အမေရိကန်အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲ ထည့်သင့်သလား

အမေရိကန်နိုင်ငံ စစ်တိုက်ရင် အမျိုးသားတွေကိုပဲ မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲ ထည့်ထားတဲ့ကာလ အနှစ် ၄၀ ကျော် ရှိလာချိန်မှာ အမျိုးသမီးတွေပါ တန်းတူ သတ်မှတ်ပြီး စာရင်းသွင်းခံရနိုင်တယ်လို့ ဆိုပေမယ့် အမျိုးသမီးတိုင်းကတော့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်လို့ ဂျိမ်းဂျက်ဖရေက ရေးသားခဲ့ပါတယ်။

အမေရိကန် နိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းနဲ့ ဝန်ထမ်းရေးရာ ကော်မရှင် ဒုဥက္ကဋ္ဌ ဒက်ဘရာ ဝါဒါကလည်း အရည်အချင်းရော စွမ်းအင်ပါ ပြည့်စုံတဲ့ စစ်တပ်ဖြစ်ဖို့ဆိုရင် မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲမှာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အမျိုးသားသာမက အမျိုးသမီးပါ ထည့်ဖို့ အချိန်ကျပါပြီ ဆိုပြီး ပြီးခဲ့တဲ့ မတ်လက ကြေညာခဲ့ပါတယ်။

လောလောဆယ်မှာ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အမေရိကန်နိုင်ငံသား အမျိုးသားတွေသာမက ၊အမေရိကန်နိုင်ငံအတွင်းမှာ အထောက်အထားရှိရော အထောက်အထားမဲ့ပါ နေထိုင်နေသူ ၊အဲဒီ့အသက်အရွယ် အတိုင်းအတာ အတွင်းက အမျိုးသားအားလုံးဟာ လိုအပ်ရင် မဖြစ်မနေ ခေါ်နိုင်တဲ့ စစ်မှုထမ်းစာရင်းထဲ သွင်းထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အမေရိကန်စစ်တပ်အတွင်းက ရာထူးမှန်သမျှကို အမျိုးသမီးတွေကိုပါ လျှောက်ခွင့်ပေးလိုက်ပေမယ့် စစ်ဖြစ်လာရင် မဖြစ်မနေ စာရင်းသွင်းရမယ့် အထဲမှာတော့ အမျိုးသမီးတွေ မပါသေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိ အမျိုးသမီးတွေက အမျိုးသားတွေလို မဖြစ်မနေ စာရင်းသွင်းထားဖို့ မလိုသေးတဲ့ အခြေအနေဟာ လက်ရှိ ခေတ်သစ် အမေရိကန်စစ်တပ်ရဲ့ ပုံရိပ်နဲ့ သဟဇာတ မဖြစ်ပဲ ဖြစ်နေပါတယ်။

အခုလို အမျိုးသမီးတွေပါ လိုအပ်ရင် တာဝန်ထမ်းဆောင်ရမယ့် စစ်မှုထမ်းစာရင်းသွင်းရတော့မယ် ဆိုတာနဲ့ပဲ လူတိုင်းရဲ့ တာဝန်ထမ်းဆောင်မှုကို အမျိုးသမီး အမျိုးသား မခွဲဘဲ တန်းတူ အသိအမှတ်ပြုတဲ့ အဓိပ္ပာယ် သက်ရောက်သွားမယ်လို့လည်း အမျိုးသမီး စစ်မှုထမ်းရေး စာအုပ်ကို ရေးသားနေသူ တက္ကဆက် ခရစ်ယာန် တက္ကသိုလ်က စစ်မှုရေးရာ ပါမောက္ခ ကာရာ ဗူးရစ်က ပြောပါတယ်။

အမေရိကန်စစ်တပ်အတွင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ

အမေရိကန်အမျိုးသမီးတွေအနေနဲ့ ၁၇၇၅ ကစတဲ့ အမေရိကန် လွတ်လပ်ရေးစစ်ပွဲမှာ စစ်ဝတ်စုံတွေ ချုပ်ပေးတဲ့ အခန်းကဏ္ဍကနေ စတင်ပါဝင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဒဏ်ရာရစစ်သားတွေကို ကုသရတဲ့ သူနာပြုတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

လောလောဆယ်မှာ အမေရိကန်စစ်တပ်အတွင်း အမျိုးသမီး ၂၂၄၀ဝ၀ ကျော် တာဝန်ထမ်းဆောင်နေပြီး စုစုပေါင်း အမြဲတမ်း ဝန်ထမ်း ၁.၂ သန်းရဲ့ ၁၇ ရာခိုင်နှုန်း ရှိပါတယ်။

