အာကာသပေါ်ရော သမုဒ္ဒရာကြမ်းပြင်အထိပါ ရောက်ခဲ့တဲ့ အမျိုးသမီး

၂၀၂၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့မှာ ကမ္ဘာရဲ့ အနက်ရှိုင်းဆုံး သမုဒ္ဒရာ ကြမ်းပြင် ဖြစ်တယ်လို့ သတ်မှတ်ထားကြတဲ့ ချယ်လန်ဂျာ ဒိ(ပ်) ရှိရာ ပေ ၃၅,၈၁၀ ရေအနက်ကို ဆင်းခဲ့သူ ဒေါက်တာ ကက်သီ ဆူလီဗန်ဟာ အာကာသပေါ်နဲ့ ကမ္ဘာရဲ့ အနက်ရှိုင်းဆုံး နေရာနှစ်ခုစလုံးကို ပထမဆုံးရောက်သူ ဖြစ်လာခဲ့ပါတယ်။

နာဆာ အာကာသယာဉ်မှူးဟောင်း တဦးလည်း ဖြစ်တဲ့ ဒေါက်တာ ဆူလီဗန်ဟာ အနောက် ပစိဖိတ်သမုဒ္ဒရာ အတွင်းက မာရီယားနား သမုဒ္ဒရာချောက်ကျဉ်းကနေ ဆင်းသက်ပြီး ချယ်လန်ဂျာ ဒိ(ပ်)ကို ရေငုပ်သင်္ဘောငယ်စီးပြီး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

“အဲဒီကို ရောက်သွားတော့ လပေါ်က မြေပြင်အနေအထားနဲ့ ဆင်တူတဲ့ တခြားဂြိုဟ်တခုကို ရောက်သွားတဲ့ ဂြိုဟ်သားတယောက်လို ခံစားရပါတယ်။ တကယ့်ကို မှတ်မှတ်ရရ ဖြစ်စရာပါပဲ” လို့ အသက် ၆၈ နှစ် ရှိပြီ ဖြစ်တဲ့ ဒေါက်တာ ဆူလီဗန်က ပြောပါတယ်။

သူဟာ အဲဒီ ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာကို အမျိုးသမီးအနေနဲ့လည်း ပထမဆုံးရောက်ရှိသူ ဖြစ်လာပြီး ယေဘုယျအနေနဲ့ အဋ္ဌမမြောက် ရောက်ရှိသူ ဖြစ်လာပါတယ်။

အဲဒီ နေရာဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ သာမန်အနက်ထက် ၁၁ ကီလိုမီတာ အောက်မှာရှိတဲ့ ချောက်ကျဉ်းတခုလည်း ဖြစ်ပါတယ်။

ဒေါက်တာ ဆူလီဗန်ဟာ ကြီးမားလှတဲ့ ရေနက်ပိုင်း ဖိအားကို ခံနိုင်အောင် တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောငယ်အတွင်း စီးနင်းလိုက်ပါပြီး အဲဒီချောက်ကျဉ်းကို တနာရီခွဲကြာ လေ့လာကြည့်ရှုခဲ့ပါတယ်။

သူနဲ့အတူ လိုက်ပါလာသူကတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံသူနဲ့ စူးစမ်းရှာဖွေသူ တဦးဖြစ်တဲ့ ဗစ်တာ ဗက်စ်ကိုဗို ဖြစ်ပြီး သူဟာလည်း ကမ္ဘာ့ သမုဒ္ဒရာကြီး ငါးခုရဲ့ အနက်ရှိုင်းဆုံးနေရာတွေ အားလုံးကို ပထမဆုံး ရောက်ဖူးခဲ့သူ ဖြစ်ပါတယ်။

