အိန္ဒိယမှာ ကိုဗစ်ဖြစ်သူတွေ ဆီးချို ဘယ်လိုဆက်စပ်ပြီး ထပ်ဖြစ်ကြသလဲ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်ခံခဲ့ရသူ စုစုပေါင်း ၃၂ သန်း နီးပါး ရှိနေပြီး ကိုဗစ်ကူးစက်ခံခဲ့ရသူ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံး အဖြစ် စံချိန်တင်နေတဲ့ နိုင်ငံဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်ခံခဲ့ရသူ စုစုပေါင်း ၃၂ သန်း နီးပါး ရှိနေပြီး ကိုဗစ်ကူးစက်ခံခဲ့ရသူ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံး အဖြစ် စံချိန်တင်နေတဲ့ နိုင်ငံဖြစ်

အိန္ဒိယနိုင်ငံက သန်းပေါင်းများစွာသော ကိုဗစ်ကူးစက်ခံရသူတွေထဲက တစ်ဦးဖြစ်သူ ဗီပူရှားဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ စက်တင်ဘာလတုန်းက ကိုဗစ်ဒဏ် အပြင်းအထန်ခံရပြီး မွမ်ဘိုင်းမြို့မှာရှိတဲ့ ဆေးရုံတစ်ရုံက အထူးကြပ်မတ် ကုသဆောင်မှာ ၁၁ ရက်ယောက် နေခဲ့ရသူ ဖြစ်ပါတယ်။

မစ္စတာ ရှားက အခုလို ကုသမှု ခံယူတဲ့အချိန်မှာ ကိုဗစ်အသည်းအသန်ဖြစ်သူတွေ ခံယူတဲ့ ကုသမှုတွေထဲက တစ်မျိုးဖြစ်တဲ့ စတီးရွိက် လို့ခေါ်တဲ့ ဟော်မုန်းဆေးတွေ ထိုးခဲ့ရပါတယ်။

စတီးရွိက်ဆိုတာကတော့ လူ့ခန္ဓာကိုယ်က ထွက်တဲ့ ဟော်မုန်းခေါ် ဓာတုပစ္စည်းတွေကို လူတွေက ဓာတ်ခွဲခန်းထဲမှာ ဖန်တီးပြီး လေးဘက်နာလို ရောဂါတွေကစလို့ ကင်ဆာရောဂါတွေအထိ လိုအပ်သလို အသုံးတည့်နေတဲ့ ဟော်မုန်းဆေး ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ပြင်းထန်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဒီဗိုင်းရပ်စ်ပိုးကို အပြင်းအထန် တိုက်ခိုက်တဲ့အတွက် အခုလို အဆုတ်ရောင်ရမ်းပြီး ထိခိုက်မှုတွေ ဖြစ်လေ့ရှိပါတယ်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုလို အဆုတ်ရောင်ရမ်းမှုကို အဲဒီ စတီးရွိက်ဆေးတွေက သက်သာစေနိုင်ပြီး ရောဂါပိုဆိုးလာမှုကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်တာကိုလည်း တွေ့ရှိခဲ့ရလို့ အခုလို စတီးရွိုက်အသုံးပြုမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, လူမှုကွန်ရက်ပေါ်က ကိုဗစ်ကာကွယ်ဆေး ဘယ်လောက်အန္တရာယ်ရှိသလဲ

စတီးရွိုက်ဟော်မုန်းဆေးကြောင့် ကိုဗစ်လူနာတွေမှာ ဖြစ်တဲ့ ဆိုးကျိုးနဲ့ အိန္ဒိယရဲ့ ဆီးချိုစံချိန်

ဒါပေမဲ့ ဒီလို ဟော်မုန်းဆေးတွေကို ကိုဗစ်လူနာကို ပေးလိုက်ရင် ကိုယ်ခံအားပါ ကျသွားတတ်တဲ့အပြင် ဆီးချိုရောဂါ ရှိပြီးသား လူနာတွေရော၊ မရှိသေးသူတွေမှာပါ သွေးထဲ သကြားပါဝင်မှုနှုန်း တက်လာစေတဲ့ ဘေးထွက်ဆိုးကျိုးကလည်း ရှိနေပါတယ်။