အဲဒီအထဲမှာ ၂၀၁၆ နောက်ပိုင်း အမေရိကန်ရဲ့ စစ်ဆင်နွှဲမှုတွေအတွင်း ပါဝင်တိုက်ခိုက်ရသူ စစ်သမီး အရေအတွက်ကတော့ ၂၉၀ဝ ရှိတယ်လို့ စစ်မှုထမ်းရေးရာ နိုင်ငံတော် ကော်မရှင်က ဆိုပါတယ်။

အဲဒီ ကော်မရှင်အနေနဲ့ အမေရိကန်နိုင်ငံတဝန်း နှစ်နှစ်ကြာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ အမေရိကန် ကွန်ဂရက် အနေနဲ့ လိုအပ်သလို ခေါ်ယူနိုင်တဲ့ စစ်မှုထမ်း ဥပဒေကို အမျိုးသမီးတွေအတွက်ပါ အကျုံးဝင်အောင် ပြင်ဆင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားတွေကိုပဲ မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲ ထည့်စရာ လိုသလား

အမေရိကန်နိုင်ငံမှာ ဗီယက်နမ်စစ်ပွဲနောက်ပိုင်း ဘယ်သူမှ မဖြစ်မနေ စစ်မှုထမ်းဖို့ အခေါ်မခံရတော့တဲ့အပြင် လက်ရှိ ကိုယ့်သဘောနဲ့ကိုယ် စစ်ထဲဝင် အမှုထမ်းသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်စစ်တပ်က အင်အားကောင်းပြီးသား ဖြစ်တာကြောင့် အခုလို တိုက်တွန်းချက်ဟာ အငြင်းပွားစရာလို့ ယူဆစရာ ရှိပါတယ်။

တဖက်မှာလည်း အမေရိကန်လူဦးရေ တိုးနှုန်းက ပြီးခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်း အနည်းဆုံး ဖြစ်နေတဲ့အပြင် အသက်အရွယ်အရ အကျုံးဝင်တဲ့ အမျိုးသားရော အမျိုးသမီးတွေပါ ၁၀ ယောက်မှာ ၇ ယောက်က စစ်ထဲဝင်ဖို့ အရည်အချင်းမမီ တဲ့ ပြဿနာ ရှိနေတယ်လို့ အဲဒီ ကော်မရှင်က ဆိုပါတယ်။

၂၀ဝ၉ ခုနှစ်မှာ အမေရိကန် ကြည်းတပ်နဲ့ ရေတပ်ဗိုလ်ချုပ်ဟောင်းတွေက စစ်ဆင်ရေး အဆင့်သင့်ဖြစ်မှု ဆိုတဲ့ ပရဟိတ အဖွဲ့ဖွဲ့ပြီး လေ့လာခဲ့ရာမှာ အထက်တန်းမအောင်တာ၊ ရာဇဝတ်မှု ကျူးလွန်ဖူးတာနဲ့ အဝလွန်တာ အပါအဝင် ကျန်းမာရေး ကြံ့ခိုင်မှု မရှိတာတွေက စစ်ထဲဝင်ဖို့ အဓိကအတားအဆီးဖြစ်စေတဲ့ အခြေအနေတွေ ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

အမေရိကန် မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က စစ်ရေး၊ ကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သမိုင်း ပါမောက္ခ ရစ်ချတ်ကုံးကတော့ အမေရိကန်နိုင်ငံအနေနဲ့ လူဦးရေ တစ်ဝက်ဖြစ်တဲ့ အမျိုးသမီးတွေကို မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲ ထည့်မထားဘူးဆိုရင် ပထမတန်း စစ်တပ်ဖြစ်ဖို့ ခဲယဉ်းမယ်လို့ ဆိုပါတယ်။

မဖြစ်မနေ စစ်မှုထမ်းခြင်း ဆိုင်ရာ ဥပဒေနောက်ကြောင်း

အမေရိကန်နိုင်ငံမှာ အစိုးရက မဖြစ်မနေ စစ်မှုထမ်းဖို့ ခေါ်တဲ့ အကြိမ် ၅ ကြိမ်ရှိခဲ့ပြီး အမေရိကန် လွတ်လပ်ရေး စစ်ပွဲ၊ အမေရိကန် ပြည်တွင်းစစ်၊ ပထမနဲ့ ဒုတိယ ကမ္ဘာစစ်တို့နဲ့ စစ်အေးတိုက်ပွဲကာလ (ကိုရီးယားနဲ့ ဗီယက်နမ်စစ်ပွဲအပါအဝင်) တို့ပဲ ဖြစ်ပါတယ်။

