ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တာလီဘန်တွေ ဘယ်လို ပိုက်ဆံရှာသလဲ
အာဖဂန်ကို နှစ် ၂၀ လောက် လက်လွှတ်ခဲ့ရအပြီး မကြာသေးခင်ကပဲ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ တာလီဘန်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ငွေကြေး အကြွယ်ဝဆုံး သူပုန်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။
၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး စစ်ပွဲအနေနဲ့ အာဖဂန်နစ္စတန်ကို အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ပြီး တာလီဘန်တွေကို ဖြုတ်ချထားခဲ့ရာမှာ တာလီဘန်တွေက အခုလို အနှစ် ၂၀ ကျော် သူပုန်ထ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တာလီဘန်တွေ ဘယ်လောက်အထိ ချမ်းသာသလဲ
တာလီဘန်တွေဟာ အာဖဂန်ကို ၁၉၉၆ ခုနှစ်မှာ စတင်အုပ်ချုပ်ခဲ့ပြီး ၂၀ဝ၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန် ဦးဆောင်တဲ့ တပ်တွေရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရပါတယ်။
အခုလို သူတို့ ဖယ်ရှားခံရပြီးနောက်ပိုင်း နှစ် ၂၀ ကျော်ကြာ သူပုန်တပ်ဖွဲ့အဖြစ် အမေရိကန်နဲ့ အပေါင်းအပါတပ်တွေကို ပြန်လည်လာခဲ့ရာမှာ သောင်းနဲ့ချီတဲ့ တာလီဘန်တိုက်ခိုက်ရေးသမားတွေ သေဆုံးခဲ့ရပေမဲ့ လတ်တလောနှစ်တွေမှာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေရော အင်အားပါ တိုးလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တာလီဘန်တွေရဲ့ အင်အားဟာ သုံးသောင်း လောက်သာ ရှိခဲ့ပေမယ့် ၂၀၂၁ နှစ်လယ်ပိုင်းလောက်မှာတော့ အင်အား ခုနှစ်သောင်းကနေ တစ်သိန်းလောက်အထိ ရှိလာတယ်လို့ အမေရိကန်တွေဘက်က လေ့လာချက်တွေက ဆိုပါတယ်။
အဲဒီလောက်အထိများတဲ့ အင်အားအတွက် လိုအပ်တဲ့ ရန်ပုံငွေကလည်း အလွန်များပြားပြီး အာဖဂန်ပြည်တွင်းရော ပြည်ပဆီကပါ ယူရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂက ရရှိတဲ့ အချက်အလက်တွေအရ တာလီဘန်တွေရဲ့ ၂၀၁၁ ခုနှစ်က စပြီး ရရှိနေတဲ့ နှစ်စဉ် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ဘီဘီစီရဲ့ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်က စပြီး တာလီဘန်တွေရဲ့ နှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ လောက်အထိ များနေနိုင်တယ်လို့လည်း ဆိုပါတယ်။
တာလီဘန်တွေရဲ့ ငွေရပေါက်များ
ဘီဘီစီက အာဖဂန်ပြည်တွင်းနဲ့ ပြည်ပ အဆက်အသွယ်တွေကို မေးမြန်းစုံစမ်းချက်အရ တာလီဘန်တွေဟာ အဆင့်မြင့် ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးနဲ့ အခွန်ကောက်ရေး ကွန်ရက်တွေ ဖြန့်ကြက်ထားတာကို တွေ့ရပါတယ်။
သူတို့မှာ ဝင်ငွေရပေါက်လမ်းတွေ များစွာချဲ့ထွင်ထားပြီး အဲဒီအထဲမှာ အဓိက လေးခု ရှိတာကို အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
၁။ နိုင်ငံခြား အလှူငွေများ
ပါကစ္စတန်၊ အီရန်၊ ရုရှား အပါအဝင် နိုင်ငံတချို့ဟာ တာလီဘန်တွေကို ဘဏ္ဍာရေးအရ ထောက်ပံ့မှုတွေ လုပ်နေတယ် ဆိုပြီး အာဖဂန်နဲ့ အမေရိကန် အစိုးရ အရာရှိ အတော်များများက စွပ်စွဲနေခဲ့ကြတာ အတော်ကြာပြီ ဖြစ်ပေမယ့် အဲဒီ နိုင်ငံတွေကတော့ ဒါကို ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ နိုင်ငံအစိုးရတွေက မဟုတ်ဘဲ အာဖဂန်မဟုတ်တဲ့ တခြား နိုင်ငံသားတစ်ဦးချင်းစီတို့က လှူဒါန်းတာတွေလည်း ရှိနေရာမှာ ပါကစ္စတန်နဲ့တကွ ဆော်ဒီ၊ အာရပ်စော်ဘွားများနိုင်ငံနဲ့ ကာတာနိုင်ငံတို့ အပါအဝင် အာရပ်ပင်လယ်ကွေ့ဒေသက နိုင်ငံအတော်များများက တာလီဘန်တွေကို အများဆုံး လှူဒါန်းကြတာကို တွေ့ရပါတယ်။