ဒီလို နောက်ခံအခြေအနေ ရှိနေတာကြောင့် စတီးရွိုက်ဆေးတွေနဲ့ အခုလို ကုသခဲ့ရတဲ့ အသက် ၄၇ နှစ်အရွယ် မစ္စတာ ရှားဟာ ကိုဗစ်ပျောက်ပြီး တစ်နှစ်ကြာသွားတဲ့ အချိန်မှာတောင် ဆီးချိုတက်နေသေးတဲ့အတွက် ဆီးချိုဆေးတွေ သောက်နေရဆဲ ဖြစ်နေပါတယ်။

စတော့ရှယ်ယာ အရောင်းအဝယ်လုပ်သူ တစ်ဦးလည်းဖြစ်တဲ့ မစ္စတာရှားက သူသိတဲ့ အသိုင်းအဝိုင်းအတွင်းမှာလည်း အခုလိုပဲ ကိုဗစ်ပျောက်ပြီးနောက်ပိုင်း ဆီးချိုဆေးသောက်နေရသူ တော်တော်များများ ရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဆီးချိုရောဂါဖြစ်မှုနှုန်းကလည်း တစ်ကမ္ဘာလုံး အနေအထားအရ ဆီးချိုဖြစ်သူတွေ အားလုံးထဲမှာ ခြောက်ယောက်မှာ တစ်ယောက်က အိန္ဒိယကဖြစ်နေတဲ့အထိ ဆီးချိုဖြစ်တဲ့နှုန်းများနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဆီးချိုရောဂါရှိနေသူ ၇၇ သန်း အထိ ရှိနေမယ်လို့ ခန့်မှန်းရပြီး ကမ္ဘာမှာ ဆီးချိုဖြစ်ပွားမှုနှုန်း အများဆုံးနဲ့ လူပေါင်း ၁၁၆ သန်း ဆီးချိုရောဂါရှိနေသူ တရုတ်နိုင်ငံရဲ့ နောက်က ဒုတိယ လိုက်နေတာလည်း ဖြစ်ပါတယ်။

ဒေသခံ ဆရာဝန်တွေရဲ့ အပြောအရဆိုရင် အိန္ဒိယမှာ အခုလို ဆီးချိုရောဂါရှိနေပေမဲ့ မိမိဘာသာရှိမှန်း မသိပဲ ဖြစ်နေသူ သန်းနဲ့ချီပြီး ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, အင်ဒို ကိုဗစ်ကူးစက်မှု သင်္ချိုင်း ၇ခု အသစ်ဆောက်

ဆီးချိုရောဂါနဲ့ ကိုဗစ်

ဆီးချိုရောဂါဟာ ရေရှည်မှာ ပိုဆိုးလာတတ်တဲ့ ရောဂါ တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အစာခြေ အထောက်အကူပြု ကိုယ်အင်္ဂါ ပန်ကရိယက အင်ဆူလင် ဆိုတဲ့ ဟော်မုန်းဓါတ်တစ်မျိုးကို လုံလောက်အောင် ထုတ်မပေးနိုင်ရင်၊ ဒါမှမဟုတ် ပန်ကရိယက ထုတ်ပေးလိုက်တဲ့ အင်ဆူလင်ကို ခန္ဓာကိုယ်က အပြည့်အဝ အသုံးမချနိုင်ပဲ ဖြစ်လာရင် ဖြစ်တတ်တဲ့ ရောဂါလို့ ဆိုပါတယ်။

အခုလို ခန္ဓာကိုယ်အတွက် အင်ဆူလင် ဟော်မုန်းဆိုင်ရာ ပြဿနာဖြစ်လာပြီဆိုရင် ကိုယ်တွင်းမှာ ဂလူးကို့စ်လို့ ခေါ်တဲ့ သကြားဓာတ်တွေ စုလာတတ်ပါတယ်။

အခုလို စုလာပြီဆိုရင် ကိုယ်ခန္ဓာအတွက် ပြင်းထန်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့် ကျောက်ကပ်၊ မျက်လုံးနဲ့ နှလုံးတို့ကို ထိခိုက်စေနိုင်ပါတယ်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးရင် ရောဂါလက္ခဏာ ပိုပြီး ဆိုးဝါးစေနိုင်တဲ့ ရောဂါအခံတွေထဲမှာ ဆီးချိုရောဂါလည်း အပါအဝင် ဖြစ်ပါတယ်။ အခုလို အခြား ရောဂါအခံတွေကတော့ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါတို့ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ရွှေတြိဂံနယ်မြေထဲမှာ ပိတ်မိနေတဲ့ မြန်မာ အလုပ်သမားတွေ

