နိုဘယ်လ်ငြိမ်းချမ်းရေးဆု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ရရှိ

၂၀၂၀ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အစားအစာ ဆာလောင်မွတ်သိပ်မှုကို တိုက်ဖျက်ပေးနေတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ရရှိခဲ့ပါတယ်။

ပဋိပက္ခနဲ့ စစ်ပွဲအတွင်း ဆာလောင်မွတ်သိပ်မှုကို လက်နက်သဖွယ် အသုံးပြုလာတာကို ကာကွယ်တားဆီးဖို့အတွက် WFP အဖွဲ့ကြီးက စွမ်းစွမ်းတမံ အားထုတ် ကြိုးပမ်းခဲ့တယ်လို့ နော်ဝေးအခြေစိုက် နိုဘယ်လ်ကော်မတီအဖွဲ့က ပြောပါတယ်။

ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဆုကြေးငွေအဖြစ် ဒေါ်လာ ၁.၁ သန်း ရရှိမှာဖြစ်ပါတယ်။

၁၀၁ ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်ကို နော်ဝေးနိုင်ငံ အော်စလိုမြို့က နိုဘယ်လ် အဖွဲ့အစည်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီဆု ရရှိခဲ့တဲ့အတွက် WFP အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း "ဂုဏ်ယူရတဲ့ အခိုက်အတန့်"လို့ ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေး အစီအစဉ် WFP ဟာ နိုင်ငံပေါင်း ၈၈ နိုင်ငံမှာ နှစ်စဉ်လူ ၉၇ သန်းလောက်ကို ကူညီထောက်ပံ့ပေးနေပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဘယ်သူတွေ ရခဲ့ဖူးလဲ

၂၀၁၉ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကိုတော့ အီသီယိုပီးယား ဝန်ကြီးချုပ် အဘီ အာမက်က ရရှိခဲ့ပါတယ်။

အီရီထရီးယားနိုင်ငံနဲ့ အီသီယိုပီးယားနိုင်ငံကြား ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်ကြား နယ်စပ်ဒေသစစ်ကြီးဖြစ်ပြီးတဲ့နောက် နှစ် ၂၀ ကြာ စစ်ရေးအရ ရှေ့မတိုးနောက်မဆုတ်နိုင်ဖြစ်နေတဲ့ အခြေအနေကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိခဲ့တဲ့အတွက် သူ နိုဘယ်လ် ဆု ချီးမြင့်ခံခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဘားရက်ခ် အိုးဘားမားကလည်း နိုင်ငံတကာ သံတမန် ဆက်ဆံရေးနဲ့ ပြည်သူတွေကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေဖို့အတွက် သူရဲ့ ထူးခြားပြောင်မြောက်တဲ့ ကြိုးပမ်းအားထုတ်ချက်တွေကြောင့် ဒီဆုကို ၂၀၀၉ ခုနှစ်က ရရှိခဲ့ဖူးပါတယ်။

တခြား နိုဘယ်လ် ဆုရှင်ဟောင်းတွေထဲမှာ ၂၀၀၂ ခုနှစ်တုန်းက အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ၊ ကလေးသူငယ် ပညာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ မာလာလာ ယူစွတ်ဇိုင်က ၂၀၁၄ ခုနှစ်မှာ ပူးတွဲရရှိခဲ့ဖူးသလို၊ ၂၀၁၂ ခုနှစ်တုန်းကတော့ ဥရောပသမဂ္ဂ၊ ၂၀၀၁ ခုနှစ်မှာတော့ကုလသမဂ္ဂနဲ့ အဲဒီအချိန်တုန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ကိုဖီအာနန် တို့ကပူးတွဲရရှိခဲ့ပြီး မာသာ ထရီဇာကတော့ ၁၉၇၉ ခုနှစ်မှာ ရရှိခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ဖူးပါတယ်။

နိုဘယ်လ်ဆု နောက်ခံသမိုင်းကြောင်း

နိုဘယ်လ် ဆုဟာ ကမ္ဘာမှာ အရေးပါ အရာရောက်ဆုံး ဆုတွေထဲမှာ တဆုအပါအဝင်ပါ။

နိုဘယ်လ် ဆုကို ဆွီဒင်လူမျိုး တီထွင်သူ အာလ်ဖရက်ဒ် နိုဘယ်လ် ရဲ့ စိတ်ဆန္ဒနဲ့အညီ စတင်ခဲ့ပြီး ပထမဆုံးဆုတံဆိပ်ကိုတော့ ၁၉၀၁ ခုနှစ်မှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း "လူသားတွေအတွက် အကောင်းဆုံး အကျိုးပြုနိုင်ခဲ့တဲ့ " လူတွေကိုသူ့နယ်ပယ်အလိုက် နိုဘယ်လ်ဆု ပေးအပ်တာဖြစ်ပါတယ်။

နိုဘယ်လ်ဆု ချီးမြှင့်ပေးအပ်ခြင်း ခံရသူတွေဟာ ဆု သုံးဆု ရရှိပါတယ်။

  • ထူးခြားပြောင်မြောက်တဲ့ အနုပညာလက်ရာတွေနဲ့ ဖန်တီးထားတဲ့ နိုဘယ်လ် ဆုလက်မှတ်
  • နိုဘယ်လ် ဆုတံဆိပ်
  • ဆုကြေးငွေ၊ (ဒီဆုကို ပူးတွဲရရှိတယ်ဆိုရင်တော့ ဆုကြေးငွေ ခွဲယူရမှာ ဖြစ်ပါတယ်) ။ ဆုတံဆိပ်ရှင်တွေဟာ ဆုကြေးငွေ လက်ခံဖို့အတွက် ဟောပြောမှု တခုလုပ်ရပါတယ်။

နိုဘယ်လ်ဆု မပေးအပ်ခဲ့တဲ့ နှစ်တချို့ရှိပါတယ်။

အများစုကတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေတဲ့ အချိန်မှာပါ။

သတ်မှတ်ထားတဲ့ နယ်ပယ်မှာ ဆုတံဆိပ် ပေးအပ်ဖို့ ထိုက်တန်တဲ့သူ မရှိဘူးဆိုရင် ဒီဆုကို ပေးအပ်မှာ မဟုတ်သလို ဆုကြေးငွေကိုလည်း နောက်နှစ်အတွက် သိမ်းဆည်းထားမှာ ဖြစ်တယ်လို့ နိုဘယ်လ်ဖောင်ဒေးရှင်း စည်းမျဉ်းဥပဒေတွေထဲမှာ ပြဋ္ဌာန်းထားပါတယ်။