ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရုပ်သိမ်းခံရဖို့ မရှိ
၁၉၉၁ ခုနှစ်က ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပြန်လည် ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေ ရှိပေမယ့် ဒီလို လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆုပေးကော်မတီ ဥက္ကဌ ဘေးရစ် ရိုက်စ် အွန်ဒါဆင်က ပြောဆိုလိုက်ပါတယ်။
နိုဘယ်ဆုပေးဖို့ ရန်ပုံငွေထားခဲ့တဲ့ အဲဖရက် နိုဘယ်ရဲ့ သေတမ်းစာမှာရော၊ နိုဘယ်ဆု ဖောင်ဒေးရှင်းရဲ့ စည်းကမ်းချက်တွေ အရပါ ဒီလို ရုပ်သိမ်းနိုင်ဖို့ အခြေအနေ မပေးဘူးလို့ နော်ဝေး နိုဘယ်ဆုပေးရေးကော်မတီက ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရတဲ့ ၁၉၉၁ ခုနှစ် မှာ ဆုပေး ကော်မတီဝင်ဖြစ်ခဲ့တဲ့ နော်ဝေး နိုင်ငံရေးသမား ဂူနာ စတောဆက်ကတော့ ဒီဆုပေးတာဟာ သူတော်စင်အဖြစ် ကြေညာတာ မဟုတ်ပဲ ဆုပေးဖို့သာလျှင် ကော်မတီရဲ့ တာဝန်ဖြစ်သလို ဘယ်တုန်းကမှ နိုဘယ်ဆု ရုပ်သိမ်းတာမျိုး မရှိခဲ့ဘူးလို့ မကြာသေးခင်က ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး မထိန်းသိမ်းနိုင်လို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ငြိမ်းချမ်းရေး နိုဘယ်ဆု ပြန်လည် ရုပ်သိမ်းပေးဖို့ နော်ဝေးနိုဘယ်ဆုပေးရေး ကော်မတီကို ပေးပို့မယ့် စာကို အင်ဒိုနီးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့က တက်ကြွလှုပ်ရှားသူ အဲမာဆင် ယွန်သိုက တခြား အင်ဒို တက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီး အွန်လိုင်းမှာ လက်မှတ် တောင်းခံမှု ပြုလုပ်ခဲ့ရာမှာ လက်မှတ် လေးသိန်းနီးပါး ရရှိနေခဲ့တာ ဖြစ်ပါတယ်။
၁၉၈၄ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ခရစ်ယာန် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကလည်း ရိုဟင်ဂျာတွေကို လူမျိုးကွယ်ပျောက်အောင် ကြိုးစားမှုတွေ လတ်တလော ပိုဆိုးလာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ တိုင်းပြည် ညီညွတ်ရေးအတွက် သတ္တိရှိရှိနဲ့ ထုတ်ဖော် ပြောဆိုဖို့အပါအဝင် မြန်မာနိုင်ငံသားတွေကို အမှန်တရားနဲ့ နီးစပ်တဲ့ လမ်းကို ပြဖို့အတွက် ဒီပဋိပက္ခမှာ ကြားဝင် ဖြေရှင်းပေးဖို့ စက်တင်ဘာလ ၇ ရက်နေ့ နေ့စွဲနဲ့ အိတ်ဖွင့် ပေးစာ တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၄ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆက်ဖ် ဇာအီ ကလည်း သိန်းနဲ့ချီပြီး ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်မနေဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီဒုက္ခသည်တွေကို ကြားဝင် ကူညီကြဖို့ တိုက်တွန်းထားပါတယ်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဒက်စမွန် တူးတူးနဲ့ မာလာလာတို့ အပါအဝင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ၁၁ ယောက်၊ တခြား သိပ္ပံနိုဘယ်ဆုရှင်တချို့နဲ့ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တွေ ပါဝင်တဲ့ စုစုပေါင်း ၂၃ ဦးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံက လူမျိုးကွယ်ပျောက်အောင် အလုပ်ခံနေရတဲ့ ရိုဟင်ဂျာတွေ အတွက် အရေးတကြီး ဦးစားပေးပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့ စာရေးသား တောင်းဆိုခဲ့ဖူးပြီး ဒီစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တောင်းဆိုမှုတွေ ရှိတဲ့ ကြားက ရိုဟင်ဂျာတွေ နိုင်ငံသား အခွင့်အရေး ရဖို့ ကိစ္စမှာ ရှေ့ဆောင်ပြ ဆောင်ရွက်မှု မရှိဘူးဆိုပြီး ဝေဖန်ထားခဲ့ဖူးပါတယ်။