အခုလို ရရှိတဲ့ အလှူငွေတွေ ဘယ်လောက်ရှိမလဲဆိုတာ ပြင်ပက အတိအကျ ခန့်မှန်းဖို့ မဖြစ်နိုင်သလောက် ရှိတယ်ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ ဆိုရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀ဝ လောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အခုလို တာလီဘန်က နိုင်ငံခြားအလှူငွေတွေ ရရှိနေတာ နှစ်အတော်ကြာနေပြီ ဖြစ်ပြီး အမေရိကန်ထောက်လှမ်းရေးရဲ့ လျှို့ဝှက် အစီအရင်ခံစာ တစ်စောင်အရ ဆိုရင် ၂၀ဝ၈ ခုနှစ်မှာတင်ပဲ ပင်လယ်ကွေ့နိုင်ငံတွေဆီက အဓိကလာတဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၆ သန်းကို တာလီဘန်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
၂။ မူးယစ်ဆေးဝါး ကုန်သွယ်မှုကတစ်ဆင့် ရတဲ့ ဝင်ငွေ
တာလီဘန်တွေဟာ သူတို့ရဲ့ အစိုးရ ဆန့်ကျင်ရေး အုံကြွလှုပ်ရှားမှုတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေကို အခွန်ကောက်တဲ့ စနစ်တစ်ခုဖန်တီးပြီး ထောက်ပံ့နေတာ အတော်ကြာပြီလို့ ယူဆရပြီး တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှု လုပ်နေသူတွေဆီကနေ အခွန်ကောက်နေတယ်လို့ ဆိုပါတယ်။
ဘိန်းဖြူလုပ်နိုင်တဲ့ ဘိန်းစိုက်ပျိုးမှုကို အာဖဂန်နစ္စတန်နိုင်ငံက ကမ္ဘာပေါ်မှာ အများဆုံး လုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် ပြည်ပပို့ ဘိန်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကနေ ၃ဘီလီယံ အထိ ရှိနိုင်တယ်လို့ အမေရိကန်အစိုးရက ခန့်မှန်းထားပါတယ်။
ဘိန်းစိုက်ပျိုးမှုအတွက် ဘိန်းစိုက်လယ်သမားတွေဆီက အခွန်ငွေ ၁၀ ရာခိုင်နှုန်း ကောက်ယူတယ်လို့ အာဖဂန် အစိုးရ အရာရှိတွေ အပြောအရ သိရပြီး ဘိန်းကနေ ဘိန်းဖြူထုတ်တဲ့ ဓါတ်ခွဲခန်းတွေကနေလည်း အခွန်ကောက်ခံမှု လုပ်သလို၊ တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးသူတွေ ဆီကလည်း တာလီဘန်တွေက အခွန်ကောက်တယ်လို့ ဆိုပါတယ်။
အခုလို တာလီဘန်တွေက တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကနေ သန်း ၄၀ဝ လောက်အထိ ရှိမယ်လို့ ဆိုပြီး ၂၀၁၈ ခုနှစ် အမေရိကန်အစိုးရရဲ့ အာဖဂန်ဆိုင်ရာ အစီအရင်ခံစာ တစ်ခုအရဆိုရင် ၂၀၁၈မှာ ဒီဝင်ငွေက တာလီဘန်စုစုပေါင်း တစ်နှစ်ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီ ပမာဏ ခန့်မှန်းချက်က များလွန်းတယ်လို့ ယူဆတဲ့ ကျွမ်းကျင်သူတွေလည်း ရှိသလို တစ်ဖက်မှာလည်း တာလီဘန်တွေက သူတို့ဒီလို ဝင်ငွေရှာမှုကို ငြင်းဆန်ထားပြီး သူတို့ အာဖဂန်ကို အုပ်ချုပ်စဉ်ကာလ ၂၀ဝ၀ ပြည့်နှစ်မှာ ဘိန်းစိုက်ပျိုးမှုကို တားမြစ်ခဲ့တယ် ဆိုပြီး ဂုဏ်ယူ ပြောကြားမှုတွေ ရှိခဲ့ပါတယ်။
၃။ ထိန်းချုပ်နယ်မြေ တိုးလာမှုက ရတဲ့ဝင်ငွေ
တာလီဘန်တွေရဲ့ ဘဏ္ဍာရေး ကွန်ရက်ဟာ တကယ်တမ်းတော့ မူးယစ်ဆေးဝါး လုပ်ငန်းက အခွန်ကောက်တာထက် အများကြီး ကျယ်ပြန့်ပါတယ်။
