စပိုင်မင်းသမီးနဲ့ သေမင်းတမန် - ဒုတိယကမ္ဘာစစ်က အမျိုးသမီး သူရဲကောင်း ၈ ယောက်

စစ်အတွင်းက သူရဲကောင်းတွေအ‌ကြောင်းကို တွေးမိလိုက်ရင် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ဘယ်သူက သတ္တိရှိရှိ လုပ်ခဲ့တယ်လို့ တွေးမိတတ်ကြပါသလဲ။

နာဇီဂျာမနီက လက်နက်ချသွားခဲ့လို့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့တာဟာ ၇၅ နှစ် ပြည့်ပါပြီ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ပေးဆပ်ခဲ့တဲ့သူတွေ အကြောင်းကို ပြန်တွေးမိကြရင်လည်း အမျိုးသမီးတွေထက် အမျိုးသား အကြောင်းတွေကို ပိုတွေးမိကြမှာပါ။

ဒါကြောင့် အဲဒီ ၇၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ် အမျိုးသမီးသူရဲကောင်း ၈ယောက် အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

သူတို့တွေထဲမှာ နာမည်ကြီး စပိုင်မင်းသမီး၊ လက်ဖြောင့် သေနတ်သမား Lady Death တို့လို အမျိုးသမီးတွေ အပါအဝင် တရုတ်နဲ့ မြန်မာပြည်က အမျိုးသမီး နှစ်ယောက်အကြောင်းကိုပါ တင်ဆက်သွားမှာပါ။

သေမင်းကို အပြုံးမပျက် ရင်ဆိုင်သူ

ဒုတိယကမ္ဘာစစ်ကြိုကာလ တရုတ်နိုင်ငံထဲကို ဂျပန်တွေ ဝင်သိမ်းခဲ့တဲ့အချိန် ၁၉၃၇ ခုနှစ် မှာ ချန်ဘန်ဟွာဟာ ဒေသတွင်းက တော်လှန်ရေးလှုပ်ရှားမှုတခုကို ဦးဆောင်နေခဲ့သူတ‌ယောက်ပါ။

အဲ့ဒီလှုပ်ရှားမှုကြောင့် ဂျပန်တွေက သူ့ကိုဖမ်းမိသွားလို့ ထောင်ထဲကို ပို့ခံခဲ့ရပါတယ်။ နောက်တော့ ဂျပန်တွေက သူ့ကို လှံစွပ်နဲ့ ထိုးသတ်ခဲ့ကြပါတယ်။

လှံစွပ်နဲ့ ထိုးသတ်မခံရခင် အချိန်ပိုင်းကလေးကို ဂျပန်ဓာတ်ပုံဆရာတယောက်က ဓာတ်ပုံရိုက်ထားခဲ့ပါတယ်။

အဲ့ဒီပုံထဲမှာ သေမှာ မကြောက်တဲ့ပုံစံနဲ့ လက်ပိုက်ပြီး အပြုံးမပျက် ကင်မရာကို စိုက်ကြည့်နေတဲ့ သူ့ဟန်ပန်က အကြောက်အရွံ့ကင်းတဲ့ တော်လှန်ရေးသမား တစ်ယောက်ရဲ့ ပုံရိပ်ဖြစ်လာပါတယ်။

သူ့ကိုဖမ်းလာတဲ့ ဂျပန်တွေရဲ့ အုပ်စုလိုက် မုဒိမ်းကျင့်တာကိုလည်း သူခံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ရန်သူတွေရှေ့မှာ သေမှာကြောက်တဲ့ပုံစံ လုံးဝမပြဘဲ သေမင်းကို အပြုံးမပျက် ရင်ဆိုင်သွားခဲ့တဲ့သူပါ။

သေခါနီးအချိန်မှာ အေးအေးဆေးဆေး ဓါတ်ပုံအရိုက်ခံခဲ့တဲ့ သူ့ပုံစံတူ ၅ မီတာအမြင့် ရုပ်တုတခုကို တရုတ်အမျိုးသား၊ အမျိုးသမီး နဲ့ကလေး ၃သိန်းနီးပါး အစုလိုက်အပြုံလိုက် ဂျပန်တွေသတ်ဖြတ်တာခံ ခဲ့ရတဲ့ နန်ကင်းမြို့မှာ အထိမ်းအမှတ်လုပ် စိုက်ထူထားခဲ့ပါတယ်။

