ဟောင်ကောင် အတိုက်အခံကိုယ်စားလှယ်လောင်း ၁၂ ဦးကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်

ဂျော့ရှုဝါ ဝေါင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒီလိုဆုံးဖြတ်တာဟာ ဟောင်ကောင်ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုလိုက်တာပဲလို့ ဂျော့ရှုဝါ ဝေါင်း က ပြောပါတယ်။

ဒီမိုကရေစီအရေးလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေကို လာမယ့်ရွေးကောက်ပွဲတွေကနေ ဟောင်ကောင်အာဏာပိုင်တွေက ထုတ်ပယ်လိုက်တာကြောင့် အဲဒီမှာ နိုင်ငံရေးအရ တင်းမာမှုတွေ ပိုပြီး အရှိန်မြင့်လာနေပါတယ်။

အကြီးအကျယ် အငြင်းပွားမှုတွေရှိနေတဲ့ အမျိုးသား လုံခြုံရေး ဥပဒေကို တရုတ်နိုင်ငံက ပြဋ္ဌာန်းခဲ့ပြီးတဲ့နောက် စက်တင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကြရင် ဟောင်ကောင် ဥပဒေပြုကောင်စီ အတွင်း အများစု အနိုင်ရဖို့ အတိုက်အခံ လွှတ်တော်အမတ်တွေက မျှော်လင့်ခဲ့ကြတာပါ။

ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်ခံခဲ့ရတဲ့ သူတွေထဲမှာ လူသိများတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဂျော့ရှုဝါ ဝေါင်း နဲ့ လက်စတာ ရှမ် တို့လည်း ပါဝင်ပါတယ်။

ဒီကိုယ်စားလှယ်လောင်းတွေဟာ လွှတ်တော်ထဲဝင်ဖို့ မသင့်တော်ဘူးလို့ အစိုးရက ပြောပါတယ်။

သူတို့တွေဟာ ဟောင်ကောင်လွတ်လပ်ရေးကို အားပေးထောက်ခံတာ၊ ဟောင်ကောင်ပြည်တွင်းရေးတွေကို နိုင်ငံခြားအစိုးရတွေ ဝင်ရောက်စွက်ဖက်ဖို့အတွက် အားပေးတာ၊ ဘေကျင်းမှာရှိတဲ့ ဗဟိုအစိုးရကပြဋ္ဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ကန့်ကွက်ကြောင်း ပြောဆိုတာ၊လိုလားတဲ့ နိုင်ငံရေး တောင်းဆိုမှုတွေကို ဟောင်ကောင်အစိုးရက လိုက်လျောအောင် ဟောင်ကောင်အစိုးရက တင်သွင်းတဲ့ ဥပဒေမူကြမ်းတွေ မှန်သမျှကို ဥပဒေပြုကောင်စီ အမတ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ကန့်ကွက်မယ်ဆိုတဲ့ စိတ်ထားကို ထုတ်ဖော်နေတာ စတာတွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖို့လိုတယ်ဆိုတဲ့ လွှတ်တော်အမတ်တွေ ဖြစ်မလာနိုင်ဘူး လို့ အစိုးရ က ပြောပါတယ်။

ရွေးကောက်ပွဲကနေ သူတို့ကို ထုတ်ပယ်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာတော့ ဒီဆုံးဖြတ်ချက်ဟာ Basic Law လို့ခေါ်တဲ့ ဟောင်ကောင်ရဲ့ ဖွဲ့စည်းပုံဥပဒေ (mini-constitution) နဲ့အညီ လုပ်ဆောင်တာ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။

"လူတချို့စွပ်စွဲပြီး ပြောနေတဲ့ နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ်တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားဆီးတာ ဒါမှမဟုတ် ရွေးကောက်ပွဲဝင်ခွင့်ကို တားဆီးတာတွေ လုံးဝမဟုတ်ပါဘူး" လို့ ရေးသားထားပြီး နောက်ထပ် ထပ်ထုတ်ပယ်တာမျိုး ရှိမှာမဟုတ်ဘူးလို့လည်း မဆိုနိုင်ကြောင်း ထည့်သွင်းရေးသားထားပါတယ်။

၂၀၁၄ ဆန္ဒပြပွဲတွေအတွင်း ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများလာခဲ့တဲ့ ဂျော့ရှုဝါ ဝေါင်းကတော့ "ဒီဆုံးဖြတ်ချက်ဟာ ဟောင်ကောင်ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို အလုံးစုံ လျစ်လျူရှုတာဖြစ်ပြီး ဟောင်ကောင်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နောက်ဆုံးကျန်ရှိနေတဲ့ မဏ္ဍိုင်ကို ဖြိုဖျက်လိုက်တာပဲ" လို့ ပြောပါတယ်။