စတီးရွိုက်ကြောင့် အိန္ဒိယ ဆီးချိုစံချိန် ပိုဆိုးလာမှာလား

အခုလို ကိုဗစ်ရောဂါ ထိန်းချုပ်ဖို့ စတီးရွိုက်ဆေးတွေ လိုအပ်သလို သုံးလာခဲ့တာ တစ်နှစ်ကျော်လာခဲ့တဲ့ အချိန်မှာတော့ ကိုဗစ်ကူးစက်ခံရအပြီး ပြန်လည် သက်သာလာကြသူ အတော်များများမှာ ယခင်က ရှိမထားတဲ့ ဆီးချိုတက်မှုက ရောဂါအသွင်အထိ ရှိလာနိုင်တာကို ဆရာဝန်တွေက စိုးရိမ်လာကြပါတယ်။

ဒီလို အခြေအနေက အမေရိကန်ပြီးရင် ကိုဗစ်ကူးစက်မှုနှုန်း အများဆုံးဖြစ်နေတဲ့အပြင် ကမ္ဘာမှာ ဆီးချိုရောဂါသည် ဒုတိယအများဆုံးလည်း ရှိနေတဲ့ အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်ခံခဲ့ရသူ စုစုပေါင်း ၃၂ သန်း နီးပါး ရှိနေပြီး အမေရိကန်က ၃၇ သန်းကျော်နဲ့ စုစုပေါင်း ကိုဗစ်ကူးစက်ခံခဲ့ရသူ ကမ္ဘာပေါ်မှာ အများဆုံး အဖြစ် စံချိန်တင်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီလို နောက်ခံအခြေအနေရှိနေရာမှာ ကိုဗစ်ကပ်ရောဂါအခြေအနေ မရှိတော့ရင်တောင်မှ အိန္ဒိယမှာ ဆီးချိုဖြစ်ပွားမှုနှုန်းက ဆူနာမီငလျင်ကြောင့် ဖြစ်တဲ့ ရုတ်တရက် လှိုင်းလုံးကြီးတွေလို အိန္ဒိယနိုင်ငံကို ရိုက်ခတ်လာမှာကို စိုးရိမ်နေတယ်လို့ မွမ်ဘိုင်းမြို့အခြေစိုက် ဆီးချို အထူးကု ဆရာဝန် ဒေါက်တာ ရာဟု ဘက်ဆီက ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ ဘက်ဆီရဲ့ လူနာတွေထဲက ဆီးချိုရောဂါ ရှိမထားသူ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာတဲ့ နောက်ပိုင်းမှာ လပေါင်းများစွာ ကြာတဲ့အထိ ဆီးချိုတက်နေသေးတဲ့အတွက် ဆီးချိုဆေးတွေ သောက်နေရတယ်လို့ ဆိုပါတယ်။

အဲဒီအထဲက တချို့ဟာ ဆီးချိုရောဂါ ဖြစ်လာကာစ အခြေအနေမျိုး ကြုံနေရပြီး တချို့ကလည်း ကိုဗစ်သက်သာလာပြီး တစ်နှစ်ကျော်လာတဲ့အထိ ဆီးချိုဆေး သောက်နေရသေးတာကို တွေ့ရတယ်လို့ ဒေါက်တာ ဘက်ဆီက ဆိုပါတယ်။

ကိုဗစ်ဖြစ်ပြီးမှ ဆီးချိုရောဂါရှိလာသူတွေရဲ့ ဆီးချိုတက်နှုန်းက ယခင် ဆီးချိုရှိပြီးသား ကိုဗစ်ပျောက်ကင်းလာသူတွေရဲ့ ဆီးချိုတက်နှုန်းထက်တောင် ပိုများနေတာမျိုးလည်းရှိ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကိုဗစ်ဖြစ်ပြီးမှ ဆီးချိုရောဂါရှိလာသူတွေရဲ့ ဆီးချိုတက်နှုန်းက ယခင် ဆီးချိုရှိပြီးသား ကိုဗစ်ပျောက်ကင်းလာသူတွေရဲ့ ဆီးချိုတက်နှုန်းထက်တောင် ပိုများနေတာမျိုးလည်းရှိ