၁၉၃၈ ခုနှစ် သူအသတ်ခံခဲ့ရတဲ့ အချိန်က သူ့ အသက်၂၄နှစ် ပါ။ အဲ့ဒီအချိန်က ဥရောပမှာ စစ်ဖြစ်ဖို့ တနှစ်လိုနေသေးသလို တရုတ်ပြည်မှာတော့ စစ်ဖြစ်နေတာ တနှစ်ရှိသွားပါပြီ။

စပိုင်မင်းသမီး နော်အင်အာယတ်ခန်း

အိန္ဒိယ မင်းသမီးတပါး ဖြစ်သလို ဗြိတိသျှစပိုင်တယောက်လည်းဖြစ်တဲ့ နော်အင်အာယတ်ခန်းဟာ ၁၈ရာစုတုန်းက မီဇိုရီဒေသကို အုပ်စိုးခဲ့တဲ့ မွတ်ဆလင် ပသီဘုရင် တီပူကနေ တိုက်ရိုက် ဆင်းသက်လာခဲ့သူတယောက်ပါ။

အဖေ အိန္ဒိယ၊ အမေ အမေရိကန်တို့ကနေ မော်စကိုမှာ သူ့ကို မွေးခဲ့တာပါ။

ပြင်သစ်မှာ ပညာသင်ခဲ့တဲ့ အတွေ့ အကြုံနဲ့ သူ့ရဲ့ ဘာသာစကား ကျွမ်းကျင်မှုတွေကြောင့် ဗြိတိသျှ အထူးစစ်ဆင်ရေးအဖွဲ့ SOE ရဲ့ သူလျှိုတယောက်အဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

SOE သူလျှိုတယောက် အနေနဲ့ အခြားသူတွေလိုပဲ ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်းမှာ ပြင်သစ်နိုင်ငံထဲကို လေထီးနဲ့ဆင်း၊ နာဇီအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်တဲ့အနေနဲ့ အဖျက်အမှောင့်လုပ်ငန်းတွေလုပ်၊ ပြင်သစ်တော်လှန်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်လုပ်ပြီး ဂျာမနီတပ်တွေရဲ့ လှုပ်ရှားမှု သတင်းတွေကို ထောက်လှမ်းပေးတာတွေ လုပ်ခဲ့ပါတယ်။

ရေဒီယို အော်ပရေတာတယောက်အဖြစ် လုပ်ခဲ့တဲ့ အင်အာယတ်ခန်းဟာ လုံခြုံရေးအရ နေရာမကြာ ခဏပြောင်းရွှေ့တာတွေ လုပ်ခဲ့ရပါတယ်။

ဒါပေမယ့် တနေ့ မှာတော့ နာဇီ ထောက်လှမ်းရေးတွေက သူ့ကိုဖမ်းမိသွားပြီး ညှင်းပန်းနှိပ်စက် စစ်ဆေးတာတွေခံခဲ့ရပါတယ်။

အဖမ်းခံနေရတဲ့အချိန်မှာ အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး ပြန်အဖမ်းခံရတဲ့ အကြိမ်တိုင်းမှာလည်း ပိုနှိပ်စက်ခံခဲ့ရပါတယ်။

ဒါပေမယ့် သူသိထားတာတွေကိုတော့ ဂျာမန်တွေကို ဘာမှ ထုတ်မပြောခဲ့ပုံ မရပါဘူး။

အချင်းချင်းဆက်သွယ်ဖို့ ပေးထားတဲ့ မက်ဒလင်းဆိုတဲ့ နာမည်ကလွဲလို့ သူ့နာမည်အရင်းနဲ့ သူဟာ အိန္ဒိယနွယ်ဖွားတယောက် ဖြစ်တယ်ဆိုတာကိုတောင် ဂျာမန်တွေ သိမသွားခဲ့ကြပါဘူး။