ဗြိတိသျှ ကိုလိုနီဟောင်း ဟောင်ကောင်ကို တရုတ်နိုင်ငံလက်ထဲ အချုပ်အခြာအာဏာ လွဲပြောင်းမပေးခင် ဟောင်ကောင်ကို သီးခြားလွတ်လပ်ခွင့်တွေ ပေးပါမယ်လို့ သဘောတူခဲ့ကြတဲ့ အတွက် ဟောင်ကောင်မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ ပတ်သက်လို့ အကြီးအကျယ် အငြင်းပွားခဲ့ပါတယ်။

ဟောင်ကောင်ရဲ့အမျိုးသား လုံခြုံရေးဥပဒေသစ်ကို အနောက်အုပ်စု အစိုးရတွေက ရှုတ်ချခဲ့ကြပေမဲ့ ပြီးခဲ့တဲ့နှစ်ထဲ ဒီမိုကရေစီ ဆန္ဒပြပွဲတွေ လနဲ့ချီကြာအောင် ပေါ်ပေါက်ခဲ့ပြီး တစ်ခါတစ်ရံ အဓိကရုဏ်းတွေထိ ဖြစ်ခဲ့တဲ့ ဟောင်ကောင်မှာ တည်ငြိမ်မှုပြန်လည်ရရှိဖို့အတွက် ဒီဥပဒေ လိုတယ်လို့ တရုတ်ဘက်က ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေထဲမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဥပဒေပြုကောင်စီ လွှတ်တော်အမတ် ၄ ဦး၊ မစ္စတာရှမ် အပါအဝင် ခရိုင်ကောင်စီဝင် ၄ ဦးနဲ့ မစ္စတာ ဝေါင်းနောက်ထပ် တက်ကြွလှုပ်ရှားသူ ၃ ဦး ပါပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေ ပါဝင်တဲ့ ပါတီလည်းဖြစ်၊ ဒီမိုကရေစီအရေးလိုလားတဲ့ ပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီ (The Civic Party ) ကတော့ အခုလိုမျိုး ပိတ်ပင်ခံရတာတွေဟာ ဟောင်ကောင်ပြည်သူတွေရဲ့ မဲပေးခွင့်ကို ခေါင်းပုံဖြတ် တာလို့ ပြောတဲ့အကြောင်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

သတ်မှတ်စည်းကမ်းချက်နဲ့ မကိုက်ညီလို့ ထုတ်ပယ်ခံလိုက်ရတဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းတွေကတော့ အယ်ဗင် ယမ်း၊ ဒန်းနစ် ကွက်၊ ကွက် ကာကီနဲ့ ချန်တက်ဟန်တို့ပါ။

ကြိုပြီးမှန်းဆထားကြတဲ့ လုပ်ရပ်

၂၀၁၆ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲမှာလည်း လူငယ်ကိုယ်စားလှယ်လောင်း အများအပြား ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရဖူးပါတယ်။

ဒါကြောင့် ဒီမိုကရေစီလိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေ သတ်မှတ်စည်းကမ်းနဲ့မညီဘူးဆိုပြီး ရွေးကောက်ပွဲကနေ ထုတ်ပယ်တာခံရတာမျိုးကို ကြိုတွက်ထားကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကျော်လေးတုန်းက ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေက ကျင်းပခဲ့တဲ့ အကြိုရွေးကောက်ပွဲတွေမှာ လူပေါင်း ၆၀၀,၀၀၀ ကျော် မဲပေးခဲ့ကြပြီးတဲ့နောက် အခုလို တားဆီးတာတွေဖြစ်လာတာပါ။

ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ကိုယ်စားလှယ်လောင်း အများစုဟာ လူငယ်တွေ ဖြစ်ပြီးသူတို့လိုလားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတဲ့ နည်းဗျူဟာတွေကို ပိုပြီး အားသန်ကြပါတယ်။

ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာ ရှေ့နေအဖွဲ့တစ်ဖွဲ့ကနေ စတင်တည်ထောင်ထားတဲ့ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၄ ဦးလည်း အံအားသင့်စွာနဲ့ပဲ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ပြည်သူ့ပါတီဟာ ဒီမိုကရေစီ လှုပ်ရှားမှုမှာ အလယ်အလတ်လမ်းစဉ်ကိုင်စွဲထားတယ်လို့ ယူဆထားကြတာပါ။

ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ဖြစ်ပွားမှုကြောင့် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲကို အစိုးရက တစ်နှစ် ရွှေ့ဆိုင်းဖို့ ပြင်နေတယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်နေတာပါ။

ပြီးခဲ့တဲ့နှစ် ခရိုင်ကောင်စီရွေးကောက်ပွဲတွေမှာ ဘေဂျင်းကို ထောက်ခံတဲ့အဖွဲ့တွေ အကြီးအကျယ် ရှုံးခဲ့တာကြောင့် အစိုးရက ဒီရွေးကောက်ပွဲမှာ အဲဒီလိုပဲ ရှုံးပွဲတွေ့မှာစိုးတဲ့အတွက် ရွှေ့ဆိုင်းချင်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

