အမေရိကန်မှာ မဲပေးသူတွေက အမျိုးသမီးခေါင်းဆောင်ကို ယုံကြည်မှု နည်းတတ်သလား

လာမယ့် ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် အရွေးခံခဲ့သူ အမျိုးသမီးအရေအတွက်က စံချိန်တင်များပြားခဲ့ပါတယ်။

ဒီလို စံချိန်တင် များပြားလာခဲ့ပေမဲ့လည်း အမေရိကန်က အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ ရီပတ်ဘလီကန်ရော ဒီမိုကရက်ဘက်ကပါ နောက်ဆုံး စကာတင် သမ္မတလောင်း နှစ်ဦးစလုံးက လူဖြူ အမျိုးသားများသာ ဖြစ်နေပြီး ဒုသမ္မတလောင်း နေရာမှာဆိုရင်လည်း ဒီမိုကရက်ဘက်က ကာမာလာ ဟဲရစ်က အမျိုးသမီးဖြစ်ပေမဲ့ ရီပတ်ဘလီကန်ဘက်မှာ လူဖြူ အမျိုးသား မိုက်ခ် ပန့်စ်က ဒုသမ္မတလောင်း ဖြစ်နေပါတယ်။

အဲဒီ လူဖြူအမျိုးသား သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရွေးကောက်ပွဲအကြို ပထမအကြိမ် စကားစစ်ထိုးကြချိန်မှာ အမျိုးသမီးအရေး ဆောင်ရွက်ပေးဖို့ ကိစ္စက အဓိကအကြောင်းအရာ တစ်ခု မဖြစ်ခဲ့ပါဘူး။

ဒါတင်မကသေးဘဲ လူမည်းအရေး နှစ်ဖက် ငြင်းခုံကြတဲ့ အချိန်မှာလည်း ဒီ စကားစစ်ထိုးပွဲကို နားထောင်နေကြတဲ့ လူမည်းနဲ့တကွ လူနည်းစု လူမျိုးစုတွေက ဒီလူဖြူအမျိုးသားနှစ်ယောက်ဟာ သူတို့ကို ကိုယ်စားပြု ပြောပေးနေတယ်လို့ မခံစားရကြောင်း ပြောခဲ့တာတွေလည်း ရှိလာခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီလူဖြူအမျိုးသားနှစ်ယောက်ကို သမ္မတလောင်းအဖြစ် ထောက်ခံ မဲပေးသူ အသီးသီးက ရွေးချယ်ထားတာပဲ ဖြစ်တဲ့အတွက် အမေရိကန်မှာ မဲပေးသူတွေက အမျိုးသမီးခေါင်းဆောင်တွေအပေါ် ယုံကြည်မှု နည်းတတ်သလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

လတ်တလော အမေရိကန်နိုင်ငံရေးလောကအတွင်း အမျိုးသမီးတွေရဲ့ အောင်မြင်မှုများ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ အမေရိကန် အမျိုးသမီး ၁၈၃၄ ဦး ပြည်နယ်အဆင့်နဲ့ နိုင်ငံတော်အဆင့် အသီးသီး အနိုင်ရခဲ့ကြပြီး ပြည်နယ်လွှတ်တော်တွေမှာ အမတ်ဖြစ်လာတဲ့ အမျိုးသမီးအရေအတွက်က ၂၁၁၂ ဦးအထိ ရှိလာခဲ့ပါတယ်။

အဲဒီ ၂၀၁၈ ခုနှစ်အတွင်း အခုလို အမျိုးသမီးတွေ ရွေးကောက်ပွဲ အနိုင်ရမှုဟာ ပြည်နယ်အဆင့်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံ ရပ်တ်ဂါ တက္ကသိုလ်ရဲ့ နိုင်ငံရေးနယ်ပယ်က အမေရိကန်အမျိုးသမီးရေးရာ ဌာန (CAWP) ရဲ့ စာရင်းဇယားအရ သိရပါတယ်။

အမေရိကန်နိုင်ငံရေးလောကရဲ့ အမြင့်ဆုံးနေရာဖြစ်တဲ့ သမ္မတရာထူးအတွက် အရွေးခံသူ အမျိုးသမီးအရေအတွက်လည်း ၆ ဦး ရှိခဲ့ပါတယ်။