“ကျွန်မ ဒီလိုရောက်နိုင်ဖို့ အခွင့်အရေးရလိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးသလို ဗစ်တာက ကျွန်မကို ဒီလို လိုက်ခဲ့ဖို့ ဖိတ်လိမ့်မယ်လို့လည်း မတွေးခဲ့ဖူးပါဘူး” လို့ ဒေါက်တာ ဆူလီဗန်က ပြောပါတယ်။

မာရီယားနားလို နက်ရှိုင်းလှတဲ့ ချောက်ကျဉ်းကြီးရဲ့ အောက်ခြေ ရေပြင်က ရေခဲလုမတတ် အေးစက်ပြီး အလင်းရောင်လည်း မရောက်တဲ့အပြင် ရေထုဖိအားကလည်း ပြင်ပအရာဝတ္ထုတခုကို အမှုန့်ချေပစ်နိုင်လောက်တဲ့အထိ ဖိအားပြင်းတဲ့ နေရာ ဖြစ်ပါတယ်။

ဒီလို အခြေအနေရှိတဲ့ကြားက အဲဒီနေရာမှာ ကျက်စားနေတဲ့ သတ္တဝါတွေ ရှိနေသေးပြီး သူတို့ ရှင်သန်နိုင်သလဲဆိုတာကို လတ်တလောအတွင်းကမှ စပြီး သုတေသီတွေက လေ့လာသိရှိလာကြတာ ဖြစ်ပါတယ်။

အဲဒီ မာရီယားနား ချောက်ကျဉ်းအတွင်းကို ဆင်းသက်ပြီး အောက်ခြေကြမ်းပြင် အထိ ပထမဆုံး ဆင်းသက်နိုင်ခဲ့သူကတော့ အမေရိကန်ကမ်းတပ်တပ်ဖွဲ့ဗိုလ်ကြီး ဒွန် ဝဲ့လ်ရှ် နဲ့ ဆွစ်ဇာလန် အင်ဂျင်နီယာ ဂျက်ပီးကာ့ဒ် တို့ဖြစ်ပြီး ၁၉၆၀ မှာ နက်ရှိုင်းရေနက်သွား ရေငုပ်သင်္ဘောငယ် တမျိုးဖြစ်တဲ့ ထရီးယက်စ် သင်္ဘောနဲ့ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် အဲဒီ ချောက်ကျဉ်းထဲကို ဆင်းသက်မှုကတော့ နောက်ထပ် ရာစုနှစ်ဝက်လောက် အကြာ ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ် ကန်မရွန်က သူ့ရဲ့ အစိမ်း တောက်တောက် အရောင်ရှိတဲ့ ရေငုပ်သင်္ဘောငယ်နဲ့အတူ တစ်ကိုယ်တော် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

အခု နောက်ဆုံး ဒေါက်တာဆူလီဗန်ပါဝင်တဲ့ ဆင်းသက်မှုကတော့ သမုဒ္ဒရာကြမ်းပြင်အောက် လှုပ်ရှားဆဲ မီးတောင်တွေ ပတ်ပတ်လည် တည်ရှိနေပြီး မီးကွင်းဝိုင်း လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက အနက်ရှိုင်းဆုံးနေရာတွေကို လေ့လာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဒေါက်တာ ဆူလီဗန်ဟာ ၁၉၇၉ မှာ နာဆာ အာကာသယာဉ်မှူး ဖြစ်လာပြီး ၁၉၈၄ မှာတော့ အာကာသတွင်း လမ်းလျှောက်မှုလို့ ခေါ်တဲ့ အာကာယာဉ်အပြင်ဘက်ထွက်ပြီး သွားလာလှုပ်ရှားမှုပြုသူ ပထမဆုံး အမေရိကန် အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