လက်ရှိ အမေရိကန်မှာ မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲသွင်းရတဲ့ ဥပဒေကတော့ ၁၉၄၀ စက်တင်ဘာလမှာ ပထမဆုံး စတင် ထွက်ပေါ်ခဲ့ပြီး အဲဒီ ဘာ့က်-ဝက်ဒ်စ်ဝေါ့သ် ဥပဒေဟာ အမေရိကန်စစ်တပ်ကို ကိုယ့်သဘောနဲ့ကိုယ် ဝင်နိုင်တဲ့ အသွင်ပြောင်းတဲ့ ၁၉၇၃ အထိ အတည်ဖြစ်ခဲ့ပါတယ်။

အမေရိကန်အမျိုးသားတွေ အနေနဲ့ ၁၉၇၅ကနေ ၁၉၈၀ အတွင်း လက်ရှိကာလလို စစ်မှုထမ်းစာရင်းထဲ သွင်းထားစရာမလိုခဲ့ဘဲ အဲဒီနောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုက အာဖဂန်နစ္စတန်ကို ကျူးကျော်တဲ့ အချိန်မှာတော့ အဲဒီအချိန်က အမေရိကန်သမ္မတ ဂျင်မီကာတာက အဲဒီ စာရင်းသွင်းရတဲ့ ဥပဒေကို ပြန်လည် အသက်ဝင်စေခဲ့ပါတယ်။

မစ္စတာ ကာတာဟာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းစာရင်းသွင်းစေဖို့ ကွန်ဂရက်ကို တိုက်တွန်းခဲ့ပေမယ့် ပယ်ချခံရပြီး ၁၉၈၁ မှာတော့ အမေရိကန်တရားရုံးချုပ်က အမျိုးသားတွေသာ မဖြစ်မနေ စစ်မှုထမ်း စာရင်းသွင်းရတဲ့ ဥပဒေကိုပဲ ဆက်လက် အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ အငြင်းပွားမှုတွေက နောက်ပိုင်း ဆယ်စုနှစ်တွေမှာ တရားရုံးတွေအတွင်း ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

၂၀၁၉ မှာတော့ ယခင်က အမျိုးသမီးတွေ မပါဝင်ရတာ တရား မျှတနိုင်ပေမယ့် လက်ရှိ အမေရိကန် အမျိုးသား အမျိုးသမီးတွေ တန်းတူ စစ်တိုက်နိုင်ပြီ ဖြစ်တဲ့အတွက် အမျိုးသားသီးသန့် စစ်မှုထမ်းခေါ်ယူတဲ့ ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး တက္ကဆက်ပြည်နယ် ခရိုင်တရားသူကြီးတဦးက အမိန့်ချမှတ်ခဲ့ပါတယ်။

နယူးဂျာဆီပြည်နယ်မှာဆိုရင်လည်း ၂၁ နှစ်အရွယ် အမျိုးသမီးတဦးက မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲသွင်းဖို့ နှစ်ကြိမ် ကြိုးစားပြီး မအောင်မြင်လို့ တရားရုံးမှာ တိုင်ကြားတဲ့ အမှုတခုကို ခရိုင်တရားသူကြီးတဦးက လက်ခံ စဉ်းစားပေးနေပါတယ်။

အမေရိကန်ပြည်သူတွေကြားမှာ ဆိုရင်တော့ အမျိုးသမီးတွေ စစ်တိုက်ရတာကို အများစုက ထောက်ခံကြပေမယ့်၊ အမျိုးသမီးတွေကိုပါ မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲသွင်းတဲ့ ကိစ္စမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ နက်နက်ရှိုင်းရှိုင်း ကွဲလွဲနေကြပါတယ်။

၂၀၁၆ ရက်စ်မက်ဆန် အစီအရင်ခံစာ စစ်တမ်းကောက်ယူချက်အရ အမေရိကန် အမျိုးသား ၆၁%အထိ ဒါကို ထောက်ခံပေမယ့် အမေရိကန်အမျိုးသမီး ၃၈%ကသာ မဖြစ်မနေ စစ်မှုထမ်းစာရင်းသွင်းတဲ့ ကိစ္စကို ထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် အများစုကတော့ မဖြစ်မနေ စစ်မှုထမ်းစာရင်းသွင်းတာကို ယေဘုယျအားဖြင့် ထောက်ခံသူနည်းပြီး ၂၉% သာ ထောက်ခံသူ ရှိခဲ့ပါတယ်။

