် မောင်းနှင်ထိန်းသိမ်းဖို့ကတော့ ခက်လိမ့်မယ်လို့ CNA အကြံပေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးနဲ့ အရင် အာဖဂန်နစ္စတန်ထဲက အမေရိကန် တပ်ဖွဲ့တွေရဲ့ အကြံပေး လုပ်ခဲ့တဲ့ Dr Jonathan Schroden က ပြောပါတယ်။

လေယာဥ်တွေက တချို့အစိတ်အပိုင်းတွေဟာ ပြုပြင်ထိန်းသိမ်းပေးရသလို တခါတရံ အသစ်လဲပေးရတတ်ပါတယ်။ ဒါကြောင့် လေတပ်တွေဟာ လေယာဥ်တွေ လေပေါ်ကို ပျံတက်နိုင်ဖို့အတွက် ကျွမ်းကျင်သူ ပညာရှင်တွေအပေါ် အားထားနေရတာ ဖြစ်ပါတယ်။

တာလီဘန်တွေ ရထားတဲ့ လေယာဥ်ပျံတွေကိုလည်း အမေရိကန်က ပုဂ္ဂလိက ကန်ထရိုက်တွေက ပြုပြင်ထိန်းသိမ်း ပေးနေကြတာ ဖြစ်ပြီး သြဂုတ်လဆန်း တာလီဘန်တွေ မြို့ကြီးတွေ ပြည်နယ်တွေကို တိုက်ခိုက် သိမ်းယူမှုတွေ မစခင်ကတည်းက စပြီး ထွက်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။

Georgetown တက္ကသိုလ်က ကမ္ဘာ့ နိုင်ငံရေး နဲ့ လုံခြုံရေးဆိုင်ရာ ပါမောက္ခနဲ့ အရင် အမေရိကန် လေတပ်က အာဖဂန်နစ္စတန်မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ စစ်မှုထမ်းဟောင်း Jodi Vittori က တာလီဘန်မှာ ဒီလေယာဥ်တွေကို သုံးစွဲနိုင်အောင် လုပ်နိုင်စွမ်း မရှိဘူးဆိုတဲ့ ယူဆချက်ကို လက်ခံပါတယ်။ လောလောဆယ်မှာ တာလီဘန်တွေ ဒီလေယာဥ်တွေကိုသုံးနိုင်မယ့် အန္တရာယ်မရှိသေးပါဘူးလို့ သူက ပြောပါတယ်။ နောက်ပြီး အာဖဂန် တပ်ဖွဲ့တွေ လက်နက်မချခင်ကလည်း အဲဒီလေယာဥ်ပျံတွေကို တစိတ်တပိုင်း အသုံးပြုလို့ မရအောင် လုပ်ကောင်းလုပ်ခဲ့ကြမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တာလီဘန်ကလည်း အရင် အာဖဂန် လေယာဥ်မှူးတွေကို ခေါ်ပြီး အတင်းအကျပ် မောင်းခိုင်းနိုင်တယ်လို့ Rand Corporation က သုတေသီနဲ့ အရင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးရဲ့ အာဖဂန်နစ္စတန် ဆိုင်ရာမူဝါဒ ရေးရာ ရုံးမှာ ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်ခဲ့တဲ့ Jason Campbell က ပြောပါတယ်။

ဒီလူတွေနဲ့ သူတို့ မိသားစုတွေကို ခြိမ်းခြောက်ပြီး ခိုင်းရင် တချို့ လေယာဥ်တွေကိုတော့ မောင်းလို့ ရချင်ရနိုင်မယ်၊ ဒါပေမယ့် ရေရှည်ကတော့ ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

နောက်ပြီး တာလီဘန်တွေဟာ နိုင်ငံတွင်းမှာ ဆယ်စုနှစ်များစွာ သုံးစွဲနေခဲ့ပြီးဖြစ်တဲ့ ရုရှားလုပ် MI-17 ရဟတ်ယာဥ်တွေကိုလည်း မောင်းလို့ ရနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ တခြား ပစ္စည်းတွေအတွက်တော့ ပြုပြင်ထိန်းသိမ်းဖို့နဲ့ လေ့ကျင့်ပေးဖို့ အတွက် သူတို့ကို ကူညီပေးနိုင်မယ့် နိုင်ငံတချို့ကို ဆက်သွယ်ကြမယ့် သဘောရှိပါတယ်။