သူရဲ့ အာကာသအတွင်း နေထိုင်ချိန် နာရီပေါင်း ၅၃၂ နာရီ ရှိခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ထင်ရှားကျော်ကြား အာကာသယာဉ်မှူးများခန်းမမှာ သူ့အကြောင်း ထည့်သွင်းပြသခံခဲ့ရပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ သူဟာ အမေရိကန် နိုင်ငံလုံးဆိုင်ရာ သမုဒ္ဒရာထုနဲ့ လေထုအခြေအနေ လေ့လာကြီးကြပ်ရေး ဌာနမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဒီဌာနရဲ့ ကြီးကြပ်ရေးမှူးပါ ဖြစ်လာခဲ့ပါတယ်။

သူ သမုဒ္ဒရာ ရေအောက်အတွင်းမှာပဲ ရှိနေစဉ်မှာ ဘီဘီစီက ဖုန်းကတဆင့် အမေးအဖြေ ပြုလုပ်ခဲ့ရာမှာ အာကာသနဲ့ သမုဒ္ဒရာကြမ်းပြင်တို့ဟာ “လူသားတွေရှေ့မှောက်မှာ ရှိနေတဲ့ အကြီးကျယ်ဆုံး ရုပ်ပိုင်းဆိုင်ရာ အစွန်အဖျား အကျဆုံး နယ်ပယ်တွေ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

အခုတော့ သူဟာ အခြေအနေကွာခြားမှု ကြီးမားတဲ့ အဲဒီ နှစ်နေရာစလုံးကို ပထမဆုံးရောက်ခဲ့သူ တဦး ဖြစ်လာပါပြီ။

သူနေခဲ့ဖူးတဲ့ နိုင်ငံတကာ အာကာသစခန်း (ISS) ဆိုရင် လေဟာနယ်ထဲမှာ တည်ရှိပြီး သမုဒ္ဒရာရေအောက် ကြမ်းပြင်ကို သူသွားချိန်မှာ စီးနင်းခဲ့တဲ့ ‘ကန့်သတ်နေတဲ့ အကြောင်းအချက်’ အမည်ရ ရေငုပ်သင်္ဘောငယ်ကတော့ တစ်လက်မ ပတ်လည်ကို ရှစ်တန် အလေးချိန် အထိရှိတဲ့ ဖိအားကို ခံစားခဲ့ရပြီး ဒါဟာ ပင်လယ်ရေမျက်နှာပြင်အဆင့်မှာ ရှိလေ့ရှိတဲ့ ဖိအားထက် အဆ တစ်ထောင်လောက် ရှိတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

“ကျွန်မက သိပ္ပံပညာရှင် အနေနဲ့ရော အင်ဂျင်နီယာ အနေနဲ့ပါ လေ့ကျင့် သင်ကြားခဲ့သူ ဆိုတော့ အာကာသယာဉ်မှူးဘဝတုန်းက အာကာသယာဉ်ထဲမှာ စီးနင်းလိုက်ပါရတာနဲ့ အခု ရေငုပ်သင်္ဘောလို အထူးပြု တည်ဆောက်ထားတဲ့ ယာဉ်တွေထဲမှာ စီးနင်းလိုက်ပါရတာ ငြီးငွေ့စရာမရှိပဲ အရမ်းကို စိတ်ဝင်စားပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်” လို့ ဒေါက်တာ ဆူလီဗန်က ဆိုပါတယ်။

“ကျွန်မအတွက်တော့ ဒီယာဉ်တွေက အာလာဒင် ပုံပြင်ထဲက ကော်ဇောပျံတွေလိုပဲ သာမန်လူသားတွေ မရောက်နိုင်တဲ့ နေရာတွေကို ပို့ပေးနိုင်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

ဒေါက်တာ ဆူလီဗန်ဟာ အာကာသယာဉ်မှူး မဖြစ်ခင်မှာ ဘူမိဗေဒ ဘာသာရပ်ကို ပါရဂူဘွဲ့အဆင့်နဲ့ ကနေဒါနိုင်ငံ ဒယ်လ်ဟောက်ဇီ တက္ကသိုလ်မှာ ဆည်းပူးခဲ့ပြီး ပင်လယ်ပြင်လေ့လာရေး ခရီးစဉ်တွေကိုလည်း တာဝန်ယူ သွားရောက်ခဲ့သူ ဖြစ်ပါတယ်။