အမေရိကန် သမ္မတနေရာအတွက် အရွေးခံသူ ပထမဆုံး အမျိုးသမီး ထွက်ပေါ်ခဲ့တာ ၁၈၇၂ ခုနှစ်ကတည်းက ဖြစ်ပြီး ဗစ်တိုးရီးယား ဝုဒ်ဟားလ်က သာတူညီမျှ အခွင့်အရေး ရရှိရေး တောင်းဆိုတဲ့ နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု အရွေးခံခဲ့ပါတယ်။

၁၉၇၂ ခုနှစ် အမေရိကန် အထွေထွေ ရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ်ပါတီ အမတ် ရှယ်လေ ချစ်ဇင်က သမ္မတ အဖြစ် အရွေးခံခြင်းအားဖြင့် ပထမဆုံး လူမည်းအမျိုးသမီးက အမေရိကန်သမ္မတ အရွေးခံသူ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ နောက်ဆုံးအဆင့်အထိတော့ အရွေးမခံခဲ့ရဘဲ အဲဒီအချိန်က ဒီမိုကရက်တစ်ပါတီရဲ့ နောက်ဆုံးအဆင့် စကာတင် သမ္မတလောင်းဖြစ်သူ ဆီးနိတ်လွှတ်တော်အမတ် ဂျော့(ဂျ်) မက်ဂါးဗန်းကို ရှုံးနိမ့်ခဲ့ပါတယ်။

လာမယ့် ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာတော့ ဒီလို အရွေးခံတဲ့ အမျိုးသမီးအရေအတွက်က ၆ ဦးဖြစ်တဲ့အတွက် အဲဒီ ယခင်အကြိမ်တွေထက် စံချိန်တင် များပြားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အမျိုးသမီးအမူအကျင့်နဲ့ ခေါင်းဆောင်အမူအကျင့် မျှော်လင့်ချက်

လူတွေဟာ သူတို့ တွေ့ကြုံရတာတွေကို အခြေခံပြီး လှေနံ ဓါးထစ် သတ်မှတ်ချက်တွေ တောက်လျှောက် လုပ်နေလေ့ရှိရာမှာ ဒီလို လုပ်နေမှန်း ကိုယ့်ဟာကိုယ် သတိထားမိဖို့ ခက်ခဲတတ်ပါတယ်လို့ အီလီနွိုက်တက္ကသိုလ်က လိင်သတ်မှတ်မှုဆိုင်ရာ စိတ်ပညာပါမောက္ခ အဲလစ် အီဂလီက ပြောပါတယ်။

ဒီလို သတ်မှတ်ချက်တွေ လုပ်တာမျိုးထဲမှာ လူမျိုးရေးအရ သတ်မှတ်ချက်တွေလည်း ပါဝင်တတ်ပြီး ကျား၊ မ၊ လိင်တူလိင်ကွဲ နှစ်သက်သူ အစရှိသဖြင့် လူတွေက သတ်မှတ်ထားသူတွေက လုပ်တတ်တယ်လို့ ယူဆထားတဲ့ အမူအကျင့်တွေကတော့ ရှုမြင်သူ လူတွေစိတ်ထဲမှာ ပိုပြီး တိတိကျကျ ရှိနေတတ်ပါတယ်။

လူတွေဟာ နေ့စဉ် ကိုယ့်မျက်စိရှေ့မှာ မြင်ရသူ အသီးသီးရဲ့ အမူအကျင့် တစ်ထောင်လောက်အထိ ကိုယ့်ဟာကိုယ်မသိလိုက်ဘဲ ပုံစံခွဲထုတ်ပြီး ဘယ်လိင်အမျိုးအစားက ဘယ်လို ယေဘုယျ လုပ်တတ်သလဲဆိုတာကို ခွဲခြားနေမိ တတ်တယ်လို့လည်း ပါမောက္ခ အီဂလီက ပြောပါတယ်။