တခြား လက်နက်တွေကိုတော့ သူတို့ ပိုပြီး လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်ကြမှာ ဖြစ်ပါတယ်။ တာလီဘန် ခြေလျင် တပ်သားတွေဟာ မြေပြင်သုံးလက်နက်တွေကိုတော့ အခက်အခဲ မရှိကိုင်တွယ်နိုင်ကြတာကို တွေ့ရပါတယ်။ ဒါကလည်း ဟို အရင်ကတည်းက တပ်ပြေးတွေနဲ့ သိမ်းယူနိုင်ခဲ့တဲ့ ကင်းစခန်းတွေကနေ ဒီလို လက်နက်တွေကို သူတို့ ရရှိခဲ့ပြီး ဖြစ်တာကြောင့်ပါ။

ဝါရှင်တန်က Wilson Center ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Michael Kugelman က ဒီလို ခေတ်မီလက်နက်တွေကို ဒီအဖွဲ့ သုံးစွဲခွင့် ရသွားတာဟာ ဧရာမ ဆုံးရှုံးမှုကြီးပဲလို့ ဆိုပါတယ်။ ဒါရဲ့ နောက်ဆက်တွဲကလည်း အာဖဂန်နစ္စတန်ထဲမှာပဲ ပြီးသွားမှာ မဟုတ်ဘဲ မကြာခင်မှာ မှောင်ခိုစျေးကွက်မှာ လက်နက်ငယ်တွေကို စတွေ့လာရဖွယ်ရှိပြီး ကမ္ဘာ တဝန်းက ထကြွမှုတွေကို မီးလောင်ရာ လေပင့် ဖြစ်စေတော့မယ်လို့ ဆိုပါတယ်။

Ms Vittori ကတော့ လတ်တလော စိုးရိမ်စရာ မရှိသေးပေမယ့် မကြာခင် လပိုင်းတွေအတွင်းမှာပဲ ဒီအတွက် လမ်းကြောင်းတခု ပေါ်လာမယ်။ ဒါကို ရပ်ဖို့ကတော့ အိမ်နီးချင်းတွေ ဖြစ်တဲ့ ပါကစ္စတန်၊ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

Mr Campbell ကတော့ တာလီဘန်ဟာ လောလောဆယ်မှာ တာဝန်ယူမှု ရှိတဲ့ ပုံစံမျိုး လုပ်ပြချင်နေပေမယ့် သူတို့နဲ့ အတွေးအခေါ်ချင်း ဆင်တူတဲ့ တခြားအဖွဲ့အစည်းတွေကို မထောက်ပံ့ဘဲ နေဖို့ကတော့ တော်တော် ခက်လိမ့်မယ်လို့ ဆိုပါတယ်။

နောက်ဒီလက်နက်တွေကို ဘယ်လို သုံးစွဲကြမလဲ ဆိုတာကလည်း တာလီဘန်အဖွဲ့အတွင်း ညီညွတ်မှုဘယ်လောက် ရှိသလဲ ဆိုတာအပေါ် မူတည်နေပြန်ပါတယ်။

Ms Vittori က တာလီဘန်အဖွဲ့ထဲက တချို့အဖွဲ့တွေ ခွဲထွက်သွားတာ မျိုးတွေ ရှိလာနိုင်ပြီး သူတို့နဲ့အတူ လက်နက်တွေပါ ယူသွားတာမျိုးလည်း ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။ ဆိုတော့ အာဖဂန်နစ္စတန်ကို ပြန်ထိန်းချုပ်နိုင်လို့ အောင်ပွဲခံနေကြတာတွေ အနည်ထိုင်သွားတဲ့ အခါမှာ အဲဒီအဖွဲ့အတွင်း ဆက်ပြီး စည်းလုံးမှုရှိနေဖို့ ခေါင်းဆောင်ပိုင်းက ဘယ်လို ဆက်ထိန်းသွားမလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နေပြန်ပါတယ်။