အခုလို ကမ္ဘာ့ပင်လယ်ပြင်အောက်က ချောက်ကျဉ်းကြီးတွေထဲက တခုကို လေ့လာ စူးစမ်းဖို့ အခွင့်အရေး ရလာတဲ့ အခါမှာလည်း ဒေါက်တာ ဆူလီဗန်က ဝမ်းပန်းတသာနဲ့ လက်ခံခဲ့ပါတယ်။

“အဏ္ဏဝါဗေဒ ပညာရှင် တယောက်အနေနဲ့ သမားရိုးကျထက် ပိုမို ပြင်းထန်တဲ့ ဘူမိဗေဒ ဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ပင်လယ်ပြင်အောက်က ချောက်ကျဉ်းကြီးတခုကို မျက်မြင်ကိုယ်တွေ့ လေ့လာရတာ တခြားသူ တယောက်ယောက်ရဲ့ အချက်အလက်နဲ့ ရုပ်ပုံတွေကို ကြည့်ရတာနဲ့ မတူဘဲ ထူးခြားလှပြီး ဒီလို ကိုယ်တွေ့ လေ့လာခွင့်ရဖို့လည်း အရေးကြီးပါတယ်” လို့လည်း သူက ဆိုပါတယ်။

အခု သူသွားခဲ့တဲ့ ခရီးစဉ်ဖြစ်မြောက်အောင် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးရတဲ့ EYOS လေ့လာစူးစမ်းမှု ပို့ဆောင်ရေး ကုမ္ပဏီကို ပူးတွဲ ထူထောင်သူ ဖြစ်တဲ့ ရော့ဘ် မက်ကယ်လန်ကလည်း ဒေါက်တာ ဆူလီဗန်ဟာ “စိတ်အားထက်သန်မှုရှိပြီး ပညာရှင်လည်း ပီသတဲ့ ကမ္ဘာ့သမုဒ္ဒရာများ အရေး ရှေ့ဆောင်လှုပ်ရှားသူ တဦး” ဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့မှာက နည်းပညာကို အသုံးပြုပြီး စူးစမ်းလေ့လာမှု တိုးတက်အောင် လုပ်တဲ့နေရာမှာ အတွေ့အကြုံအများကြီး ရှိပါတယ်”

“သမုဒ္ဒရာတွေအရေးနဲ့ ပတ်သက်ပြီး ပညာပေးနိုင်သူ ရော ရှေ့ဆောင် လှုပ်ရှားသူ တဦးပါ ဖြစ်တဲ့အတွက် (ပေ ၂၀,ဝ၀ဝ ပတ်ဝန်းကျင် အထက် ရေနက်ရှိတဲ့) ရေနက် သမုဒ္ဒရာ သိပ္ပံပညာရဲ့ အကျိုးကျေးဇူးတွေကို မီးမောင်းထိုးပြနိုင်မယ့်သူလည်း ဖြစ်တယ်” လို့လည်း ရော့ဘ်က ဆိုပါတယ်။

ဒေါက်တာ ဆူလီဗန်နဲ့ ဗစ်တာ ဗက်စ်ကိုဗိုတို့ ရေနက်ပိုင်းကနေ ပြန်တက်လာပြီး အပေါ်မှာ စောင့်နေတဲ့ ပင်မ သင်္ဘောပေါ်ကို ပြန်ရောက်တဲ့ အချိန်မှာ ကမ္ဘာ့မြေပြင်အထက် ပေ တစ်သန်းခွဲလောက် (ကီလိုမီတာ ၄၀ဝ ခန့်) အမြင့်မှာ ရှိနေတဲ့ နိုင်ငံတကာ အာကာသ စခန်း (ISS) နဲ့ ချိတ်ဆက် ဖုန်းပြောခဲ့ကြပါတယ်။