CAWP က ပါမောက္ခ ကယ်လီ ဒစ်တ်မာ ကလည်း လူတွေဟာ အမျိုးသမီးတွေက ဘယ်လို ပြုမူသင့်တယ်၊ ဘယ်လို အမူအကျင့်မျိုးရှိတယ် စသဖြင့် ပုံသေ မျှော်မှန်း ယူဆချက်တွေရှိပြီး တစ်ဖက်မှာလည်း ခေါင်းဆောင်တစ်ဦးဟာ ဘယ်လို ဟန်ပန် သွင်ပြင် အနေအထားရှိသင့်တယ်၊ ဘယ်လို အမူအကျင့်မျိုးနဲ့ ဘယ်လို ကျွမ်းကျင်မှုမျိုး ရှိသင့်တယ်ဆိုပြီး ပုံသေ မျှော်မှန်း ယူဆချက်တွေက ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုရှိရာမှာ အဲဒီယူဆချက်တွေ တစ်ဖက်နဲ့တစ်ဖက် ဟန်ချက်မညီဘဲ မတူညီကြတဲ့ အနေအထားကို နိုင်ငံရေးခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေက ခေါင်းခံရပြီး အမျိုးသမီးကို ဦးဆောင်သူဖြစ်ဖို့ မျှော်လင့်မှုနည်းတဲ့ လူအများရဲ့ ယေဘုယျ သတ်မှတ်ချက်ကြောင့် လုပ်ရပ်ချင်း တူရင်တောင် အမျိုးသမီးလုပ်ရင် ပိုပြီး ဝေဖန်ခံရလေ့ရှိတယ်လို့ ပါမောက္ခ ဒစ်တ် မာက ရှင်းပြပါတယ်။

အမျိုးသမီးတွေ ရွေးကောက်ခံရနိုင်ခြေ တွက်ချက်မှု

အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေလို တန်းတူ မဲပေးသူတွေကို ဆွဲဆောင်နိုင်ဖို့ အမျိုးသားတွေထက် နှစ်ဆကြိုးစားရတယ်လို့ အမေရိကန် တက္ကသိုလ်ကျောင်းသူများ အစည်းအရုံး အမှုဆောင် အရာရှိချုပ် ကာ ချာ့ချက်စ်က ဆိုပါတယ်။

အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးလောကမှာ စိတ်ဓာတ်ပျော့ညံ့လွန်းတယ်လို့ အထင်ခံရရင် မဲပေးသူ အရေအတွက် ဆုံးရှုံးနိုင်သလို အလွန် စိတ်ဓာတ် ကြံ့ခိုင်တဲ့ပုံစံပြရင်လည်း မဲပေးသူ အရေအတွက် ဆုံးရှုံးရတဲ့ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို အနေအထားမှာ ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဝစ်စ်ကွန်ဆင် မစ်ဝေါကီ တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ ကက်သလင်း ဒိုလန်ကတော့ ဒီလို မမြင်ပါဘူး။

သူဟာ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ကျင်းပခဲ့တဲ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွေ မကျင်းပမီနဲ့ ကျင်းပအပြီးမှာ လူပေါင်း ၃၀ဝ၀ ကျော်လောက်ကို နိုင်ငံရေးအမြင်နဲ့ ကိုယ်စားလှယ်လောင်းတွေအကြောင်း မေးခွန်းတွေ မေးမြန်းပြီး လိင်အမျိုးအစားအလိုက် ဘယ်လို ယေဘုယျ သတ်မှတ်ချက် ထားကြသလဲ ဆိုတာကို လေ့လာခဲ့ပါတယ်။

ဒီလေ့လာမှုအတွင်း ဖြေဆိုကြသူတွေထဲက တစ်ဝက်လောက်က အမျိုးသမီး ဒါမှမဟုတ် အမျိုးသား ကိုယ်စားလှယ် တစ်ဖက်ဖက်ကို ရွေးရတဲ့ အနေအထား ကြုံခဲ့ကြပြီး တကယ်တမ်း လိင်အမျိုးအစားအရ ယေဘုယျအားဖြင့် ဘယ်လို အမူအကျင့် ရှိတတ်သလဲ ဆိုတာကို ပုံသေအမြင်မျိုး ရှိသူတွေမှာတောင် ဒါတွေက သူတို့ရဲ့ ရွေးချယ်တဲ့ပုံစံကို သက်ရောက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပါမောက္ခ ဒိုလန်ရဲ့ လေ့လာချက်အတွင်း အမှန်တကယ် တွေ့ရှိမှုကတော့ ပါဝင်တဲ့ ကိုယ်စားလှယ်လောင်းရဲ့ နိုင်ငံရေးပါတီ၊ ရာထူးနဲ့ အတွေ့အကြုံ ရှိမရှိ စတာတွေက ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ ရွေးကောက်ခံရနိုင်ခြေကို အဆုံးအဖြတ်ပေးတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလောကဆိုတာဟာ အမျိုးသမီးတွေအတွက် အံဝင်ခွင်ကျဖြစ်တဲ့ လောကတစ်ခုလို့ မဆိုနိုင်ပေမဲ့ လူတွေ မဲမပေးကြတာက အမျိုးသမီးဖြစ်လို့ဆိုတာသက်သက်နဲ့ ဆုံးဖြတ်လို့မရသလို အမျိုးသမီးဖြစ်လို့ မဲပေးတယ်လို့လည်း ပြောလို့မရတဲ့ အခြေအနေတွေ တွေ့ရတယ်လို့ ပါမောက္ခ ဒိုလန်က ကောက်ချက်ချထားပါတယ်။