၂၀၁၈ ခုနှစ်မှာ တာလီဘန်တွေက အာဖဂန် အများပြည်သူကို စာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီစာထဲမှာ အာဖဂန် ကုန်သည်တွေက တာလီဘန်ထိန်းချုပ်တဲ့ နယ်မြေတွေကို ဖြတ်သန်းမယ်ဆိုရင် လောင်စာဆီနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်းမျိုးစုံအတွက် အခွန်ပေးရမယ် ဆိုပြီး သတိပေးခဲ့ပါတယ်။
အာဖဂန်အစိုးရကို ဖြုတ်ချပြီးတဲ့ အခုအချိန်မှာတော့ တာလီဘန်တွေဟာ တစ်နိုင်ငံလုံးရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေသာမက၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကိုလည်း ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့အတွက် အာဖဂန်ရဲ့ သွင်းကုန်၊ ထုတ်ကုန်နဲ့ ပတ်သက်တဲ့ အခွန်ငွေတွေကို တာလီဘန်တွေ ပိုမို ရရှိလာတော့မှာ ဖြစ်ပါတယ်။
သူတို့ အခုလို အာဖဂန်ကို မသိမ်းပိုက်လိုက်ခင် လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလကို ပြန်ကြည့်မယ် ဆိုရင်လည်း အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ ငွေတွေက တာလီဘန်တွေဆီကို မရည်ရွယ်ပဲ ရောက်သွားသလို ဖြစ်တာတွေလည်း ရှိခဲ့ပါတယ်။
တာလီဘန်တွေဟာ အနောက်နိုင်ငံက ထောက်ပံ့တဲ့ ငွေတွေနဲ့ ဆောက်လုပ်တဲ့ လမ်း၊ ကျောင်း၊ ဆေးပေးခန်း အစရှိတဲ့ ဖွံ့ဖြိုးရေး အခြေခံ အဆောက်အအုံတွေအပေါ် အခွန်ကောက်ခဲ့ကြပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံတကာတပ်တွေကို ထောက်ပို့ရေး အတွက် သွားလာတဲ့ ကုန်ကားတွေဆီက အခွန်ကောက်တာတွေလည်း လုပ်ခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ်တုန်းက အာဖဂန်ရဲ့ လျှပ်စစ်ပေးဝေရေး ကုမ္ပဏီ အကြီးအကဲရဲ့ ဘီဘီစီကို ပြောဆိုချက်အရ ဆိုရင် တာလီဘန်တွေဟာ သူတို့ ထိန်းချုပ်တဲ့ဒေသအတွင်းက အိမ်တွေကို မီတာခ ကောက်ခံမှုကြောင့် တနှစ်ကို အမေရိကန်ဒေါ်လာ ၂ သန်းလောက် ဝင်ငွေ ရနေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တာလီဘန်တွေက အစိုးရစခန်းတွေကို တိုက်ခိုက်အောင်မြင်မှုတွေကနေလည်း ဝင်ငွေရတာ ရှိနေပြီး တပ်စခန်းတစ်ခု၊ ဒါမှမဟုတ် မြို့ပြနယ်မြေတစ်ခုကို အာဖဂန်တွေ သိမ်းပိုက်လိုက်ပြီ ဆိုရင် အဲဒီနယ်မြေအတွင်းမှာရှိတဲ့ ဘဏ္ဍာငွေတွေ သာမက လက်နက်တွေ၊ ကားတွေနဲ့ ကျည်ကာယာဉ်တွေကိုပါ ရရှိသွားကြပါတယ်။
၄။ သတ္ထုတွင်းလုပ်ငန်းတွေက ရတဲ့ ဝင်ငွေ
အာဖဂန်နစ္စတန်နိုင်ငံဟာ တွင်းထွက်ပစ္စည်းနဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမဲ့ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေခဲ့တဲ့အတွက် အများစုက အသေအချာ မတူးဖော်ရသေးတဲ့ အနေအထား ရှိနေပါတယ်။
အာဖဂန်ရဲ့ သတ္ထုတွင်းလုပ်ငန်းတွေရဲ့ နှစ်စဉ်ထွက်ကုန် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရှိတယ်လို့ အာဖဂန်အစိုးရဝန်ထမ်းတွေက ခန့်မှန်းထားခဲ့ပြီး အများစုက အသေးစား တူးဖော်မှုနဲ့ တရားမဝင် တူးဖော်မှုတွေက ရတဲ့ တန်ဖိုး စုစုပေါင်း ဖြစ်ပါတယ်။
တာလီဘန်တွေဟာ တရားဝင်ရော၊ တရားမဝင်ရော သတ္ထုတွင်းလုပ်ငန်းတွေကို သိမ်းပိုက်ပြီး ဝင်ငွေရှာနေခဲ့ပြီးသားလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၁၄ မှာထုတ်တဲ့ နှစ်အလိုက် အစီအရင်ခံစာ တစ်ခုအရဆိုရင် တာလီဘန်တွေဟာ နိုင်ငံတောင်ပိုင်း ဟယ်လ်မန် ဒေသမှာရှိတဲ့ တရားမဝင် သတ္ထုတွင်း ၂၅ တွင်းကနေ တွင်း ၃၀ အထိကနေ ရရှိနေတဲ့ နှစ်စဉ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်တယ်လို့ ဆိုပါတယ်။