ကိုဗစ်ကြောင့်ပဲ ဆီးချို တိုက်ရိုက် ဖြစ်စေတာလား

ဒီလို အခြေအနေတွေမှာ ကမ္ဘာတလွှားက ဆရာဝန်တွေက စတီးရွိုက်ဆေးကြောင့် မဟုတ်ဘဲ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ကိုပဲ ဆီးချိုရောဂါကို ဖြစ်နိုင်ခြေ များစေတာလား ဆိုတဲ့ ကိစ္စကို ဆွေးနွေး ငြင်းခုံလာကြပါတယ်။

ဒီကိုဗစ်ဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ကို အလွန်အကျွံ တုံ့ပြန်အောင် ဆွပေးရာမှာ ပန်ကရိယ ကိုယ်အင်္ဂါရဲ့ ဆဲလ်တွေကိုပါ ထိခိုက်ပြီး အင်ဆူလင် ထုတ်လုပ်မှုကို သက်ရောက်မှု ရှိတဲ့အတွက် အခုလို ဆီးချို ဖြစ်စေတာလား၊ ဒါမှမဟုတ် ဒီဗိုင်းရပ်စ် ကိုယ်တိုင်က ပန်ကရိယကို တိုက်ခိုက်တဲ့အတွက်ကြောင့်လား ဆိုပြီး သုံးသပ် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ကိုဗစ်နဲ့အတူ အသက်အန္တရာယ်ရှိတဲ့ မှိုမည်းစွဲ ရောဂါ ခေါ် mucormycosis ရောဂါပါ ကူးစက်ခံရပြီးမှ ပြန်လည်သက်သာလာသူတွေကို အိန္ဒိယ ဆရာဝန်တွေရဲ့ လေ့လာချက်အရ ကိုဗစ်နဲ့ ဆီးချို ဆက်စပ်မှု ရှိနေတာကို တွေ့ရပြီး ဒီလေ့လာမှုကို ဆေးလောက ကလည်း အသိအမှတ်ပြုထားပါတယ်။

အဲဒီ မှိုမည်းစွဲ ရောဂါဟာ မျက်လုံးနဲ့ နှာခေါင်းတို့ကို အဓိက သက်ရောက်မှု ရှိစေပြီး တစ်ခါတစ်ရံမှာ ဦးနှောက်ကိုပါ ထိခိုက် နိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ အဲဒီ မှိုရောဂါ ကူးစက်ခံရတယ်ဆိုပြီး မှတ်တမ်းတင်ထားနိုင်သူ ၄၅၀ဝ၀ ကျော်ရှိခဲ့ပြီး ကိုဗစ်သက်သာလာအပြီး ၁၂ ရက်ကနေ ၁၈ ရက်အတွင်း အဲဒီ မှိုရောဂါ စဖြစ်လာတာကို ဆရာဝန်တွေက တွေ့ခဲ့ကြရပါတယ်။

အဲဒီ လေ့လာမှုအတွင်းမှာ လူနာ ၁၂၇ ယောက်ထဲက ၁၃ ယောက် (ဒါမှမဟုတ်) ၁၀ ရာခိုင်နှုန်းဟာ ယခင် ဆီးချိုမဖြစ်ဖူးပဲ ဆီးချိုရောဂါ ရလာကြတာကို တွေ့ခဲ့ရပါတယ်။

အခုလို ဆီးချိုရောဂါရသွားသူတွေ အားလုံးရဲ့ ပျမ်းမျှ အသက်က ၃၆ နှစ် ပတ်ဝန်းကျင်လောက် ရှိပြီး ထူးခြားတာကတော့ ဒီအထဲက ၇ ယောက်ဟာ သူတို့ ကိုဗစ်ဖြစ်ချိန်မှာ စတဲရွိုက်ဆေးကုသမှု မလုပ်ခဲ့တဲ့အပြင် အောက်စီဂျင်အိုး အကူအညီယူရတဲ့အထိလည်း ရောဂါမပြင်းထန်ခဲ့တဲ့ အချက် ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ် ကာကွယ်ဆေး ခရီးသွား