၁၉၄၄ စက်တင်ဘာ ၁၃ ရက် မှာ သူနဲ့ တခြား SOE ထောက်လှမ်းရေး အမျိုးသမီး၃ယောက် ဂျာမနီက Dachau ဒါကောက် စစ်အကျဉ်းစခန်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။

သူ့ရဲ့ ရဲရင့်တဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ လန်ဒန်မြို့က ဂေါ်ဒန်စကွဲပန်းခြံထဲမှာ သူ့ရုပ်တုတခုကို အထိမ်းအမှတ်လုပ် စိုက်ထူထားပါတယ်။

"နော်အင်အာယတ်ခန်းကို ဒီနေ့ထိ လူတွေ အထင်ကြီးလေးစားနေတာက သူ့ရဲ့ သတ္တိရှိမှု ရဲရင့်မှုကြောင့်တင် မဟုတ်ဘူး သူ့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့်လည်း ပါတယ်"လို့ သူ့ အတ္ထုပ္ပတ္တိရေးသူ ရှရာဘာနီဘာဆူက ဘီဘီစီကို ပြောပါတယ်။

သေမင်းတမန် လက်ဖြောင့်သေနတ်သမား

လူမီလာ ပက်ဗလီရှန်ကိုဟာ သမိုင်းမှာ ကြောက်စရာ အကောင်းဆုံး လက်ဖြောင့်သေနတ်သမားတွေထဲက တယောက်ပါ။

၁၉၄၁ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုကို နာဇီတွေ ကျူးကျော်ခဲ့ချိန်တုန်းက သူသုတ်သင်ခဲ့တဲ့ ဂျာမန်စစ်သား ၃၀၉ ယောက် တောင် ရှိခဲ့ပါတယ်။

သူ သုတ်သင်သတ်ဖြတ်ခဲ့သူတွေထဲမှာ ရန်သူဘက်က လက်ဖြောင့်သေနတ်သမားတွေ ဒါဇင်နဲ့ချီ ပါခဲ့ပါတယ်။

ဆီဗာ့စတာပိုလ်မြို့နဲ့ အိုဒက်ဆာမြို့တွေ အဝိုင်းခံရတဲ့ကာလမှာ သူ့သေနတ်စွမ်းကြောင့် သေမင်းတမန် အမျိုးသမီး Lady Death လို့ နာမည်တွင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မော်တာကျည်ထိ ဒဏ်ရာရခဲ့လို့ ရှေ့တန်းကနေ နောက်တန်းကို ပြန်လာခဲ့ရပြီး တပ်နီတော်ရဲ့ နာမည်ကြီး တစ်ယောက် ဖြစ်လာပါတယ်။

ကမ္ဘာအနှံ့ကို ခရီးထွက်၊ အမေရိကန် သမ္မတ ဖရန်ကလင် ဒီရုစဗဲ့နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဆိုဗီယက် သူရဲကောင်းပုံရိပ် သမိုင်းက ဖျောက်ထားခံခဲ့ရပါတယ်။

"ဆိုဗီယက်ရဲ့ ဒုတိယကမ္ဘာစစ်အကြောင်းမှာ ရဲစွမ်းသတ္တိ ရှိတဲ့ အမျိုးသား စစ်သည်တွေကိုပဲ ဗဟိုပြုပြီး ပြောခဲ့ကြတယ်။ ဇာတ်လမ်းထဲမှာ အမျိုးသမီးတွေအကြောင်း မပါတော့ဘူးလို့" ကျားမတန်းတူရေး တက်ကြွလှုပ်ရှားသူ အီရီနာ ဆလာဗင်စကာက ဘီဘီစီကို ပြောပါတယ်။

ကြွက်ဖြူလေးလို လှည့်ပတ်တတ်သူ

နန်စီ ဝိတ်ခ်ကို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးသမားတယောက်လို့ သိကြသလို အရက်ကို အတောမသတ်အောင် သောက်နိုင်သူအဖြစ်လည်း သိခဲ့ကြပါတယ်။

နယူးဇီလန်မှာမွေးပြီး ဩစတြေးလျမှာ ကြီးပြင်းခဲ့တဲ့သူပါ။ အသက် ၁၆ နှစ်မှာ ကျောင်းထွက်ပြီး နောက်ပိုင်း ပြင်သစ်မှာ စာနယ်ဇင်းသမား အလုပ်ကို စဝင်လုပ်ခဲ့ပါတယ်။