အမျိုးသမီးဝါဒီတွေကြားမှာပါ သဘောထားကွဲလွဲမှု ရှိနေ

အမျိုးသမီးတွေပါ မဖြစ်မနေ စစ်မှုထမ်းစာရင်းသွင်းဖို့ ကိစ္စဟာ အမျိုးသမီးဝါဒီတွေ ကြားမှာပါ အငြင်းအခုံတွေ ဖြစ်စေခဲ့ပါတယ်။

ဒီလို စာရင်းသွင်းစေတာဟာ လူ့အဖွဲ့အစည်းအတွက် ကျား ရော မ ပါ အခွင့်အရေးနဲ့ တာဝန်တန်းတူ ရှိတယ်ဆိုတာ အသိအမှတ်ပြုတာ ဖြစ်တယ်လို့ ယူဆတဲ့ အမျိုးသမီးဝါဒီတွေက ဒါကို ထောက်ခံကြပါတယ်။

ဒါ့အပြင် ဒါဟာ စစ်မှုထမ်းအလုပ်ကို အမျိုးသမီးတွေဘက်က သင့်လျော်တဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် ပိုပြီး ထည့်တွက်လာအောင် လုပ်ပေးနိုင်ချေ ရှိတယ်လို့လည်း ဆိုပါတယ်။

၂၀၁၉ မှာလည်း အမေရိကန် ဒီမိုကရက်တစ် အမျိုးသမီး ကွန်ဂရက်အမတ် အလက်ဇန်းဒရီးရား အိုကာစီယို ကောတက်ဇ်က လိုအပ်လာရင် ကျားမ မခွဲဘဲ မဖြစ်မနေ စစ်မှုထမ်းစာရင်းထဲ ထည့်တာကို ထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် တဖက်မှာတော့ စစ်မှုရေးရာ စနစ်ကြီးတခုလုံးကိုက လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက် ဖြစ်နေတယ်ဆိုပြီး ဒါကို မလိုလားတဲ့ အမျိုးသမီးဝါဒီတွေလည်း ရှိနေပါတယ်။

စစ်ဆိုတာကိုက အမျိုးသမီးဝါဒီတွေ ရပ်တည်စရာ အခြေခံတခု မဟုတ်ပဲ စစ်မှုရေးရာ စနစ်အောက်ကို အောက်ကျို့ ဝင်ရတာကို တန်းတူ သတ်မှတ်စရာ မဖြစ်သင့်ဘူးလို့ ဝါရှင်တန်အခြေစိုက် စစ်နှင့် အမှန်အမှား ခွဲခြားရေးဆိုင်ရာ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားသူ မာရီယာ ဆန်တဲလီက ပြောပါတယ်။

အဲဒီ အဖွဲ့ဟာ စစ်တိုက်ဖို့ လူစုမှု ဆန့်ကျင်ရေးနဲ့ အမှားအမှန်ခွဲခြားပြီး စစ်ပွဲ ဆန့်ကျင်ရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

စာရင်းသွင်းရုံသက်သက်ပါပဲလို့ လူတွေက ဒါကို ကာကွယ်ပြောဆိုကြပေမယ့် တကယ်တမ်း စစ်တိုက်ဖို့ လူစုတာဖြစ်ပြီး ကျဆုံးတဲ့ အလောင်းအိတ်တွေ ပြန်ရောက်လာနိုင်တဲ့ အရှိတရားကို မေ့ထားကြတယ်လို့လည်း မာရီယာ ဆန်တဲလီ က ပြောပါတယ်။

မဖြစ်မနေ စစ်မှုထမ်းခေါ်ယူမှု အပေါ် လူထုလက်ခံမှု အခြေအနေ

လက်ရှိ အကျုံးဝင်တဲ့ အမေရိကန် အမျိုးသားတွေအနေနဲ့ မဖြစ်မနေ စစ်မှုထမ်း စာရင်း မသွင်းမိရင် တက္ကသိုလ် ကျောင်းလခ ချေးငွေမရတာ၊ အစိုးရဝန်ထမ်း အလုပ်လုပ်လို့ မရတဲ့ စည်းကမ်းတွေလည်း ရှိနေပြီး အမျိုးသမီးတွေပါ ဒီလို စည်းကမ်းဘောင်တွေထဲ အကျုံးဝင်လာ နိုင်ပါတယ်။

လောလောဆယ်မှာ အခုလို စာရင်းသွင်းမှုကို အသက်အရွယ်အရ အကျုံးဝင်တဲ့ အမျိုးသားတွေက အွန်လိုင်းက ကျောင်းလခ ချေးငွေ လျှောက်လွှာမှာ အမှန်ခြစ်ပြီး လွယ်လွယ် စာရင်းသွင်းနိုင်ပါတယ်။

