ဒုက္ခသည် ၂သိန်း ၇ သောင်း ထွက်ပြေး-UN ဆို

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ARSA Arakan Rohingya Salvation Army အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးသူ ဒုက္ခသည် အရေအတွက် ၂ သိန်း ၇ သောင်း လောက် ရှိတယ်လို့ ကုလသဂ္ဂက ခန့်မှန်းပါတယ်။

ကုလသမဂ္ဂက ပြောတဲ့ ကိန်းဂဏန်းက စက်တင်ဘာ ၇ ရက်နေ့ကပဲ ကပဲ ၁ သိန်း ၄ သောင်းခွဲလို့ ဆိုပြီး နောက်တစ်နေ့မှာ ၂ သိန်း ၇ သောင်း ထိရှိတယ်လို့ ပြောလာတော့ တစ်ရက်တည်းနဲ့ ဘာကြောင့် ဒီလောက် ခုန်တက် သွားတာပါလဲလို့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ Vivian Tan ကို မရီရီအောင်က မေးကြည့်ပါတယ်။

Vivian Tan ---ပထမဆုံးအနေနဲ့ ရှင်းအောင် ပြောချင်တာက ဒါဟာ ကုလသမဂ္ဂ အေဂျင်စီတွေ ဆီက သတင်းပေးပို့ချက်တွေကို စုပေါင်းပြီး ယူအန်အိတ်ချ်စီအာကနေ စုပေါင်းတွက်ချက် ခန့်မှန်းထားတာဖြစ်ပါတယ်။ UNHCR တခုတည်းက ရရှိထားတဲ့အချက်အလက်မဟုတ်ပါဘူး။

အခုကိန်းဂဏန်းဟာ ဘာလို့မြင့်တက်သွားသလဲ ဆိုတာကတော့ အခုအသစ်ရတဲ့ ကိန်းဂဏန်းဟာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဒီနယ်မြေမှာရှိတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေရဲ့ အမြန်ပြုလုပ်ထားတဲ့ နောက်ဆုံး အကဲဖြတ် ခန့်မှန်းချက်တွေကို စုပေါင်းထားတာပါ။ ဒေသထဲက အကြီးအကဲတွေ၊ ဒုက္ခသည် အကြီးအကဲတွေနဲ့ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေ ကိုယ်တိုင်ရဲ့ သတင်းပေးပို့ချက်တွေ အပေါ်မှာ အခြေခံပြီး တွက်ချက်ထားတာပါ။

ဒါ့အပြင် အရင်ကတည်းကရောက်နေပြီး ကျမတို့မသိရသေးတဲ့ သီးခြားနေရာလေးတွေဆီက အရေအတွက်တွေ ကိုလည်း အခုမှသိလာရတဲ့ အတွက် ကိန်းဂဏန်းဟာ အခုလို ရုတ်တရက်မြင့်တက်လာတာဖြစ်ပါတယ်။

BBC ----ဒီတော့ ကုလသမဂ္ဂက ပြောတဲ့ ဒီ ဒုက္ခသည် အရေအတွက်က ဘယ်လောက်သေချာပါလဲ၊ ဘယ်လို အတည်ပြုနိုင်ပါလဲရှင့် ၊

Vivian Tan ---ဘယ်နေရာမှာ ဘယ်လောက်ရှိနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေကို စုပေါင်းပြီး အခုအစီရင်ခံစာကို အပြီးသတ်ပြုစုခဲ့တာပါ။ လူတယောက်ချင်းကိုတော့ လိုက်ပြီး မရေတွက်နိုင်ခဲ့ပါဘူး။ လူနာမည်တွေနဲ့ မှတ်ပုံတင်ထားတာမျိုးလည်း မလုပ်နိုင်သေးပါဘူး။ အဲဒီတော့ စာရင်းအတိအကျဆိုတာမျိုးကိုတော့ ဘင်္ဂလားဒေ့ရှ် အစိုးရရော ကျမတို့ရော ဘယ်သူမှ မပြောနိုင်သေးပါဘူး။

ဒါပေမယ့် ဒုက္ခသည် စခန်းတွေ၊ လယ်ကွင်းတွေ၊ လမ်းပေါ်တွေမှာ လူတွေပြည့်နေတာကို အားလုံးမြင်နေကြရပါတယ်။ နေ့တိုင်းလိုလို ထပ်ပြီး ရောက်လာကြတာကိုလည်း အားလုံး တွေ့နေကြရပါတယ်။