စက်မှုလုပ်ငန်းရှင် ဟန်နရီ ဖီအိုကာနဲ့ လက်ထပ်ခဲ့ပြီး ပြင်သစ်ကို ဂျာမန်တွေ ဝင်သိမ်းပိုက်ချိန်မှာ မာဆေးမြို့မှာ သူ နေနေပါတယ်။

၁၉၄၂ခုနှစ်မှာ သူ့အချိတ်အဆက်တွေက ဂျာမန်တွေဆီမှာ သစ္စာဖောက်သွားလို့ စပိန်ကတဆင့် ဗြိတိန်ကို ထွက်ပြေးခဲ့ရပါတယ်။

သူ့ယောက်ျားကတော့ အဖမ်းခံခဲ့ရပြီး နာဇီတွေရဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာ ခံခဲ့ရပါတယ် ။

နောက်ပိုင်းမှာ ဝိတ်ခ်ဟာ ပြင်သစ်ကို လေထီးနဲ့ပြန်ဆင်းလာခဲ့ပြီး ဗြိတိသျှ အထူးစစ်ဆင်ရေးအဖွဲ့ SOE အတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။

ဂျာမန်ကင်းသမားတယောက်ကို သူသတ်ခဲ့ပုံကို ၁၉၉ဝ နှစ်တွေတုန်းက အင်တာဗျူးတခုထဲမှာ ပြန်ပြောပြခဲ့ပါတယ်။

" SOE ကသင်ပေးတဲ့လိုက်တဲ့ ဂျူဒို လက်စောင်းခုတ်နည်းကို အဲ့ဒီမှာသုံးလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီတကြိမ်ပဲ သုံးခဲ့တာပါ။ "

တိုက်ပွဲမှာသုံးတဲ့ ရေဒီယို သင်္ကေတဝှက်စာတွေ ပျောက်သွားခဲ့တော့လည်း ပြန် အစားထိုးဖို့ ရန်သူနယ်မြေတွေကိုဖြတ်၊ အဝေးကြီး စက်ဘီးနင်းပြီး လိုလိုလားလား သွားယူပေးခဲ့ပါတယ်။

အဝတ်အစားတွေ လှလှပပဝတ် ဂျာမန်စစ်သားတွေနဲ့ တွဲပြီး သတင်းတွေလည်း ယူပေးခဲ့ပါတယ်။

"ပေါင်ဒါ နည်းနည်းပါးပါးတို့၊ အရက်အရှိန်လေးနဲ့ သူတို့ ကင်းစခန်းတွေကို ဖြတ်သွားတဲ့အချိန်ဆိုရင် မျက်စိမှိတ်ပြပြီး ရှင်တို့ ကျွန်မကို ရှာချင်လို့လားလို့ မေးလိုက်တယ်။ ဘုရားရေ၊ ကျွန်မက အဲဒီလိုတောင် ပရောပရည်တွေ ပြောတတ်ခဲ့တာ " လို့ ဩစတြေးလျ သတင်းစာကို သူက ပြောခဲ့ပါတယ်။

ဂျာမန်တွေ လက်ထဲ အမိမခံရဘဲ သွားလိုရာသွားနိုင်တဲ့ သူ့အစွမ်းကြောင့် သူ့ကို ကြွက်ဖြူလို့ ခေါ်ခဲ့ကြတာပါ။ သူဟာ ၂၀၁၁ ဩဂုတ် အသက် ၉၈ နှစ် မှာ လန်ဒန်မှာ သေဆုံးခဲ့ပါတယ်။

သတင်းထောက်၊ စပိုင်၊ နိုင်ငံရေးသမား

ယန်း ဗီယယ်လ်ကို ကွန်ဂိုမှာ မွေးခဲ့ပေမယ့် ကလေးဘဝကတည်းက ပြင်သစ်က ပဲရစ်မြို့ကို ပြောင်းလာခဲ့တဲ့သူပါ။