နိုင်ငံရေးလုပ်မယ့် အမျိုးသမီးတယောက် ရှိရမယ်လို့ ယူဆတဲ့ အရည်အချင်း မျှော်မှန်းချက်

၂၀၁၆ အမေရိကန်သမ္မတလောင်းအဖြစ် ဒီမိုကရက်ဘက်က အရွေးခံရပြီး ဒေါ်နယ်ထရမ့်နဲ့ အပြိုင် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဟီလာရီ ကလင်တန်ဟာ အသံစူးစူးနဲ့ ငြင်းခုံတတ်ပြီး၊ ဆရာလုပ်လွန်းပုံပေါ်တာ၊ အေးစက်စက်နိုင်တာ စတဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

ဒေါ်နယ်ထရမ့်ဘက်ကလည်း ဟီလာရီ ကလင်တန်ဟာ ခေါင်းဆောင်တစ်ယေက်မှာ ရှိရမယ့် သက်လုံနဲ့ ခွန်အားမရှိဘူးလို့ ဝေဖန်ခဲ့ဖူးရာမှာ ဒါဟာ အမျိုးသမီးတွေ အမျိုးသားလောက် ခွန်အားမရှိဘူးဆိုတဲ့ အမျိုးသမီးတွေအပေါ် ယေဘုယျ ယူဆချက်ရှိပြီး ဒါကို ထရမ့်က အသုံးချနိုင်ပုံကို ပါမောက္ခ ဒစ်တ်မာက ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။

ဟီလာရီ ကလင်တန် ကိုယ်တိုင်ကလည်း သူ့လုပ်ပြရမယ့် စံပြအနေအထားနဲ့ တခြား ကိုယ်စားလှယ်လောင်းတွေ အပေါ် လူအများမျှော်လင့်ထားတဲ့ စံပြအနေအထား ကွာဟနေတဲ့အတွက် သူအမှားလုပ်ရင် ပိုပြီး ဝေဖန်ခံရတယ် ဆိုတဲ့ သဘောမျိုး CBS မိနစ် ၆၀ သတင်းမဂ္ဂဇင်း အစီအစဉ်မှာ ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ဟီလာရီဟာ ပါတီတွင်း သမ္မတလောင်းနေရာအတွက် ပြိုင်ဘက် ဘာနီ ဆန်းဒါးကို အနိုင်ရဖို့ ကြိုးစားရာမှာ ကျင့်ဝတ်သိက္ခာနဲ့ မလျော်ညီတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ အပါဝင် အရှုပ်အထွေး အမျိုးမျိုးနဲ့ ပတ်သက်မှုတွေရှိခဲ့တဲ့အတွက် ဒါဟာ သူ့ကိုယ်သူ ကာကွယ်ဖို့ အမျိုးသမီးဖြစ်မှုကို အသုံးပြုတယ်လို့ တန်ပြန်ဝေဖန်မှုတွေ ရှိခဲ့ပြန်ပါတယ်။

ဟီလာရီ ကလင်တန် ၂၀၁၆ သမ္မတလောင်း အရွေးခံခဲ့ချိန်မှာ ကြုံခဲ့တာဟာ နိုင်ငံရေးလောကမှာ အမျိုးသမီးတွေရဲ့ ကျင့်ဝတ်သိက္ခာ ချိုးဖောက်ရင် ပိုပြီး ဝေဖန်ခံရတာကို ပြနေတယ်လို့ ပါမောက္ခ ဒစ်တ်မာက ယူဆပေမယ့် ပါမောက္ခ ဒိုလန်ကတော့ ဒီကိစ္စကြောင့် အမျိုးသမီးထုတစ်ခုလုံး ဒီလို အလုပ်ခံရမယ်လို့ မပြောနိုင်ဘဲ တကယ်အရွေးခံသူ အမျိုးသမီးတစ်ဦးချင်းရဲ့ နောက်ခံအနေအထားနဲ့သာဆိုင်တယ်လို့ ဆိုပါတယ်။