“လူတွေအတွက် အစွန်အဖျား အကျဆုံး နယ်ပယ်တွေကို စူးစမ်းရှာဖွေ လေ့လာသူတွေ အချင်းချင်း ဆက်သွယ်ပြီး စူးစမ်းရှာဖွေလိုတဲ့ စိတ်ချင်းတူတာနဲ့ အခုလို စိတ်လှုပ်ရှားစရာ စူးစမ်းရှာဖွေရေးတွေ လုပ်နိုင်စေတဲ့ အင်ဂျင်နီယာပညာကို တန်ဖိုးထားတာ တူကြသူတွေ အောင်ပွဲခံတဲ့ အနေနဲ့ ဒီလို ဆက်သွယ် စကားပြောခဲ့တာပါ” လို့ ဒေါက်တာဆူလီဗန်က ဆိုပါတယ်။

“ကျွန်မအတွက်တော့ ဒီလို ဆက်သွယ်စကားပြောရတာ မတွေ့ရတာကြာသူတွေ ပြန်လည် တွေ့ဆုံ စကားပြောကြသလိုပါပဲ” လို့လည်း သူကပြောပါတယ်။

သူ့ရဲ့ အခုလို လေ့လာစူးစမ်းရေး ခရီးစဉ်နဲ့တကွ အခြား အလားတူ ခရီးစဉ်တွေဟာ လူသားတွေ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်ပေါ်က ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်ရေပြင်တွေမှာ သက်ရှိဘဝတွေ ဘယ်လို ရှင်သန်မှု ရှိနေတယ်ဆိုတာကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီခရီးစဉ်ကြောင့် လူတွေသိထားတဲ့ နယ်ပယ် အစွန်အဖျားဆိုတဲ့ အကန့်အသတ်ထက် ထပ်တိုးပြီး သိရှိရေးအတွက် စူးစမ်းလေ့လာလိုသူတွေ များလာအောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ ဒေါက်တာ ဆူလီဗန်က မျှော်လင့်နေပါတယ်။

“လူသားတွေဆိုတာ ပင်ကို သဘာဝ အရ စူးစမ်းလေ့လာချင်သူတွေဖြစ်ပြီး ကျွန်မတို့ရဲ့ ကိုယ့် ကိုယ်ခန္ဓာနဲ့ တကွ စကြဝဠာအတွင်းက ရုပ်ဝတ္ထု အတိုင်းအတာ အမျိုးမျိုးရှိတဲ့ နယ်ပယ်တိုင်းကို ဆက်လက် လေ့လာတယ် ဆိုတာက ဘယ်လောက် သဘာဝကျပြီး မရှိမဖြစ်လည်း အရေးကြီးတယ် ဆိုတာကို တခြားသူတွေလည်း နားလည်သဘောပေါက်လာအောင် ကျွန်မက စေ့ဆော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး သူက ဆိုပါတယ်။

အခုလို စူးစမ်းရှာဖွေ လေ့လာနေဖို့နဲ့ ဆန်းသစ်တီထွင်နေဖို့ စေ့ဆော်မှုတွေက လူသားဘဝကို ရှေ့လျောက် တိုးတက်မှု ရှိနေစေဖို့ အထောက်အကူပြုမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ဒီလို လှုံ့ဆော်မှုတွေကနေပဲ ကျွန်မတို့ရဲ့ ဘဝတွေကို အသွင်ပြောင်းမယ့် အနာဂတ်နည်းပညာတွေကို ဖန်တီးမှာ ဖြစ်ပြီးတော့ အဲဒီကမှ လူသားတွေကို ဆင်းရဲချို့တဲ့မှုက လွန်မြောက်စေပြီး ကျန်းမာရေး အကျပ်အတည်းတွေကိုလည်း ဖြေရှင်းနိုင်မယ့် စွမ်းရည်ကို ရပါလိမ့်မယ်”