စစ်ဖြစ်ချိန်မှာ သူက ဂျာနယ်လစ် တယောက်ပါ။

ပြင်သစ် ဗီးရှီ ရုပ်သေးအစိုးရ အုပ်စိုးနေတဲ့အချိန် တောင်ပိုင်းမှာ ပြင်သစ်တော်လှန်ရေးအတွက် အထူးလျှို့ဝှက်ထောက် လှမ်းရေးသမား တယောက် ဖြစ်လာပါတယ်။

နာဇီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်းသတင်းယူပေးခဲ့ပြီး မဟာမိတ်တပ်တွေဆီကို သူရတဲ့ သတင်းတွေ ပို့ပေးခဲ့ပါတယ်။

၁၉၄၃ ခုနှစ်မှာတော့ ရန်သူက သူ့ကို ဖမ်းမိသွားခဲ့ပြီး သစ္စာဖောက်မှုနဲ့ ရုံးတင်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့လျှို့ဝှက် အချက်အလက်တွေကို စကားဝှက်တွေနဲ့ သေသေချာချာ သိမ်းထားခဲ့လို့ သူ့အကြောင်း ဘာလဲဆိုတာ ဖော်လို့ မရခဲ့ကြပါဘူး။

ဗီယယ်လ်ကို နိုင်ငံရေး အကျဉ်းသားတွေ ထားတဲ့ စခန်းကို အရင်ဆုံးပို့ခဲ့ပြီး နောက်တော့ မာဆေးက အမျိုးသမီးထောင်ကို ထပ်ပြောင်းခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးနောက်ပိုင်း ၁၉၄၇ မှာတော့ ပြင်သစ် ဆီးနိတ်အမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။

ဟောလိဝုဒ်က စွဲမက်ဖွယ်

ဩစတြီးယားမှာမွေးပြီး ဟောလိဝုဒ်မှာ နာမည်ကျော်သရုပ်ဆောင်တယောက် ဖြစ်လာတဲ့ ဟိုင်ဒီ လမ်မားဟာ အိမ်ထောင် ၆ ဆက် ကျခဲ့သူ ဖြစ်ပါတယ်။

သူ့အကြောင်း ဒီမှာ ပြောချင်တာကတော့ သူ့ရဲ့ရုပ်ရှင်လောက ဖြတ်သန်းမှု မဟုတ်ပါဘူး။

စစ်အတွင်းမှာ သူရဲကောင်းတယောက်အနေနဲ့ သူလုပ်ခဲ့တာကို ပြောပြမှာပါ။

နာမည်ရင်းက ဟက်ဒ်ဝစ် အီဗာ မာရီယာ ကီစလာ ဖြစ်ပြီး သူ့ကို ဗီယာနာမြို့က ဂျူးမိသားစု တစုက မွေးခဲ့တာပါ။

သူ့ ပထမဆုံး အိမ်ထောင်ဘက်က လက်နက်အရောင်းအဝယ်လုပ်တဲ့ စက်မှုလုပ်ငန်းရှင်တယောက်ပါ။

မျက်နှာသစ် မင်းသမီးကလေးပဲ ဖြစ်သေးတော့ သူ့အလုပ်ကို ယောက်ျားက မကြိုက်ပါဘူး။ ပြီးတော့ နာဇီတွေ အပါအဝင် သူ့ရဲ့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကို ဧည့်ခံဖျော်ဖြေ ခိုင်းတာတွေ သူ့ယောက်ျားက သူ့ကိုလုပ် ခိုင်းခဲ့ပါတယ်။

နောက်တော့ လမ်မား ပြင်သစ်ကိုထွက်ပြေးခဲ့ပြီး အဲ့ဒီကနေ လန်ဒန်ကို ရောက်ခဲ့ပါတယ်။

လန်ဒန်မှာ MGM ရုပ်ရှင်စတူဒီယိုတွေရဲ့ အကြီးအကဲ နာမည်ကြီး လူးဝစ်ဘီမေယာ နဲ့တွေ့ ခဲ့တာပါ။