တစ်ဖက်မှာလည်း ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ လွှတ်တော်တွင်း အများစု အနိုင်ရပြီးတဲ့နောက် နိုင်ငံရေးတောင်းဆိုချက်တွေရဖို့ အစိုးရကို ဖိအားပေးတာ၊ အဆိုပြုလွှာတိုင်းကို ကန့်ကွက်မဲနဲ့ ပယ်ချတာမျိုး လုပ်လာရင် သူတို့တွေဟာ လွှတ်တော်အမတ်တွေရဲ့ တာဝန်တွေကို ထမ်းဆောင်လို့မရနိုင်ဘူးလို့ အစိုးရက ပြောနေပါတယ်။

ဒါဆို မေးစရာရှိတာက အနာဂတ်မှာ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုဦးမှာလား ဆိုတာပါ။

ဟောင်ကောင်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ပြည်သူ့ပါတီ ပူးတွဲတည်ထောင်သူ မစ္စတာ ကွက်က ဘေကျင်းဟာ အတိုက်အခံတွေကို နှုတ်ဆိတ်အောင် ကြိုးစားနေတယ်ဆိုတာ ထင်ရှားတယ်လို့ ပြောပါတယ်။

"ဟောင်ကောင်အပေါ် ဆက်တိုက်နှိပ်ကွပ်နေတာတွေရဲ့ ရလဒ်တွေကို ကျွန်တော်တို့ ဒီကနေ့ မြင်နေရပါပြီ။ ဒါဟာ ဗြိတိန်နဲ့ ဟောင်ကောင်ကြား သဘောတူထားတဲ့ (Basic Law) သီခြားဥပဒေအောက်မှာ ဟောင်ကောင်ပြည်သူတွေအားလုံး တစ်ချိန်က ရရှိဖူးတဲ့ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုကို ယူသွားတာသာမက ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ရိုက်သွင်းလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့အောင်မြင်သွားအောင် ကျွန်တော်တို့ ငြိမ်မခံသင့်ဘူး" လို့ မစ္စတာ ကွက်က ပြောပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ်က ဟောင်ကောင်ရဲ့ နောက်ဆုံး ဘုရင်ခံ ခရစ် ပက်တန်က ဘေဂျင်းဟာ "တရားလွန်လှတဲ့ နိုင်ငံရေး ဖယ်ထုတ်တာ" ကို လုပ်တာလို့ ဆိုပါတယ်။

"အမျိုးသားလုံခြုံရေး ဥပဒေကို အသုံးချပြီး ဟောင်ကောင်သူ ဟောင်ကောင်သား အများစုရဲ့ မဲပေးခွင့်တွေကို ရုတ်သိမ်းလိုက်တာ" လို့ သူ့ရဲ့ သဘောထားကြေညာချက်ထဲမှာ ထည့်သွင်းပြောထားပါတယ်။

ဥပဒေပြုကောင်စီအစည်းအဝေးခန်းမ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဥပဒေပြုကောင်စီအစည်းအဝေးခန်းမ

ဟောင်ကောင်ဥပဒေပြုကောင်စီ (LegCo) ဆိုတာ ဘာလဲ

ဥပဒေပြုကောင်စီဆိုတာ ဟောင်ကောင်ရဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့နဲ့ ပြင်ဆင်ဆောင်ရွက်ဖို့မှာ အထောက်အကူပေးပါတယ်။

အဲဒီမှာ ကိုယ်စားလှယ် နေရာ ၇၀ ရှိပေမဲ့ ၃၅ နေရာကိုပဲ လူထုက တိုက်ရိုက် မဲပေးရွေးချယ်ခွင့် ရှိပါတယ်။

Functional constituencies လို့ခေါ်တဲ့ လက်တွေ့မဲဆန္ဒနယ် ၃၀ နေရာကိုတော့ အဓိက အားဖြင့် စီးပွားရေး၊ ဘဏ်နဲ့ ကုန်သွယ်ရေး စတဲ့ သီးခြား အစုအဖွဲ့တွေက မဲပေးရွေးချယ်တာ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ အဲဒီ ကဏ္ဍတွေမှာ ဘေဂျင်းကို ထောက်ခံသူတွေပဲ အများဆုံး ဖြစ်ပါတယ်။

နောက်ဆုံး ငါးနေရာကတော့ လူထုက ရွေးကောက်တင်မြောက်လိုက်တဲ့ ခရိုင်ကောင်စီဝင်တွေပဲ ဖြစ်ပါတယ်။

ကောင်စီအဖွဲ့ဝင် အစိတ်အပိုင်းတစ်ခုကိုသာ လူထုက ရွေးချယ်ပေးရတဲ့ ဒီစနစ်ဟာ ဒီမိုကရေစီနဲ့ မကိုက်ညီဘူးလို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဒီစနစ်ကို ထောက်ခံသူတွေကတော့ ဒါဟာ ဟောင်ကောင်ရဲ့ စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ပြီး သာမန်လူထုရဲ့ အကျိုးကို ရည်မျှော်တယ်ဆိုတဲ့ ဝါဒ (populism) ရှောင်ရှားရာရောက်တယ်လို့ ဆိုပါတယ်။