BBC---မြန်မာနိုင်ငံတွင်းက ပြည်သူတွေက ကုလသမဂ္ဂနဲ့ ပြည်ပ သတင်းမီဒီယာတွေဟာ ရိုဟင်ဂျာတွေ အရေးကိုပဲ ဦးစားပေး သတင်းတွေ ထုတ်ပြန်နေတယ်လို့ ပြောနေကြပါတယ်။ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ရခိုင်နဲ့ တခြားတိုင်းရင်းသား တွေလည်း ထွက်ပြေးကြရ ဒုက္ခရောက်ကြတာချင်း အတူတူ ဘာလို့ သူတို့ အကြောင်းကို ကုလသမဂ္ဂက မပြောတာပါလဲ၊

Vivian Tan ---ကျမတို့ အနေနဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပိုပြီး ထုတ်ပြန်ချင် ပါတယ်။ ရခိုင်မှာ ဖြစ်နေတဲ့ မတည်မငြိမ်မှုတွေကြောင့် အခုလောလောဆယ်မှာ ကျမတို့ရဲ့ အကူအညီပို့ပေးမှုတွေကို ရပ်ထားရပါတယ်။ ဒါကို အမြန်ဆုံး ပြန်စချင်ပါတယ်။

ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးရသူတွေနဲ့ ပတ်သက်လို့ ကျမတို့ အလွန် အမင်း စိုးရိမ်ပူပန်မိပါတယ်။

ရခိုင်နဲ့ မြိုပဲဖြစ်ဖြစ် ဟိန္ဒူ ဒါမှမဟုတ် ရိုဟင်ဂျာတွေ ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ကျမတို့ ကူညီဖို့ အသင့်ပါ။ ဒါပေမဲ့ အရင်ဆုံး အဲဒီလူတွေဆီ အကူအညီတွေ သွားပေးနိုင်ခွင့် ရှိဖို့လိုပါတယ်။ သူတို့ ဘယ်မှာရှိတယ်၊ လူဘယ်လောက်ရှိတယ်၊ ဘာအကူအညီတွေ လိုတယ်ဆိုတာသိမှ ကူညီနိုင်မှာပါ။ လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ခွင့် မရှိဘူးဆိုရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာအစိုးရဖက်က ခွင့်ပြုဖို့လိုပါတယ်။

BBC---အဲဒီတော့ သူတို့ဆီကို သွားနိုင်ဖို့ရော UNHCR ဘက်က ကြိုးစားပါသလား။

Vivian Tan ---အစိုးရဘက်က အခုခွင့်ပြုရင် ကျမတို့ အခုရောက်ပြီးသားဖြစ်မှာပါ။

BBC---ဒါဆို အစိုးရဘက်က ခွင့်ပြုချက်ပေးဖို့ကိုရော ခွင့်တောင်းထားပါသလား။

Vivian Tan

ဟုတ်ကဲ့။ အဲဒါကဆောင်ရွက်နေဆဲလုပ်ငန်းစဉ်ပါ။

BBC---ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုပြေးလာတဲ့ ဒုက္ခသည်တွေက အဲသလောက်များနေတယ်ဆိုတော့ သူတို့ အခြေအနေ ဘယ်လောက်ဆိုးပါလဲ။

Vivian Tan---ဒုက္ခသည် စခန်းနှစ်ခုဟာ အလွန်အမင်းကို လူတွေကြပ်ညပ်နေပါပြီ။ အခုနောက်ဆုံး ဖြစ်ရပ်မတိုင်ခင်က အဲဒီစခန်းတွေမှာ လူ ၃ သောင်းဝန်းကျင်ပဲ ရှိပါတယ်။ အခု ၇ သောင်းလောက်ရှိနေပါပြီ။ ၂ ဆမက များလာပါတယ်။ ရောက်ပြီးသား ဒုက္ခသည်တွေက အိမ်တံခါးဖွင့်ပြီး နောက်လာတဲ့ လူတွေကို လက်ခံထားကြရပါတယ်။ ဒါ့အပြင် လူအများအိပ်နိုင်အောင် အများအိပ်စရာ နေရာတွေ ကျမတို့လုပ်ပေးရပါတယ်။ လူတွေက နေ့တိုင်းထပ်ပြီးလာနေတော့ ယာယီတဲတွေလည်း ထပ်ထိုးပေးရပါတယ်။ ပလပ်စတစ်အမိုးနဲ့ လုပ်ပေးရတာတွေ ရှိပါတယ်။ သစ်ပင်အောက်မှာနေရတာတွေလည်း ရှိပါတယ်။

အစားအစာနဲ့ ရေရအောင်လည်း ကျမတို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အခုဆိုရင် ရေတော်တော်နည်းနေပါပြီ။ ဒါ့အပြင် အခြေအနေ သိပ်ဆိုးတဲ့သူတွေကို အသက်ကယ်နိုင်ဖို့လည်း ကျမတို့ ကြိုးစားနေရပါတယ်။