နောက်ပိုင်းမှာ ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် မြှောက်စားခံခဲ့ရသလို ရုပ်ရှင်ကား ၃၀ ကျော်မှာ လည်း သရုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် အခု သူရဲကောင်း အမျိုးသမီး၈ ယောက် စာရင်းထဲမှာ သူပါလာတာက တီထွင်သူတယောက်အနေနဲ့ လုပ်ကိုင်ခဲ့တာ‌ကြောင့်ပါ။

မဟာမိတ်တွေရဲ့ တော်ပီဒို သင်္ဘောဖျက်ဒုံးတွေအတွက် လမ်းကြောင်းရှာတဲ့ စနစ်ကို လမ်မား တီထွင်ခဲ့တာပါ။ ရန်သူတွေက ကြားဖြတ် ရေဒီယိုလှိုင်းတွေနဲ့ ဒုံးလမ်းကြောင်း ပြောင်းပစ်မှာကို ကျော်လွှားပြီး သွားနိုင်တဲ့ စနစ်ပါ။

အမေရိကန် ရေတပ်ကတော့ သူ့ရဲ့တီထွင်မှုကို မသုံးခဲ့ပါဘူး။

ဒါပေမယ့် သူစွန့်ဦးတီထွင်ခဲ့တဲ့ အခြေခံသဘောတရားတွေကို ဒီနေ့ခေတ် ဘလူးတု နဲ့ဝိုင်ဖိုင် နည်းပညာတွေမှာ တွေ့နိုင်ပါတယ်။

အဆိပ်ပုလင်းနဲ့ဓားဆောင်ထားသူ

ဒေါ်မြရီရဲ့ လှုပ်ရှားတိုက်ပွဲဝင်မှုတွေက ဂျပန်တွေ မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်မှာ မသိမ်းပိုက်ခင်ကတည်းက စခဲ့တာပါ။

မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ထိပ်ဆုံးက တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ပြီး ဗြိတိသျှ ကိုလိုနီ အစိုးရကိုလည်း ဆန့်ကျင်ခဲ့သူတယောက် ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ ဂျပန်ကိုတိုက်ဖို့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

ပြီးတော့ သူ့ကိုယ်သူ ကာကွယ်ဖို့လည်း ဓားမြှောင် တချောင်း၊ အဆိပ်တပုလင်း အမြဲဆောင်ထားသူ ဖြစ်ပါတယ်။

၁၉၄၄ ကို ရောက်တော့ ဂျပန်တွေကို ဆက်တိုက်ဖို့ အိန္ဒိယမှာရှိတဲ့ ဗြိတိသျှတပ်တွေ ထိန်းချုပ်ထားတဲ့ တောင်တန်းဒေသတွေဆီကို ရန်သူနယ်မြေကို ဖြတ်ပြီး ခြေကျင်ခရီး နှင်ခဲ့ပါတယ်။

လမ်းမှာ ဒဏ်ရာတွေကို လုံချည်ကို စုတ်ဖြဲပြီး ပတ်တီးလုပ်ပတ်၊ ပြီးတော့ သူ့ကို သယ်ပိုးပေးမယ်ဆိုတဲ့ အမျိုးသားတွေရဲ့ အကူအညီတွေကို မယူခဲ့ဘဲ သွားခဲ့သူပါ။

အိန္ဒိယကိုရောက်တော့ ဂျပန်တွေက လူတွေကို ဘယ်လို ဆိုးဆိုးရွားရွားတွေ လုပ်တဲ့အ‌ကြောင်းတွေ ရေးထားတဲ့ လက်ကမ်းစာစောင်တွေ မြန်မာနိုင်ငံထဲ ကျဲချပေးတဲ့ အလုပ်ထဲမှာ သူဝင်လုပ်ခဲ့ပါတယ်။

ပထမကလေး မွေးပြီးသွားရင် သူ့ယောက်ျားနဲ့အတူ မြန်မာပြည် ပြန်မယ်လို့ စီစဉ်ထားပေမယ့် စစ်ကြီးပြီးတဲ့ အချိန် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ရောက်မှပဲ ပြန်ဖြစ်ခဲ့ပါတယ်။

မြန်မာပြည် ပြန်ရောက်တော့လည်း လွတ်လပ်ရေးအတွက် တိုက်ပွဲဆက်ဝင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း မြန်မာပြည်က စစ်အစိုးရဆန့်ကျင်ရေးမှာ ပါဝင်ရပ်တည်ခဲ့ပါတယ်။