မစ္စ ချာ့ချက်စ်ကတော့ အနည်းဆုံးတော့ မဲပေးသူတွေ ကိုယ်စားလှယ်လောင်းရွေးတဲ့နေရာမှာ တစ်စုံတစ်ယောက်ကို မကြိုက်ဘူးလို့ ခံစားမိရင် အမျိုးသမီးဖြစ်နေလို့လား ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်သလို၊ ကိုယ်စားလှယ်တစ်ဦးဦး ပြောတဲ့စကားတစ်မျိုးတည်းကိုပဲ အမျိုးသားကပြောရင် ကိုယ့်ယူဆချက်က တစ်မျိုး၊ အမျိုးသမီးကပြောရင် တစ်မျိုး ဖြစ်နေသလား ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးနိုင်ငံရေးသမားတွေအတွက် အခြေအနေတွေ တကယ်ကောင်းလာရဲ့လား

ပါမောက္ခ ဒိုလန်ဘက်က အမျိုးသမီး နိုင်ငံရေးသမားတွေနဲ့ ပတ်သက်တဲ့ အခြေအနေတစ်ခုကို ထောက်ပြတာကတော့ အမေရိကန်မှာ ရွေးကောက်ခံ အမျိုးသမီး အရေအတွက် တက်လာပေမယ့် အမျိုးသမီးထု တစ်ရပ်လုံး ကိုယ်စားပြုမှု မလုံလောက်သေးတဲ့ အခြေအနေ ရှိနေတာပဲ ဖြစ်ပါတယ်။

နိုင်ငံရေးမှာ အမျိုးသမီးတွေက ခေါင်းဆောင်အပိုင်းကနေပါ ပါဝင်လာဖို့ နည်းလမ်းတွေကို တိုးချဲ့မှသာလျှင် တကယ့်တိုးတက်မှု ရနိုင်ပြီး မဟုတ်ဘူးဆိုရင် အရေအတွက် တိုးတယ်ဆိုတဲ့ တိုးတက်မှုမျိုးပဲ ရနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် မဲပေးသူတွေရဲ့ မဲစာရွက်ထဲမှာ ရွေးချယ်စရာ အမျိုးသမီးများများ ပါလာဖို့က အမျိုးသမီးနိုင်ငံရေးသမားတွေ အခြေအနေကောင်းဖို့အတွက် အကြီးဆုံး စိန်ခေါ်မှုဖြစ်တယ်လို့လည်း ပါမောက္ခ ဒိုလန်က ယူဆပါတယ်။

ပါမောက္ခ အီဂလီကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ရှင်းရှင်းပြတ်ပြတ် လုပ်ဆောင်တတ်တယ် ဆိုတဲ့အမြင်က ၁၉၄၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း မပြောင်းလဲရတဲ့ အကြောင်းအရင်းဟာ အမျိုးသမီးနိုင်ငံရေးသမားတွေက အမျိုးသားတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ထိပ်တန်းနေရာတွေကို ရောက်မလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်အပြိုင်ဖြစ်နေသူ နှစ်ဦးစလုံး အမျိုးသမီးဖြစ်မယ်ဆိုရင် အမျိုးသမီးအားလုံးလိုလို ပုံစံတူ အမူအကျင့်ရှိနိုင်တယ် ဆိုတဲ့ ယေဘုယျ စွဲမှတ်မှု လျော့ပါးလာနိုင်ပြီး အမျိုးသမီးတစ်ဦးကို သမ္မတအဖြစ် မဲပေးဖို့ လိုလားသူတွေလည်း များလာရုံသာမက အမျိုးသား ကိုယ်စားလှယ်လောင်းတွေဘက်ကလည်း အမျိုးသမီးပြိုင်ဘက်ကတွေကို တစ်ဖက်သတ် အနိုင်ယူပြတာမျိုး မလုပ်ဖို့လည်း သတိထားလာကြတယ် ဆိုတာကို မစ္စ ချာ့ချက်စ်နဲ့တကွ ပါမောက္ခ ဒစ်တ်မာနဲ့ ဒိုလန်တို့က ယေဘုယျ သဘောတူကြပါတယ်။