ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရခဲ့သင့်တယ်လို့ ထရမ့်ပြော
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့နှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးစဉ်မှာ သူ့ကို ကျော်ပြီး တခြားသူကို ပေးခဲ့တယ်လို့ ယူဆနေပုံရပါတယ်။
ဘာလို့ဒီလို ပြောတာလဲ
သူက နိုင်ငံတစ်နိုင်ငံကို စစ်ပွဲကြီးက ရှောင်လွှဲနိုင်အောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကိုတော့ အဲဒီနိုင်ငံက ခေါင်းဆောင် ရသွားတယ်လို့ ကြားတယ် ဆိုပြီး အိုဟိုင်းယိုးပြည်နယ် တိုလေဒိုမှာ သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။
သူအဲဒီလို ကြာသပတေးနေ့ ညနေပိုင်းမှာ ပြောခဲ့တဲ့ ဗီဒီယိုကို တွစ်တာပေါ်မှာ ဝေမျှနေကြပါတယ်။
သူဘယ်သူ့ကို ပြောနေတာလဲ
သူက သူ့ရသင့်တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရသွားသူက ဘယ်သူဆိုတာ နာမည်တပ် မပြောပေမဲ့ သေချာတာကတော့ သူပြောနေတာ အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီ အာမက်ကို ပြောနေတယ် ဆိုတာပါပဲ။
အသက် ၄၃ နှစ် အရွယ် မစ္စတာ အဘီဟာ အာဖရိက ခေါင်းဆောင်တွေထဲမှာ အသက်အငယ်ဆုံး ဖြစ်ပါတယ်။
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့လို့ သူ့ရှေ့က အီသီယိုးပီးယား ဝန်ကြီးချုပ် နုတ်ထွက်လိုက်ရပြီး လပိုင်းအကြာ ၂၀၁၈ ဧပြီမှာ သူက ဝန်ကြီးချုပ်ဖြစ်လာသူပါ။
နိုင်ငံထဲမှာ တင်းတင်းကြပ်ကြပ် အုပ်ချုပ်နေတာတွေကို သူရာထူးရလာပြီးနောက် ဖြေလျှော့ပြီး အကြီးအကျယ် ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပါတယ်။
အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေ ထောင်ချီပြီး ထောင်ကနေလွှတ်ပေးခဲ့တာ၊ ပြည်ဝင်ခွင့်မရတဲ့ နိုင်ငံသားတွေကို ပြန်လာခွင့်ပေးတာတွေ၊ မီဒီယာလွတ်လပ်ခွင့်ပေးတာ နဲ့ အမျိုးသမီးတွေကို အရေးပါတဲ့ ရာထူးနေရာ ခန့်ထားတာတွေ လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာမှာ မစ္စတာ အဘီ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပါတယ်။ အဲဒါဟာ ထရမ့် သမ္မတ ဖြစ်လာတဲ့ ၂၀၁၆ ကစရင် အဲဒီဆုကိုရတဲ့ တစ်ဦးတည်းသော နိုင်ငံခေါင်းဆောင်ဖြစ်ပါတယ်။
သူဟာ အီသီးယိုးပီးယားနဲ့ အီရီထရီးယားကြား ခါးသီးတဲ့ နယ်စပ် အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်အောင် ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့လို့ ချီးမြှင့်ဂုဏ်ပြုတာလို့ နိုဘယ်လ်ဆု ကော်မတီက ပြောပါတယ်။
ထရမ့်ရော ငြိမ်းချမ်းရေး အကျိုးဆောင်လုပ်ခဲ့သလား
အဲဒီနှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ထရမ့်ရဲ့ လွှမ်းမိုးမှုက နည်းနည်းပါးပါးပဲ ရှိပါတယ်။ ယူအေအီးက အဲဒီနှစ်နိုင်ငံကို အဓိက ကူညီခဲ့တာဖြစ်ပါတယ်။ နောက် ဆော်ဒီအာရေးဘီးယားကလည်း နှစ်နိုင်ငံ အငြင်းပွားမှုတွေ အဆုံးသတ်သွားအောင် အဓိက နေရာက ပါဝင် ကူညီခဲ့ပါတယ်။
အဲဒီနှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူနိုင်ခဲ့လို့ အီရီထရီးယားကို ပိတ်ဆို့ကန့်သတ်ထားတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လပိုင်းအကြာမှာ ပြန်ဖွင့်ပေးခဲပါတယ်။
ထရမ့်ဘာလို့ အခုအချိန်မှာ ပြောတာလဲ
သူဘာလို့ အခုချိန်မှာ ပြောတယ်ဆိုတာ သိပ်မရှင်းပါဘူး။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၁ ရက် ကတည်းက ချီးမြှင့်ထားတာပါ။ ဆုရတဲ့ မစ္စတာ အဘီကလည်း နော်ဝေမှာ ဒီဇင်ဘာ ၁၀ ရက်မှာ ဆုလက်ခံ မိန့်ခွန်းပြောပြီးပါပြီ။
စိတ်ဝင်စားစရာကောင်းတာက ဆုရသူကို ထရမ့်က တရားဝင် ဂုဏ်ပြုစကားပြောထားတာ မရှိပါဘူး။ သူ့ရဲ့ အကြီးတန်း အကြံပေးအဖြစ်တာဝန်ယူထားတဲ့ သမီးဖြစ်သူ အီဗန်ကာ ထရမ့်နဲ့နိုင်ငံခြားရေး ဝန်ကြီးတို့ကပဲ ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထရမ့်ကတော့ မြောက်ကိုရီးယားကို နျူလက်နက်စွန့်အောင် နားချနေတာတွေ အပါအဝင် တခြားလုပ်ဆောင်ချက်တွေကြောင့် သူက နိုဘယ်လ်ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်တယ်လို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။