အင်ဒိုနီးရှားက ခြင်္သေ့မ

ရာဆူနာ ဆာအိဒ်ဟာ စစ်ကာလအတွင်းမှာ ဟန်ပြအနေနဲ့ ဝင်ရိုးတန်းအဖွဲ့ နိုင်ငံတွေဘက်မှာ ရပ်တည်ခဲ့တာကြောင့် သူ့အကြောင်းက တခြားသူတွေ နဲ့မတူဘဲ ကွဲထွက်နေမှာပါ။

သူဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ အရေးပါသူတယောက် ဖြစ်ခဲ့ပါတယ်။

သူ ရန်သူလို့ သတ်မှတ်ထားသူတွေက အင်ဒိုနီးရှားကို ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်ထားတဲ့ဒတ်ချ် တွေ ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူဖြစ်ခဲ့ပြီး သူအသက် ၂၀ ကျော်စ မှာ အင်ဒိုနီးရှား မွတ်ဆလင် အစည်းအရုံး နိုင်ငံရေးပါတီ PERMI ကို တည်ထောင်ခဲ့ပါတယ်။

နိုင်ငံရေး မိန့်ခွန်းတွေကို တက်တက်ကြွကြွ ဟောခဲ့သူဖြစ်ပြီး ဒတ်ချ် ကိုလိုနီ အစိုးရ အာဏာပိုင်တွေကို မိန့်ခွန်းထဲမှာ စိန်ခေါ်ပြောဆိုတာတွေကြောင့် ခြင်္သေ့မလို့ နာမည်တွင်ခဲ့တဲ့ အကြောင်း သူ့ရဲ့ကိုယ်ရေး အတ္ထုပ္ပတ္တိ တခုမှာ တွေ့ရပါတယ်။

ဒတ်ချ် အာဏာပိုင်တွေဘက်က သူ့မိန့်ခွန်းတွေကို မကြာခဏ တားဆီးပိတ်ပင်ခဲ့ပြီး ‌တစ်ကြိမ်မှာတော့ ထောင် ၁၄ လ ချခံခဲ့ရပါတယ်။

၁၉၄၂ မှာ ဂျပန်တွေ အင်ဒိုနီးရှားကို ဝင်သိမ်းပိုက်ခဲ့အပြီးမှာ ဆာအိဒ်ဟာ ဂျပန်ကို ထောက်ခံတဲ့ အဖွဲ့တခုထဲကို ဝင်ခဲ့ပေမယ့် အဲ့ဒါကို အကာအကွယ်ယူပြီး လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ဆက်လုပ်ခဲ့ ပါတယ်။

ဂျပန်တွေ စစ်ရှုံးပြီးသွားလို့ ဒတ်ချ်တွေ ပြန်ရောက်လာပြီး ဗြိတိသျှ အကူအညီနဲ့ အာဏာစိုးမိုးရေး ဆက်လုပ်ဖို့ ကြိုးစားချိန်မှာတော့ ပြင်းထန်တဲ့ လေးနှစ်ကြာ ပဋိပက္ခတွေ စဖြစ်လာခဲ့ပါတယ်။

၁၉၄၉ မှာတော့ ဒတ်ချ်က အင်ဒိုနီးရှားကို လွတ်လပ်ရေး ပေးခဲ့ရပါတယ်။

သူ့ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုတွေကို အသိမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာက လမ်းမကြီးတခု နာမည်ကို ရာဆူနာ ဆာအိဒ်လမ်းလို့ပေးခဲ့ကြပါတယ်။

ကျားမတန်းတူညီညွတ်ရေးနဲ့ အမျိုးသမီးတွေ ပညာတတ်ရေးကို ဦးဆောင်ခဲ့တဲ့ ဆာအိဒ်လည်း နိုင်ငံ့ သူရဲကောင်းအဖြစ် ရှားရှားပါးပါး သတ်မှတ်ခံရတဲ့ အင်ဒိုနီးရှား အမျိုးသမီးတွေထဲက တစ်ယောက် ဖြစ်လာပါတယ်။