အခုလို တွေ့ရတဲ့ အခြေအနေကြောင့် အိန္ဒိယနိုင်ငံအတွင်း နောက်လာမယ့်နှစ်တွေမှာ ဆီးချိုရောဂါဖြစ်ပွားမှု အဆမတန် ပေါက်ဖွား များပြားလာမှာကို စိုးရိမ်တယ်လို့ ဒီလေ့လာမှုမှာ ပါဝင်သူ မျက်စိဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အက်ကရှေနဲ က ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာပဲ ဒေလီနဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ ဆေးရုံ နှစ်ရုံမှာ တက်ရောက်ခဲ့သူ လူနာ ၅၅၅ ယောက်ကို လေ့လာမှုမှာလည်း အလားတူ ထူးခြားမှုတစ်ခု တွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုအရ ကိုဗစ်ဖြစ်ပြီးမှ ဆီးချိုရောဂါရှိလာသူတွေရဲ့ ဆီးချိုတက်နှုန်းက ယခင် ဆီးချိုရှိပြီးသား ကိုဗစ်ပျောက်ကင်းလာသူတွေရဲ့ ဆီးချိုတက်နှုန်းထက်တောင် ပိုများနေတာကို တွေ့ခဲ့ရပါတယ်။

အဲဒီလေ့လာမှုကို ပူးတွဲရေးသား ဖော်ထုတ်သူ ဆီးချိုအထူးကု ဆရာဝန် ဒေါက်တာ အနုမစ္စရာကတော့ လတ်တလော တွေ့ရှိလာတဲ့ သက်သေအထောက်အထားတွေ အရ ဆီးချိုနဲ့ ကိုဗစ် ဆက်စပ်မှုပုံစံက အတော်ရှုပ်ထွေးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ပျောက်ပြီး ဆီးချိုအလွန်တက်လာသူတွေရဲ့ ရောဂါဖြစ်တဲ့ပုံစံက ဆီးချိုရောဂါ အမှတ် တစ် ရော အမှတ် နှစ်ပါ ပုံစံ နှစ်မျိုးစလုံး တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကိုဗစ်ပျောက်ပြီး ဆီးချိုအလွန်တက်လာသူတွေရဲ့ ရောဂါဖြစ်တဲ့ပုံစံက ဆီးချိုရောဂါ အမှတ် တစ် ရော အမှတ် နှစ်ပါ ပုံစံ နှစ်မျိုးစလုံး တွေ့ရ

မရိုးရှင်းလှတဲ့ ကိုဗစ်နဲ့ ဆီးချို ဆက်စပ်မှု

ကိုဗစ်ကူးစက်ခံရပြီးနောက်ပိုင်းမှာ Haemoglobin A1c level ဆီးချိုစစ်ဆေးမှု အရ ဒီရောဂါရှိနေတာကို သိလာရတယ် ဆိုရင် ယခင်ကတည်းက ဆီးချိုရောဂါရှိနေပြီးသားလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

စတီးရွိုက်သုံးပြီး ကိုဗစ်ကုသမှု ခံယူနေစဉ်အတွင်းမှာ ဆီးချိုတက်ပေမယ့် သက်သာလာလို့ ဆေးရုံကဆင်းပြီး နောက်ပိုင်း ပုံမှန်ပြန်ဖြစ်သွားသူတွေလည်း ရှိနေတယ် ဆိုပေမယ့် မစ္စတာရှားလို တစ်နှစ်ကျော်လောက်အထိ ဆီးချို ဆက်တက်နေသေးတဲ့ အခြေအနေကြုံရသူလည်း အများအပြား ရှိနေပါတယ်။

ဒီလို ဆီးချိုဆက်တက်နေသူတွေဟာ ယခင်ကတည်းက အဝလွန်မှုနဲ့ မိသားစုထဲမှာ ဆီးချိုဖြစ်သူ ရှိတာကြောင့် ယခင်ကတည်းက ဖြစ်ဖို့ တာဆူနေတဲ့ အခြေအနေ ရှိသူတွေ ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာ မစ္စရာက သုံးသပ်ပါတယ်။

ဒါပေမဲ့လည်း တချို့ ရှားပါးဖြစ်စဉ်တွေမှာ ကိုဗစ်ကြောင့် ပန်ကရိယ ပျက်ဆီးတဲ့အတွက် ဆီးချို အလွန်တက်လာသူတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