ဒါပေမယ့် စစ်မှုထမ်းရေးဆိုင်ရာ ကော်မရှင်ကတော့ ဒီစာရင်းသွင်းမှုရဲ့ အကျိုးဆက်ကို ပိုပြီး ပွင့်ပွင့်လင်းလင်း ဖော်ပြလာပြီး နောက်ပိုင်းမှာ ဒီစာရင်းသွင်းမှုကို စနစ်တကျ တရားဝင်ပုံစံဖြစ်အောင် လုပ်မယ်လို့လည်း ပြောဆိုထားပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဗီယက်နမ်စစ်ပွဲအတွက် မဖြစ်မနေ စစ်မှုထမ်း ခေါ်ယူခဲ့တဲ့ အချိန်တုန်းက မျှတမှု မရှိတဲ့အတွက် ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာကို သတိပြုသင့်တယ်လို့ ဆိုပါတယ်။

ခေတ်သစ် လူငယ်တွေအနေနဲ့ အခုလို မဖြစ်မနေ စစ်မှုထမ်းခေါ်ယူမှုကို အလေးမထား မစာနာကြဘူးလို့ ထင်စရာရှိပေမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို စစ်သွေးကြွဆန်ဆန် တုံ့ပြန်လှုပ်ရှားမှုတွေ လုပ်တဲ့ အခုခေတ်မှာ တကယ်တမ်း အဲဒီ ဥပဒေ အတည်ဖြစ်လာရင် အလားတူ တုံ့ပြန်လှုပ်ရှားလာနိုင်တယ်လို့ မက် မေရာက ဆိုပါတယ်။

မက် မေရာ ဟာ ၁၉၇၉ မှာ သူ့ရဲ့ စစ်မှုထမ်းစာရင်းသွင်းတဲ့ ကတ်ပြားကို မီးရှို့ပြတဲ့ ဓါတ်ပုံနဲ့အတူ ရိုးလင်းစတုံး မဂ္ဂဇင်းမှာ ဖော်ပြခံရသူလည်း ဖြစ်ပါတယ်။

သူဟာ စစ်ဆန့်ကျင်ရေး အဖွဲ့ချုပ် ဥက္ကဌဟောင်း တဦးဖြစ်ပြီး အဲဒီ အဖွဲ့ဟာ ၁၉၈၀ နောက်ပိုင်းမှာ စစ်မှုထမ်း စာရင်းမသွင်းရေး လှုပ်ရှားမှုမှာ စတင် လူသိများလာခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

တက္ကဆက် ခရစ်ယာန် တက္ကသိုလ်က ပါမောက္ခ ဗူးအစ်ကတော့ လူတွေ အမြောက်အများကို စစ်မှုထမ်းဖို့ ခေါ်ယူတာမျိုးက အခုခေတ်မှာ တွေးကြည့်လို့ မရပေမယ့် ကွန်ပြူတာ ဆိုင်ဘာ၊ ဆေးပညာ စတဲ့ အထူးပြု ကျွမ်းကျင်သူတွေကို စစ်တပ်အတွက် ခေါ်ယူတာမျိုးတော့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် လက်ရှိ ကိုဗစ်-၁၉ အခြေအနေကြောင့် လူတွေ သီးခြားခွဲနေရတဲ့ အချိန်မှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ခေါ်ယူခိုင်းစေရတာမျိုး ရှိနေပြီး ဒီအချိန်မှာ ဆိုင်ဘာတိုက်ခိုက်မှု ဖြစ်လာမယ်ဆိုရင်လည်း သက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို မဖြစ်မနေ အမှုထမ်းဖို့ ခေါ်ယူရတာမျိုး ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

မက် မေရာ ကတော့ လက်ရှိ ကိုဗစ်-၁၉ အခြေအနေကြောင့် အစိုးရနဲ့ လူ့အဖွဲ့အစည်းအကြား ဆက်သွယ်မှုကို နားလည်ပုံ ပြောင်းလာနိုင်ပြီး ဒီဆက်သွယ်မှုက အပြည့်အဝ မလုပ်မဖြစ်ဘူးလို့ နားလည်လာတဲ့ မျိုးဆက်သစ်တွေက အခုလို ကျားမ မခွဲဘဲ မဖြစ်မနေ စစ်မှုထမ်းဖို့ စာရင်းသွင်းတာမျိုးကို ဆန့်ကျင်လာကြလိမ့်မယ်လို့ ဆိုပါတယ်။