အခုလို ဆီးချိုအလွန်တက်လာသူတွေရဲ့ ရောဂါဖြစ်တဲ့ပုံစံက ဆီးချိုရောဂါ အမှတ် တစ် ရော အမှတ် နှစ်ပါ ပုံစံ နှစ်မျိုးစလုံး တွေ့ရတယ်လို့လည်း ဒေါက်တာ မစ္စရာက ပြောပါတယ်။

ဆီးချိုရောဂါ အမှတ်တစ် ဟာ ခန္ဓာကိုယ်က အင်ဆူလင် လုံးဝ မထုတ်နိုင်တဲ့အတွက် ဖြစ်တဲ့ ဆီးချိုရောဂါဖြစ်ပြီး အသက်နဲ့ရော အဝလွန်တာနဲ့ရော ဆက်စပ်မှု မရှိပါဘူး။ ဆီးချို အမှတ် နှစ်ကတော့ ထုတ်လိုက်တဲ့ အင်ဆူလင် မလုံလောက်လို့ ဖြစ်တဲ့ ဆီးချို ရောဂါ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ်နဲ့ဆိုင်တဲ့ ဆေးဝါးတွေကို တရုတ်ကနေ တင်သွင်းမယ်

လန်ဒန်အင်ပီရီယယ် ကောလိပ်က ပါမောက္ခ ဂိုင်းရပ်တာကလည်း ကိုရိုနာဗိုင်းရပ်စ်ဟာ အင်ဆူလင် ထုတ်လုပ်ရာမှာ အရေးပါတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပန်ကရိယကို ပစ်မှတ်ထားမှု ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကိုဗစ်ကြောင့်ဖြစ်တဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို ထိန်းချုပ်တဲ့ စတီးရွိုက်ဆေးကြောင့် ကိုယ်တိုင်း cytokine ထကြွမှုကြောင့် ပန်ကရိယ ထိခိုက်တာလား၊ ကိုရိုနာဗိုင်းရပ်စ်က ပန်ကရိကရဲ့ အင်ဆူလင် ထုတ်လုပ်တဲ့ ဆဲလ်တွေကို တိုက်ရိုက် ထိခိုက်တာလား ဆိုတာကတော့ ဆေးပညာရှင်တွေ အကြားမှာ အငြင်းအခုံ ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး နောက်ပိုင်းမှာ အခြားကိုယ်အင်္ဂါတွေထက်စာရင် ပန်ကရိယ အပေါ် ထူးခြားတဲ့ သက်ရောက်မှုတစ်ခု ရှိနေတာတော့ တွေ့ရတယ်လို့ ဒေါက်တာ ဂိုင်းရပ်တာက ဆိုပါတယ်။

ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ယခင် တကယ် မဖြစ်ဖူးသေးပဲ တက်လာတဲ့ ဆီးချိုက ပျောက်မသွားပဲ ဆီးချိုရောဂါသည် ဖြစ်သွား၊ မသွား ဆိုတဲ့ အပိုင်းကတော့ မရှင်းလင်းသေးဘူးလို့ သူက ဆက်ပြောပါတယ်။

လက်ရှိ အချိ်န်မှာ အိန္ဒိယနိုင်ငံအတွင်း ပြင်ပမှာ လူအသွားအလာ အနည်းဆုံး ဖြစ်အောင် ကန့်သတ်မှု လော့ဒေါင်း ချထားရာမှာ လူအများစုက အိမ်ထဲမှာ အနေများပြီး၊ အိမ်ကနေပဲ အလုပ်လုပ်ကြတာ၊ လေ့ကျင့်ခန်း အလုပ်နည်းသွားတာ၊ အသင့်စား အစားအသောက်တွေ မှာယူမှု များလာတာ၊ စိုးရိမ်ရောဂါနဲ့ စိတ်ကျရောဂါ ရသူတွေလည်း များလာတာပါတယ်။

ဒီလို အခြေအနေတွေကြောင့်လည်း ဆီးချိုရောဂါ ရလာသူတွေ ရှိလာနိုင်တာကြောင့် ကိုဗစ်နဲ့ ဆီးချို ဆက်စပ်မှု အပေါ် ပိုပြီး စိုးရိမ်နေရတယ်လို့ ဒေါက်တာ မစ္စရာက ပြောဆိုထားပါတယ်။